အမျိုးသားရေးလှုပ်ရှားသူ ဦးဝီရသူအား အစိုးရက အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် မေ ၂၈ ရက်နေ့ညနေပိုင်းတွင် ၎င်းအား ဖမ်းဝရမ်းထုတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
ဦးဝီရသူအား “ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)ဖြင့် အနောက်ပိုင်းခရိုင်တရားရုံးသို့ တိုက်ရိုက်တင်ပြစွဲဆိုခဲ့ခြင်းဖြစ်သည်” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက အေအက်ဖ်ပီကို မေ ၂၈ ရက်နေ့တွင် ပြောကြားသည်။
ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) သည် အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် အားထုတ်လှုံ့ဆော်မှုဖြစ်သည်ဟု ဖွင့်ဆိုထားသည်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ (ခေါ်) ဦးဝိစိတ္တာဘိဝံသသည် အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် ထင်ရှားပြီး မူဆလင်များအပေါ် တိုက်ခိုက်ဟောပြောမှုများကြောင့် ထင်ရှားသူဖြစ်သည်။ ထို့ပြင် ၎င်းသည် လက်ရှိအစိုးရကိုလည်း တိုက်ခိုက်ဟောပြောမှုများ ပြုလုပ်လေ့ရှိသည်။
မကြားသေးမီက ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင် ၎င်းက အစိုးရနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အား ပြင်းပြင်းထန်ထန် ပုတ်ခတ် တိုက်ခိုက် ဟောပြောခဲ့သည်။ ထို့ပြင် ၎င်းသည် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ထောက်ခံသူဖြစ်သည်ဟုလည်း ဟောပြောပွဲများတွင် ပြောကြားလေ့ရှိသည်။
ဦးဝီရသူအား ယခုတရားစွဲဆိုမှုမှာ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။