အေအက်ဖ်ပီ
ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အကြံပေးဘုတ်အဖွဲ့မှ နုတ်ထွက်သွားသည့် အမေရိကန်သံတမန်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်ကို “ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့သည်” ဟု မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲလိုက်သည်။
တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေဖြစ်ခဲ့သည့် Bill Richardson သည် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ဖွဲ့စည်းပေးခဲ့သည့် ဘုတ်အဖွဲ့တွင် ပါဝင်သည့် နိုင်ငံခြားသားငါးဦးအနက် တစ်ဦးဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်ခဲ့အပြီးတွင် Richardson က အကြံပေးဘုတ်အဖွဲ့သည် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်ပြီး ဖုံးဖိရန်သာဖြစ်မည်ကို စိုးရိမ်မိပြီး ၎င်းအနေဖြင့် အဖွဲ့တွင် ပါဝင်ရန် “လိပ်ပြာသန့်တော့မည်” မဟုတ်ဟု ပြောကြားသည်။
ရခိုင်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျင့်ဝတ်သိက္ခာအရ ဦးဆောင်မှုမရှိဟုလည်း ၎င်းက ပြောကြားပြီး ရခိုင်အရေးသတင်းလိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည့် ရိုက်တာသတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး ပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က “စိတ်ဆိုးမာန်ဆိုးဖြင့် တုန့်ပြန်ခဲ့သည်” ဟု ပြောကြားသည်။
နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအနေဖြင့် ၎င်း၏ နုတ်ထွက်လွှာတွင် စည်းကျော်နေသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုန့်ပြန်လိုက်သည်။
“သူက နိုင်ငံတော်အတိုင်ပင်ခံအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုကို သူကိုယ်တိုင် ပြန်လည် သုံးသပ်သင့်ပါတယ်” ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အေအက်ဖ်ပီကို ပြောကြားသည်။
“ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ နိုင်ငံတော် အတိုင်ပင်ခံကို အပြစ်တင်တာထက်စာရင် သူနားလည်ဖို့ လိုပါတယ်” ဟု ၎င်းကပြောကြားသည်။
ဖမ်းဆီးထားမှုနှင့် ပတ်သက်သည့်ကိစ္စမှာ Richardson ၏ လုပ်ပိုင်ခွင့်တွင် မပါဝင်ပဲ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစည်းအဝေးတွင် ထုတ်ဖော် မပြောကြားသင့်ဟု ဦးဇော်ဌေးက ပြောသည်။
အကြံပေးအဖွဲ့သို့ Richardson က ပုဂ္ဂလိက နိုင်ငံသားတစ်ဦးအနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ စိုးရိမ်ပူပန်မှုများကို နားလည်သဘောပေါက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။