အမ်း၊ ဧပြီ ၁
အမ်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၏ မဲများ စတင်ရေတွက်ချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်လောင်း ဦးသောင်းငြိမ်းက ကြိုတင်မဲဖြင့် ဦးဆောင်နေပြီး Frontier က ရွေးကောက်ပွဲကော်မရှင်ရုံးတွင် စောင့်ကြည့်လျက်ရှိသည်။
ပြည်ခိုင်ဖြိုးအမတ်လောင်းက ၁,၀၀၈ မဲရရှိပြီး၊ ရခိုင်ပါတီက ၂၈ မဲနှင့် ဒီချုပ်ပါတီက သုံးမဲဖြစ်ပြီး တသီးပုဂ္ဂလအမတ်က မဲမရရှိသေးပေ။ ထို့ပြင် ပယ်မဲ ငါးမဲရှိသည်ကို တွေ့ရသည်။
မြို့နယ်အနှံ့ရှိ မဲရုံ ၁၂ ရုံကို ညနေ ၄ နာရီက ပိတ်ခဲ့ပြီး အဆိုပါမဲရုံးများမှ ကြိုတင်မဲ ၁,၀၄၄ မဲ ဦးစွာရောက်ရှိလာခြင်းဖြစ်ကာ ၄ နာရီ ၄၅ မိနစ်တွင် စတင်ရေတွက်ခဲ့သည်။ တပ်မိသားစုများ နေထိုင်သည့် နေရာများတွင် မဲရုံ ၁၄ ရုံရှိပြီး လတ်တလောအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီသာ အသာရနေသည်။
အမ်းမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံ ၁၃၇ ရုံရှိပြီး အခြားမဲရုံများမှ မဲများ ရောက်ရှိလာဦးမည်ဖြစ်သည်။ ကြိုတင်မဲများရောက်ရှိလာသည့် မဲရုံများမှာ စစ်တပ်မိသားစုများရှိသည့် မဲရုံများမှဟု ယုံကြည်ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ မဲရုံ ၁၉ ရုံတွင် နိုင်နေပြီး ရခိုင်တိုင်းရင်းသားပါတီ၏ ပြောဆိုချက်များအရမူ ၎င်းတို့ပါတီက မဲပေါင်း တစ်သောင်းကျော် အသာစီးရနေသည်ဟု ဆိုသည်။ မဲရုံအရေအတွက် အတိအကျ မည်မျှနိုင်နေသည်ကိုမူ မသိရသေးဟု ဆိုသည်။
လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်ရုံးရှိ မဲရေတွက်ရာနေရာသို့ မဲရုံ ၃၅ ရုံခန့်မှ မဲရလာဒ်များ ရောက်ရှိနေပြီဖြစ်ပြီး သုံးပုံတပုံမှာ ဒီချုပ်ပါတီက နိုင်နေသည်။ ကျန်ထက်ဝက်ကို ရခိုင်အမျိုးသားပါတီက နိုင်ထားပြီး ကျန်သည့်အရေအတွက်ကို ပြည်ခိုင်ဖြိုးပါတီက ရထားသည်။
တပ်နယ်မြေထဲရှိ မဲရုံများမှ ခန့်မှန်းခြေ မဲ ၄,၅၀၀ ကျော်ရှိပြီး ကြိုတင်မဲနှင့် အဝေးရောက်မဲ ၃,၀၀၀ မှ ၂,၅၀၀ ခန့်နှင့် ပေါင်းလျှင် ပြည်ခိုင်ဖြိုးအမတ်အတွက် မဲအရေတွက် ၆,၅၀၀ ကျော်ရှိနိုင်သည်ဟု Frontier က ခန့်မှန်းထားသည်။
တသီးပုဂ္ဂလကိုယ်စားလှယ်မှာမူ အလွန်နည်းပါးသည့် မဲအရေအတွက်သာ ရရှိနေသည်ကို Frontier က ပဏာမ သိရှိထားသည်။
ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဒီချုပ်အမတ် ဦးဇော်ဝင်းမြင့်၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုဇော်လင်းအောင်တို့ ရောက်ရှိစောင့်ကြည့်နေသော်လည်း ရခိုင်အမျိုးသားပါတီအမတ် ဒေါက်တာအေးမောင်နှင့် ပြည်ခိုင်ဖြိုးပါတီအမတ် ဦးသောင်းငြိမ်းတို့ကို မတွေ့ရပေ။
သတင်း-မြတ်ကျော်သူ