မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦးသေဆုံးတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီလောက်က အမြန်လမ်း မိုင်တိုင် ၂၂၉ အနီးမှာ လေအိပ်ပေါက်လို့ ရပ်နားပြုပြင်နေတဲ့ ကျေးဇူးရှင်ဘုရားဖူးယာဉ်ကို ကျောက်ပန်းတောင်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အရိဒ္ဒမာ ခရီးသည်တင်ယာဉ်က တိုက်မိခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို တိုက်မိမှုကြောင့် ခရီးသည် အမျိုးသား ခုနစ်ဦးနဲ့၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၁၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အယောက် ၄၀ လောက်ကိုတော့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသပေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဘုရားဖူးယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့လည်း ပါဝင်ပြီး အရိဒ္ဒမာယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဘုရားဖူးယာဉ်ဟာ လေအိတ်ပေါက်တဲ့အတွက် လမ်းပေါ်တဝက်၊ မြေသားပေါ် တဝက် ရပ်ကာ စုံမီး ဖွင့်ထားပြီး ကြိုတင် အမှတ်အသားအဖြစ် သစ်ကိုင်းတွေ ချထားတယ်လို့ ဆိုပါတယ်။ ခရီးသည်တွေက ယာဉ်ပေါ်မှာမနေပဲ လမ်းဘေး မြေသားလမ်းပေါ်တွင် နားနေကြတယ်လို့လည်း ဆိုပါတယ်။
လူအများအပြား သေဆုံးရတဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့တာကြောင့် အမြန်လမ်းကို သေမင်းတမန်လမ်းမကြီးလို့ ကင်ပွန်းတပ်ထားပါတယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အမြန်လမ်းပေါ်မှာ သေဆုံးသူ ၉၉ ဦးရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အလားတူကာလအတွင်းကတော့ သေဆုံးသူ ၁၃၄ ဦးရှိခဲ့တယ်လို့ဟု အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။