အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အစဉ်အလာတွေကို စိန်ခေါ်နေတဲ့ ပန်းချီဆရာမတစ်ဦး

တက်သစ်စ အမျိုးသမီး ပန်းချီဆရာမတစ်ဦးဖြစ်သူ မခြူးဝေငြိမ်းက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကို ပန်းချီကားတွေကနေ တစ်ဆင့် စိန်ခေါ်နေပါတယ်

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဆိုင်ကယ်သမားက မိန်းကလေးငယ်ရဲ့ ရင်သားကို ရုတ်တရက် ဖျစ်ညစ်သွားပြီးနောက် မန်းမြို့တော်က ရှုပ်ထွေးလှတဲ့ ယာဉ်ကြောထဲမှာ အလျင်အမြန်ပဲ ပျောက်ကွယ်သွားပါတယ်။ မခြူးဝေငြိမ်းက သူ့ကို မြင်ယုံလေးပဲ မြင်လိုက်တာပါ။ ဒါကို ပြဿနာ လုပ်မနေတော့ဘဲ ဒီအတိုင်း မေ့ပစ်လိုက်ရတာက လွယ်ပါလိမ့်မယ်။ စော်ကားခံလိုက်ရသူက သူမကိုယ်တိုင်ဆိုရင်တော့ ဒီလိုပဲ မေ့ပစ်ချင် မေ့ပစ်လိုက်ပါလိမ့်မယ်။

ဒါပေမယ့် သူမဆိုင်ကယ် နောက်ခုံပေါ်က လိုက်လာတဲ့ သူမရဲ့ ဆယ်ကျော်သက်ရွယ် ညီမလေးကိုမှ ဆိုင်ကယ်သမားက ပစ်မှတ်ထား လုပ်သွားတာဖြစ်တဲ့အတွက် မခြူးဝေငြိမ်းက ညီမဖြစ်သူကို မြဲမြဲကိုင်ထားဖို့ပြောပြီး စော်ကားသွားတဲ့ ဆိုင်ကယ်သမားနောက်ကို ဆိုင်ကယ် အရှိန်မြှင့်ကာ လိုက်ခဲ့ပါတယ်။ မီးပွိုင့်ရောက်ချိန်မှာတော့ ရပ်ထားတဲ့ ဆိုင်ကယ်ကို နောက်ကနေ သူမတို့ ဆိုင်ကယ် အရှိန်နဲ့ ဝင်တိုက်ချလိုက်ပါတယ်။  သူမရဲ့ဆိုင်ကယ် ပျက်ဆီးသွားပေမယ့်လည်း ညီမဖြစ်သူကို စော်ကားသွားတဲ့ ဆိုင်ကယ်သမားလည်း အဖမ်းခံရပြီး နောက်ဆုံးမှာ ရုံးတင်အမှုဖွင့်ခံရပါတော့တယ်။

ဒါပေမယ့် မခြူးဝေငြိမ်းကတော့ ဒေါသမပြေနိုင်သေးပါဘူး။ အမျိုးသမီးတွေကို သူတို့ထင်သလို လုပ်လို့ရတယ်လို့ ယူဆနေကြတဲ့ ယောကျ်ားတွေကို ဒေါသဖြစ်နေမိပါတယ်။ ဒီလိုစော်ကားခံရတာကို မသိကျိုးနွံပြုပြီး ခံနေရမယ်လို့ မျှော်လင့်ယူဆနေကြတဲ့ အသိုက်အဝန်းကိုလည်း ဒေါသဖြစ်နေမိပါတယ်။

နောက်ဆုံးမှာတော့ အဲဒီ ဒေါသတွေက သူမပန်းချီကားတွေအတွက် စေ့ဆော်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ထိပါးစော်ကားလိုတဲ့ ယောင်္ကျားတွေကို တန်ပြန်ဖို့ သရုပ်ဖော်ပန်းချီတွေ ဖြစ်လာခဲ့ပါတယ်။

“ကျွန်မကိုယ်တိုင် ခံလိုက်ရတာဆိုရင်ဖြစ်ဖြစ်၊ တစ်ကြိမ်တစ်ခါတည်း တွေ့ကြုံရတာဆိုရင်ဖြစ်ဖြစ်၊ ဒါဆို ကျွန်မ မေ့ပစ်လိုက်ကောင်း မေ့ပစ်လိုက်မှာပါ၊ ခုတော့ ကျွန်မ သူငယ်ချင်းတွေလည်း ဒီလိုအဖြစ်မျိုးတွေ ခံကြရတယ်ဆိုတာကို သိလာရတယ်။ ဒါဆို ကျွန်မ ဘာလုပ်နိုင်မလဲ၊ ကျွန်မ ပန်းချီဆွဲနိုင်တယ်” လို့ မခြူးဝေငြိမ်းက Frontier ကို ပြောပါတယ်။

ကိုယ်လုံးတီးနဲ့ တစ်ဝက်တစ်ပျက်ပဲ ဝတ်စားထားတဲ့ ပုံတွေ၊ ရင်သားတွေ ပေါ်နေတဲ့ ပုံတွေ၊ ကြည့်သူကို စူးစူးရဲရဲ ပြန်စိုက်ကြည့်နေတဲ့ အမျိုးသမီးပုံတွေကို မခြူးဝေငြိမ်းက ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတွေရဲ့ ရှုထောင့်က ပြတ်သားတယ်၊ တောက်ပလွန်းပါတယ်။ အမျိုးသားဝတ် လုံချည်တွေနဲ့ ပြုလုပ်ထားတဲ့ ပိတ်ကားပေါ်မှာ သူမရဲ့ပုံတွေက ဖြန့်ကျနေပါတယ်။

“ပုံတွေက လိင်ဆွဲဆောင်မှု ရှိကောင်း ရှိနေပါမယ်၊ ဒါပေမယ့် ပုံတွေကို သေချာကြည့်ရင် မျက်လုံးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ မာကျောနေတယ်၊ သူတို့ကို ဘယ်သူမှ မထိရဲဘူး” လို့ မခြူးဝေငြိမ်းက ပြောပါတယ်။

သူမ လုပ်ဆောင်နေတာဟာ အမျိုးသမီးများတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်ရေးနဲ့ မိရိုးဖလာ မြန်မာအမျိုးသမီးဆိုတဲ့ အယူအဆကို စိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေ တောင်းဆိုနေတဲ့အတိုင်း အိန္ဒြေသိက္ခာနဲ့ ငြိမ်ငြိမ်သက်သက် နေရမယ်။ စူးစူးရဲရဲ အကြည့်ခံရမယ်။ အအော်အဟောက်ခံရမယ်။ အပွတ်သပ်ခံရမယ်။ စော်ကားမှုတွေကို ငြိမ်ခံနေရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို စိန်ခေါ်လိုမှုပင်ဖြစ်ပါတယ်။

ဒီလိုသတင်းစကားတွေကို ဝေမျှလိုတဲ့အတွက် မခြူးဝေငြိမ်းက ဆိုင်ကယ်နောက်တစ်စီးကိုလည်း ထပ်မံ အဆုံးရှုံးခံခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဆိုင်ကယ်ကို ရောင်းချလိုက်တာဖြစ်ပါတယ်။ ဆိုင်ကယ်ရောင်းလို့ရတဲ့ငွေနဲ့ သူမရန်ကုန်ကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက် သူ့အတွက် ပထမဆုံးပြပွဲဖြစ်တဲ့ Synonym of a Self ဆိုတဲ့ ပြပွဲကို ၂ဝ၁၇ ခုနှစ်က ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက သူမအတွက် နောက်ဆုံးပြပွဲဖြစ်မယ်ဆိုတာကိုလည်း သူမက သေချာနေခဲ့ပါတယ်။

ဒါတွေလုပ်ဆောင်ဖို့အတွက် သူမရဲ့ငွေတွေကို အဆုံးရှုံးခံဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုလည်း သူမကိုယ်သူမ မေးမြန်းခဲ့ပါတယ်။ အဖြေကတော့ သူမရဲ့ယုံကြည်ချက်အတိုင်း သူမရှေ့ဆက် လျှောက်လှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပထမဆုံးပြပွဲကို သူမရဲ့မိခင်ဖြစ်သူလည်း တက်ရောက်ခဲ့ပါတယ်။ ဒီလိုဖန်တီးမှုတွေကြောင့် လူ့အဖွဲ့အစည်းက သမီးဖြစ်သူကို ဝိုင်းကြဉ်ထားကြမှာကို မိခင်ဖြစ်သူက စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမယ့် တခြားလူတွေက သူမရဲ့ လက်ရာတွေကို သဘောကျ ချီးကျူးခဲ့ကြပြီးနောက် ရန်ကုန်ခေတ်ပြိုင်ပန်းချီလောကမှာ နေရာရလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်နဲ့ ပြင်သစ်နိုင်ငံ၊ ပါရီတို့အထိ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှတော့  ပြင်သစ်တောင်ပိုင်းမှာ Our Turn Now ဆိုတဲ့ ပြပွဲကြီးတစ်ခုကို ကျင်းပခဲ့ပါတယ်။ အခုဆို သူမရဲ့ ဆဋ္ဌမမြောက်ပြပွဲကို ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာ မကြာမီ ကျင်းပသွားဖို့အတွက် ပြင်ဆင်နေပါတယ်။

“ဒီပန်းချီကားတွေကြောင့် မြန်မာနိုင်ငံပြန်ရင် ဒုက္ခရောက်သွားမလားဆိုပြီး လူတချို့က မေးပါတယ်။ ဥရောပ မျက်စိနဲ့ ကြည့်ရင်တော့ ဒီပန်းချီကားတွေက ထိတ်လန့်အံ့သြစရာ မဟုတ်ပါဘူး။ တကယ့်ကို ပုံမှန်ပါ။ သူတို့က ကိုယ်လုံးတီး ပန်းချီတွေပြလာတာ ရာစုနှစ်နဲ့တောင်ချီနေပြီ” လို့ ခြူးကပြောပါတယ်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သူမရဲ့ ပန်းချီကားတွေဟာ မြန်မာ့ရိုးရာများကို ဘေးချိတ်တာ မဟုတ်သလို ပြည်ပပုံစံအချို့ဆီ ရွေ့သွားတာလည်း မဟုတ်ဘူးလို့ ခြူးက ပြောပါတယ်။ မြန်မာ့ရိုးရာအစဉ်အလာဆိုတဲ့ သဘောတရားကို ဖိနှိပ်ချုပ်မှုအတွက် ကြောင်းကျိုးပြချက်တစ်ခုအဖြစ်သာ အသုံးပြုနေတယ်လို့လည်း သူမက စောဒက တက်ခဲ့ပါတယ်။

“လူတွေက ပြောတယ်။ ရိုးရာအစဉ်အလာကို မဖျက်ပါနဲ့တဲ့။ ဟိုခေတ်တွေက အမျိုးသမီးတွေလိုပဲ ပြုမူသင့်တယ်လို့လည်း သူတို့က မိန်းကလေးတွေကို ပြောကြတယ်။ ဒါပေမယ့် ကျွန်မက ပြောတယ်။ ဒီဟာက ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာ ဖြစ်နေတာ မဟုတ်ဘူးလို့။ ကျွန်မ သတင်းစာတွေ ဖတ်တာကြာပါပြီ။ အဲဒီမှာ တူညီတဲ့ အကြောင်းအရာတွေကပဲ ဖော်ပြနေတယ်။ ဒီခေတ်က အမျိုးသမီးတွေဟာ ဟိုခေတ်က အမျိုးသမီးတွေလိုပဲ ဖြစ်သင့်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်မသိချင်တာက တကယ့်သမိုင်းဆိုတာတာ ဘာလဲပေါ့”လို့ မခြူးဝေငြိမ်းက ပြောပါတယ်။

အဲဒီနောက် သူမဟာ မြန်မာ့ယဉ်ကျေးမှု ရွှေခေတ်တစ်ခေတ် ကာလအတွင်းဖြစ်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်ခေတ်က ပန်းချီကားတွေဆီကို ပြန်သွားခဲ့ပါတယ်။

“ကျွန်မ လန့်သွားတယ်။ အဲဒီခေတ်က အမျိုးသမီးတွေက ဆေးလိပ်သောက်တယ်။ သူတို့ရဲ့ အပေါ်ဖုံး အကျီတွေက ပွင့်နေတယ်။ ရင်သားတွေ ခါရမ်းလို့ပေါ့။ တခါတလေ အပေါ်ပိုင်းက ဗလာကျင်းနေကြတယ်” လို့ သူမက ပြောပါတယ်။

ရှေးခေတ် မန္တလေးမြို့ရဲ့ယဉ်ကျေးဖွယ်ပုံစံနဲ့ ဂန္ထဝင်မြောက် အမျိုးသမီးများပုံများစွာကို မချူးဝေငြိမ်း ရေးဆွဲဖြစ်စေဖို့ ထိုကုန်းဘောင်ခေတ် ပန်းချီကားတွေက စေ့ဆော်မှုပေးခဲ့ပါတယ်။

ဒါ့အပြင် ဘီလူးပုံ၊ အစောင့်နတ်ပုံနှင့် အခြားရိုးရာ ဒဏ္ဍာရီလာအမျိုးသားပုံများကို အမျိုးသမီးပုံသဏ္ဍန်တွေနဲ့ အစားထိုးပြီး စတင် ရေးဆွဲခဲ့ပါတယ်။ ကျား၊ မရေးရာ၊ ကိုယ်ကျင့်တရား၊ အစဉ်အလာတို့နဲ့ ပတ်သက်ပြီး အမြဲတမ်း အမှန်လို့ ယူဆလာခဲ့ကြတဲ့ အရာတွေအပေါ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေက မေးခွန်းထုတ်ရာမှာ သူမဖန်တီးထားတဲ့ ပန်းချီကားတွေက အထောက်အကူ ပြုလိမ့်မယ်လို့လည်း မခြူးဝေငြိမ်းက မျှော်လင့်ထားပါတယ်။

“အခုတော့ ကျွန်မလည်း သူတို့ထဲက တစ်ယောက်နဲ့ တကယ့်ကို အတူတူပဲဆိုတာ တကယ် သိရှိပါတယ်။ ကျွန်မက အရင်တုံးက အရာတွေအပေါ် လက်ခံထားတဲ့ မိန်းကလေးတွေထဲက တစ်ယောက်၊ မှားယွင်းစွာ ပျော်ပျော်နေခဲ့တဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသားတစ်ချို့က သူတို့လုပ်နေတာတွေဟာ မကောင်းဘူးဆိုတာတောင် မသိကြပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာတော့ တကယ့်ကို သာမာန်ပေါ့လေ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောနေမိခဲ့တယ်။ ငါ နောက်ထပ် ငြိမ်နေမှာ မဟုတ်တော့ဘူးလို့။ သူတို့ ကျွန်မတို့အပေါ် ဘာတွေပြုမူနေလဲဆိုတာ ကျွန်မ သူတို့ကို ပြချင်ပါတယ်” လို့ သူမက ပြောပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar