ရန်ကုန်၊ ဧပြီ ၂၅
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်ခုတွင် “ရိုဟင်ဂျာ” ဟု သုံးနှုန်းထားမှုနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြရန် လျှောက်ထားချက်များကို ပယ်ချလိုက်ပြီး နေရာပြောင်းကျင်းပရန် အာဏာပိုင်များနှင့် ဆန္ဒပြရန် လျှောက်ထားသူများ ဆွေးနွေးနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းအနီးတွင် ဧပြီ ၁၉ ရက်က စက်လှေတစ်စင်း နစ်မြုပ်မှုနှင့် ပတ်သတ်ပြီး အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ကို မကျေမနပ်ဖြစ်နေသူများက ဧပြီ ၂၈ ရက်တွင် သံရုံးရှေ့ဆန္ဒပြရန် ကမာရွတ်ရဲစခန်းသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ကလေးငယ် ကိုးဦးအပါအဝင် အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့် ပတ်သတ်ပြီး အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ရာတွင် သေဆုံးသူများနှင့် လှေနစ်မြုပ်မှုကြောင့် ဘေးဒုက္ခ တွေ့သူများကို ”ရိုဟင်ဂျာ” ဟု ရည်ညွှန်းခဲ့ခြင်းကို ဆန္ဒပြရန် ကြိုးစားသူများက ကန့်ကွက်နေခြင်းဖြစ်သည်။
မြန်မာအစိုးရ၏ ထုတ်ပြန်ချက်များနှင့် မြန်မာနိုင်ငံသားအများစုက ဘင်္ဂလီဟုခေါ်ဝေါ်သူများကို “ရိုဟင်ဂျာ” ဟု အမေရိကန်သံရုံးဘက်က သုံးနှုန်းခဲ့မှုကို မကျေနပ်သူများက တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန်တက္ကသိုလ်ရှေ့မှ အမေရိကန်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်။
သံရုံးရှေ့ဆန္ဒပြပွဲများကိုလုံခြုံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးအရ ခွင့်ပြုပေးရန်မဖြစ်နိုင်သောကြောင့် နေရာပြောင်း ကျင်းပရန် လျှောက်ထားသူများကို ပြန်လည်အကြောင်းပြန်မည်ဖြစ်ကြောင်း ကမာရွတ်ရဲ စခန်းမှ ရဲအရာရှိက ပြောသည်။
“ခွင့်ပြုချက်ကရှိပြီးသား။ (ဆွေးနွေးရမှာက)နေရာပဲလေ။ သံရုံးရှေ့မှာ ပြလို့မရဘူး” ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်မှုး ရဲမှုး ဇော်ဝင်းကပြောသည်။
ဆန္ဒပြပွဲ နေရာနှင့် ပတ်သက်ပြီး အစိုးရထံမှ တစ်စုံတစ်ရာ တရားဝင် ပြန်လည်တု န့် ပြန်ခြင်းမရှိသေးကြောင်း သံရုံးရှေ့ဆန္ဒပြရာတွင်ပါဝင်မည့်ဆရာတော် ဦးသုစိတ္တက မိန့်ကြားသည်။
“ရိုဟင်ဂျာဆိုတာ အရင်ကလည်းမရှိဘူး။ အခုလဲမရှိဘူး။ မရှိတဲ့ဟာကို ထည့်ပြီးရေးနေတာတွေကို ကန့်ကွက်တာ”ဟုဆရာတော် ဦးသုစိတ္တကမိန့်ကြားသည်။
သတင်း- ထွန်းခိုင်