နေပြည်တော်၊ ဇွန် ၂၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၉၂ ရှိ ရဘိန်းကျေးရွာအနီး ပတ်ဝန်းကျင်တွင် လမ်းနယ်နမိတ်နှင့် ကျေးရွာများအကြား ခြံစည်းရိုးခတ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေမှုကို ဒေသခံအချို့က ကန့်ကွက်နေကြသည်။
ယနေ့နံနက် ၈ နာရီခန့်မှစတင်၍ ခြံစည်းရိုးခတ်ရန် နေရာတိုင်းတာခြင်း၊ အုတ်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာသော ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့အား ထိုသို့ ဆောင်ရွက်ခြင်းကို လက်မခံနိုင်ကြောင်း ကျေးရွာရပ်မိရပ်ဖများပါဝင်သည့် ပြည်သူအချို့က သွားရောက် တောင်းဆိုခြင်းဖြစ်သည်။
“ရဘိန်းတံတားနဲ့ သဲဖြူချောင်းတံတား နှစ်စင်းကို ပိတ်လိုက်သလို ဖြစ်သွားရင် ရွာ ၁၁ ရွာက လယ်ဝေးမြို့ ကို သွားလို့မရတော့တဲ့အတွက် ရွာ ၁၁ ရွာရဲ့ လူထုကို ထောင်ချထားသလိုတော့ မဖြစ်စေချင်ဘူး” ဟု ရဘိန်းကျေးရွာ၊ ရပ်မိရပ်ဖ ဦးသိန်းနိုင်က ပြောသည်။
ကျေးရွာနေ ပြည်သူအချို့က ခြံစည်းရိုးမခတ်မီ ကျေးရွာချင်း သွားလာနိုင်သည့်လမ်းနှင့် ချောင်းဖြတ်တံတားများကို ဦးစွာ တည်ဆောက်ပေးသင့်သည်ဟု ယုံကြည်နေကြသည်။ “ဒီလိုလုပ်မယ်ဆိုတာ ကျနော်တို့ကို လုံးဝ အသိမပေး ဘူး” ဟု ဦးသိန်းနိုင်က ပြောသည်။
အခြားလမ်းများ ဖောက်လုပ်ပေးခြင်းမရှိပဲ ပိတ်လိုက်ပါက ကျေးရွာနေ ကလေးငယ်များ ကျောင်းတက်ရန် အဆင်မပြေတော့ခြင်း၊ ကုန်ရောင်းကုန်ဝယ်နှင့် ကျန်းမာရေးကိစ္စများအတွက် သွားရေးလာရေး ခက်ခဲသွားမည်ဟု ကန့်ကွက်သူတို့က ပြောကြားကြသည်။
“ရွာသားတွေက သွားစရာလမ်းမရှိလို့ ဒီအမြန်လမ်းပေါ်ကနေ သွားနေတာ။ သူတို့မှာ သွားစရာလမ်းရှိရင် ဒီလမ်းပေါ်မတက်ဘူး” ဟု တောင်သူလယ်သမား အလုပ်သမားအရေး ကူညီဆောင်ရွက်ရေး ခေါင်းဆောင်၊ နေပြည်တော်တာဝန်ခံ ဦးကျော်ဆွေလတ်က ဆိုသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖြေကြားပေးမည့်သူ မရှိပေ။
နေပြည်တော်၌ ယခုလအစောပိုင်းက ပြုလုပ်ေသာ သတင်းစာရှင်းလင်းပွဲတွင်မူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ကျွဲ၊ နွား၊ လှည်းနှင့် ဆိုင်ကယ်များ ဝင်ရောက်ခြင်းမရှိေစရန် ခြံစည်းရိုးများ ကာရံခြင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများ သွားလာနိုင်ရန် လမ်းဖောက်လုပ်ပေးခြင်းများ စီစဉ်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြားခဲ့ဖူးသည်။
ယခုခြံစည်းရိုးခတ်ရန် ပြင်ဆင်နေသည့်နေရာ၏အနီးတွင် ရဘိန်း၊ အောင်သပြေ၊ အောင်စီနတ်ကန်၊ ကြိမ်မြှောင်၊ အောင်မင်္ဂလာ၊ အောင်သာ၊ ယက္ကန်းစင်၊ အောင်သာယာ၊ မင်းရေး၊ သာယာကုန်းနှင့် ဆပ်ပြာကျင်းကျေးရွာ ၁၁ ခုရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်ဟု ဒေသခံတို့က ပြောကြားသည်။
အဆိုပါ ခြံစည်းရိုးကာနေသည့် ကိစ္စအား ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့သွားမည်ဟု ရပ်မိရပ်ဖအချို့က ပြောကြားသည်။
သတင်း- ဉာဏ်လှိုင်လင်း