ယခုနှစ်တွင် ကျရောက်သည့် (၉၆) နှစ်မြောက် အမျိုးသားနေ့ကို အမျိုးသားအောင်ပွဲနေ့အနေဖြင့် ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့က ကြီးမှူးကာ ကျောင်းသား အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ကျင်းပသွားမည်ဖြစ်သည်။
“အစိုးအနေနဲ့ ဦးစီးဦးဆောင်ပြီး ပြုလုပ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီပွဲကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်မှုကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွန်းရေး၊ လွတ်လပ်မူကို လေးစား တန်ဖိုးထားတတ်ရေး၊ သမိုင်းတစ်လျှောက် ဒီမိုကရေစီ ကြိုးပမ်းမှုများမှာ ကျောင်းသားထုရဲ့ အခန်းကဏ္ဍထင်ဟပ်ရေးဆိုတဲ့ ရည်ရွယ်ချက်သုံးရပ်နဲ့ ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အမျိုးသား ညီညွတ်ရေးလိုအပ်နေချိန်မှာ အမျိုးသားရေးစိတ်ဓာတ်တွေကို ဖော်ထုတ်ပြီး အမျိုးသားညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ရောက်ရှိဖို့ ကျင်းပဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
အမျိုးသားအောင်ပွဲနေ့ကျရောက်သည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် တေးဂီတဖျော်ဖြေရေးပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းအပြင် ကျောင်းသားအဖွဲ့အစည်းများဖြစ်သော ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)နှင့် ကျောင်းသားဟောင်းများအဖွဲ့စသည့် ကျောင်းသား အဖွဲ့အစည်းများက ပူးပေါင်းပါဝင်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာမှသံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂများမှ ကိုယ်စားလှယ်များ၊ အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ တောင်သူလယ်သမား၊ အလုပ်သမားသမဂ္ဂများစသည့် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားသည်။
“ပြည်သူတင်မြောက်ထားတဲ့ အစိုးရလက်ထက်မှာ အစိုးရရဲ့ ဦးဆောင်မှုတစ်ခုတည်းမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်တဲ့သူတွေရဲ့ ဆန္ဒနဲ့ညီစွာကျင်းပတဲ့ သမိုင်းမှာ ပထမဦးဆုံး ရှားရှားပါးပါးပွဲ ဖြစ်ပါတယ်။ အစိုးရဆောင်ရွက်တဲ့ပွဲတွေက အစိုးရချည်းဦးဆောင်ပြီး လုပ်တယ်။ ပြီးမှအစိုးရက ငါ့နောက်လိုက်ခဲ့ကြဆိုတဲ့ ပုံစံမျိုးတွေနဲ့ပဲ သွားခဲ့ကြတာ။ အခုပွဲမှာတော့ ပြည်သူ့အစိုးရအနေနဲ့ မူဝါဒချမှတ်တဲ့နေရာမှာပါ ပူးပေါင်းပါဝင်ခွင့်ပေးခဲ့တယ်။ ဒါဟာကောင်းသော ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပြီး ကျွန်တော့်တစ်သက်မှာလည်း အမျိုးသားရေးအနှစ်သာရ တကယ်ပြည့်ဝတဲ့ပွဲတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကပြောကြားသည်။
အမျိုးသားနေ့အောင်ပွဲနေ့ အခမ်းအနားတွင် ကျောင်းသားသမဂ္ဂများက ပါဝင်ချီတက်ကြမည်ဖြစ်သည်။
“ကျွန်တော်တို့ နှစ်စဉ်အမျိုးသားနေ့ကျင်းပနေကျအတိုင်း ကျောင်းသားထုချီတက်ပြီး အမျိုးသားနေ့ကျောက်စာတိုင်ကို ဂါရဝပြုမယ်။ ပြီးရင်ပွဲလုပ်တဲ့နေရာကို အခမ်းအနားစမယ့် ညနေလေးနာရီ အရောက်ချတက်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ မြို့မကျောင်းသုံးကျောင်းက အခြေခံက ကျောင်းသားတွေပါ ပါလာမယ်” ဟု ဗကသဗဟိုကော်မတီအဖွဲ့ချုပ်ကော်မတီအဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ပြောသည်။
အဆိုပါအမျိုးသားနေ့အောင်ပွဲကျင်းပရေးအတွက် ကျပ်သိန်း ၅၀၀ ခန့် သုံးစွဲသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ ထည့်ဝင်ငွေအနည်းငယ်အပြင် ပြည်သူများ၏ အလှူငွေဖြင့် ကျင်းပမည်ဖြစ်သည်။
ပွဲကျင်းပရေးကိစ္စရပ်များကို အချိန်နှင့် တပြေးညီ သတင်းပြန်ကြားပေးရန်ရည်ရွယ်၍ ပွဲကျင်းပရေးကော်မတီက Myanmar National Day အမည်ရှိ Facebook စာမျက်နှာတစ်ခုကိုလည်း ဖွင့်လှစ်ထားသည်။
“အမျိုးသားနေ့အောင်ပွဲနေ့ အခမ်းအနားနဲ့ပတ်သတ်ပြီး လူထုနဲ့ချိတ်ဆက်ဖို့ လူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ သတင်းပေးတဲ့ကိစ္စတွေကို ဒီလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြန်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ပွဲကျင်းပနေစဉ်တစ်လျှောက်လုံးမှာလည်း ပွဲအခမ်းအနား ကျင်းပပုံတွေကို တိုက်ရိုက်လွင့်ပေးသွားမှာဖြစ်ပါတယ်” ဟု ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးနေဘုန်းလတ်က ပြောကြားသည်။
သတင်း-ဖြိုးသီရိသူ