ယခုနှစ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လျှပ်စစ်မီး ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်မှုများ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ မကြာသေးခင် သီတင်းပတ်များအတွင်းက လိုအပ်ချက်ထက် များစွာနည်းပါးနေသည့် ဓါတ်အားဖြန့်ဖြူးနိုင်မှုကို ကိုင်တွယ်ရန်အတွက် ဓာတ်အားဖြတ်တောက်မှုအစီအစဉ်များ ပြုလုပ်ရန် မြို့နယ်အဆင့် လျှပ်စစ်ဖြန့်ဖြူးရေးအရာရှိများအား ညွှန်ကြားထားသည်။
အကြောင်းပြချက်မှာ နိုင်ငံ၏ ရေအားလျှပ်စစ် ဓာတ်လုပ်သည့်ဆည်များတွင် ရေမရှိသောကြောင့်ဖြစ်ပြီး ပုံမှန်ထက် တစ်ဝက်ခန့်သာ ထုတ်လုပ်ပေးနိုင်တော့သောကြောင့်ဖြစ်သည်။ သို့သော်လည်း တကယ့်ပြဿနာမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအသစ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မပြုလုပ်နိုင်မှုကြောင့်ဖြစ်သည်။
သီတင်းပတ်အနည်းငယ်၊ သို့မဟုတ် အလွန်ဆုံးနှစ်လအတွင်း မုတ်သုန်မိုးရွာသွန်းမှုများက ဆည်များကို ရေဖြည့်ရန် စတင်နေရမည်ဖြစ်ပြီး အတန်အသင့် ပုံမှန်ဖြည့်ဆည်းမှု ပြန်လည်ရရှိလာမည်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ကြီးမားသည့် ဓာတ်အားဖြည့်ဆည်းပေးရေး ပြဿနာကို ယခုကဲ့သို့ အာရုံပြောင်းသွားမှုကို ခွင့်မပြုသင့်ပေ။ ယခုနှစ်ပြတ်တောက်မှုများက နောက်သုံးနှစ်မှ ငါးနှစ်အတွင်း ကျွန်ုပ်တို့ မျှော်လင့်နိုင်သည့်နှင့် နှိုင်းယှဉ်ပါက သိမ်မွေ့နေသေးဟန်ရှိနေလိမ့်မည်။
၂ဝ၁၆ ခုနှစ်၊ မတ်လတွင် NLD အာဏာရကတည်းက မြန်မာနိုင်ငံတွင် နောက်ထပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအသစ်များ ထည့်သွင်းမှုက မရှိသလောက်ဖြစ်သည်။ ချွင်းချက်အနေဖြင့် မြင်းခြံတွင် စင်္ကာပူကုမ္ပဏီ Sembcorp က တည်ဆောက်ပေးသည့် သဘာဝဓါတ်ငွေ့သုံးစက်ရုံ တည်ရှိသည်။ သို့သော်လည်း တည်ဆောက်ရေးအတွက် ညှိုနှိုင်းမှုအများစုကို ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံသစ်များဖွင့်လှစ်ခြင်း၊ သန်းပေါင်းများစွာသော အိမ်ထောင်စုများကို အမျိုးသားဓါတ်အားလိုင်း ချိတ်ဆက်ပေးခြင်းတို့နှင့်အတူ လျပ်စစ်ဓါတ်အားလိုအက်ချက်မှာ တစ်နှစ်လျှင် ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြင့်လျက်ရှိသည်။ ထိုနှုန်းအတိုင်းဆိုလျှင် မြန်မာအနေဖြင့် နှစ်နှစ်လျင်တစ်ကြိမ် မြင်းခြံစက်ရုံအရွယ်အစားရှိ စက်ရုံတစ်ခု တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း ပြည်တွင်းထုတ်သဘာဝဓါတ်ငွေ့က အလုပ်မဖြစ်သဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ရေအားလျှပ်စစ်စက်ရုံများနှင့် ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို မွမ်းမံပြင်ဆင်ကာ ဓါတ်အားပို့လွှတ် ဖြန့်ဖြူးရေးစနစ်များကို ကောင်းမွန်တိုးတက်အောင် ပြုလုပ်ခြင်းအားဖြင့် ရှိပြီးအခြေခံအဆောက်အအုံမှ မိုပိုတိုးတက် ရယူနိုင်သည့် အခွင့်အလမ်းလည်း ရှိနေသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင်ခြင်းက တစ်ခဏသာ အလုပ်ဖြစ်မည်ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ လျှပ်စစ်ဓါတ်အားများ နောက်ထပ် စတင်ထုတ်လုပ်ရန် လိုအပ်နေပြီဖြစ်သည်။
၂ဝ၁၆ ခုနှစ်ကတည်းက အစိုးရထံမှ အတည်ပြုချက်ရသော လျှပ်စစ်ဓါတ်အားစီမံကိန်းကြီးများမှာ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံလေးခု (အများစုမှာ ပြည်ပကတင်သွင်းသည့် သဘာဝဓါတ်ငွေ့ကို အသုံးပြုသည်) နှင့် အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်သည်။ ထုတ်ပြန်ပြီး မည်သည့် စီမံကိန်းစာရွက်စာတမ်းများကမှ ဥပဒေအရ ချုပ်နှောင်မထားသေးသော်လည်း စေ့စပ်ညိနှိုင်းမှုများကလည်း ရပ်တန့်နေဟန်ရှိသည်။ အရေးကြီးဆုံးမှာ စက်ရုံတည်ဆောက်မည့်သူ တစ်ဦးတစ်ယောက်မှ ဓါတ်အားဝယ်ယူရေး သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်သေးခြင်းဖြစ်သည်။
ယင်းအတွက် အကြောင်းပြချက်တို့မှာ စီမံကိန်းအကြောင်းအရာထက် စနစ်ကြောင့်ဖြစ်သည်။ လျှပ်စစ်ဓါတ်အားအတွက် အစိုးရက ကျပ်ငွေဖြင့် ပေးချေလိုသည်။ သို့သော်လည်း ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်းနှင့် ဆက်စပ်နေသည့် ကုန်ကျမှုအများအပြားမှာ ဒေါ်လာဖြင့်ဖြစ်သည်။ ဓါတ်အားထုတ်လုပ်မှုသည် အမြတ်အစွန်းနည်းပြီး ရေရှည်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည်။ တည်ဆောက်မည့်သူများအနေဖြင့် နိုင်ငံခြားငွေဖြင့် အရဲစွန့်ကာ လက်ခံဆောင်ရွက်နိုင်သည့် အခွင့်အလမ်းလည်း မရှိပေ။ တတိယလူ ပျက်ကွက်ပါက ၎င်း၏တာဝန်ကို အစိုးရက ဆောင်ရွက်ပေးမည်ဆိုသည့် ကတိကိုပေးရန် အစိုးရက ငြင်းဆိုနေသည်။ အခြေခံအားဖြင့် ဓါတ်အားပေးစက်ရုံ တည်ဆောက်မည့်သူများကို ကတိပြုထားသည့် ငွေ ပေးချေပေးမည်ဟု အစိုးရထံမှ အာမခံချက်များဖြစ်သည်။ နောက်ဆုံးအနေဖြင့် အစိုးရက လျှပ်စစ်ဓါတ်အားအတွက် အိတ်စိုက်ကာ ငွေကြေးအလွန်အကျွံထောက်ပံ့ထားရသဖြင့် ဖြစ်နိုင်သမျှအနည်းဆုံး ဈေးကိုသာပေးရန် ကြိုးပမ်းနေသည်။
ထိုအချက်များမှာ ဂရုစိုက်ရမည့် ခက်ခဲ့သော အကြောင်းရာများဖြစ်ပြီး မည်သူမျှ သဘောထားပြောင်းလဲလိုဟန်မရှိပေ။ သို့သော်လည်း အစိုးရအနေဖြင့် အဖြစ်မှန်၊ အချက်အလက်မှန်များကို ရင်ဆိုင်ရန် လိုအပ်သည်။ ယင်းမှာ တည်ဆောက်မည့်သူများက စီမံကိန်းများကို လိုအပ်သည်ထက် အစိုးရက ဓါတ်အားကို ပို၍လိုအပ်ပြီး ၎င်းတို့၏ လိုအပ်ချက်အချို့ကို ထည့်သွင်းစဉ်းစားရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။
လျှပ်စစ်ဓါတ်အားခများ တိုးမြင့်ခြင်းအပါအဝင် ရွေးချယ်စရာအချို့ရှိနေသည်။ လက်ရှိပုံစံတွင် အမျိုးသားဓါတ်အားလိုင်းနှင့် ချိတ်ဆက်ထားသော မြို့ကြီးမြို့ငယ်များရှိ အချမ်းသားဆုံးသူများအတွက် လျှပ်စစ်ဓာတ်အားပေးဝေရန် အစိုးရက ထိရောက်စွာ ထောက်ပံ့ပေးထားသည်။ သို့သော်လည်း အစိုးရအနေဖြင့် မြန်မြန်ဆန်ဆန်ဖြင့် ကောင်းမွန်သည့် နည်းလမ်းတစ်ခုရှိ တွေ့ရှိရေးက အရေးကြီးသည်။
အချိန်များစွာ အချည်းနီးဖြစ်ကုန်သည်။ ယခုစီမံကိန်းအားလုံးအတွက် မနက်ဖြန်တွင် ဓါတ်အားဝယ်ယူရေး သဘောတူညီချက်များ လက်မှတ်ထိုးခဲ့လျှင်ပင် လာမည့်နှစ်များ၌ ဓါတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုသည် များသောအားဖြင့် လည်ပတ်အသုံးပြုရန် အနည်းဆုံး ခြောက်နှစ်မှ ခုနှစ်နှစ်ကြာတတ်သည်။ အဆိုပြထားသည့် သဘာဝဓါတ်ငွေ့ရည်သုံးဓါတ်အားပေးစက်များက ပို၍မြန်ဆန်စွာ ချိတ်ဆက် အသုံးပြုလာနိုင်သည်။ သို့သော်လည်း နှစ်အနည်းငယ်ကြာနိုင်သေးသည်။
ပို၍မြန်ဆန်သည့် ရွေးချယ်စရာများရှိပါသည်။ ပြည်ပမှ ဓါတ်အားတင်သွင်းမှု၊ သို့မဟုတ် နေရောင်ခြည်မှ စွမ်းအင်ထုတ်ယူခြင်းတို့မှာ ပို၍မြန်ဆန်သည်။ များပြားလှသည့် လောင်စာဆီ၊ သို့မဟုတ် မီးစက်များကဲ့သို့ ယာယီမရှိသုံး နည်းလမ်းများကိုလည်း စဉ်းစားနိုင်သည်။ ၎င်းတို့မှာ ယေဘုယျအားဖြင့် အကုန်အကျများပြီး ပတ်ဝန်းကျင်ကိုလည်း များစွာ ညစ်ညမ်းစေသည်။ သို့သော်လည်း အနည်းဆုံးအားဖြင့် နွေကာလများအတွက် သင့်တော်သည့် ဓါတ်အားပေးမှုကိုမူ ဖြစ်စေနိုင်သည်။
သို့သော်လည်း အကုန်အကျများသည့် လျှပ်စစ်ဓါတ်အားက လျှပ်စစ်ဓါတ်အားလုံးဝမရှိခြင်းနှင့်စာလျှင် ပိုမိုနှစ်သက်ဖွယ် ဖြစ်သည်။ ဓါတ်အားပြတ်တောက်မှုများက စီမံခန့်ခွဲမှုဆိုင်ရာ မပိုင်နိုင်မှုကို ရည်ညွှန်းလျက်ရှိသည်။ ဒါက ရွေးကောက်ပွဲလုပ်မည့်နှစ်တွင် NLD က ပေးချင်နေသည့် သတင်းစကားများ ဖြစ်နေမလား။