ရန်ကုန်၊ မတ် ၂၀
အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရန်အတွက် အမေရိကန်ရေတပ်မှ အမြန်ပို့ဆောင်ရေးသင်္ဘော USNS Fall River မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်မည်ဟု ရန်ကုန်မြို့ ၊ အမေရိကန်သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့သို့ မတ် ၂၁ မှ ၂၅ ရက်နေ့အထိ လာရောက်မည့် အဆိုပါသင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည်ဖြစ်ကာ သင်္ဘော အဖွဲ့သားများသည် မြန်မာ့တပ်မတော်(ရေ)နှင့် ထိတွေ့ဆက်ဆံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် သင်္ဘောအဖွဲ့သားများသည် ရန်ကုန်မြို့တွင် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များကိုလည်း သွားရောက်မည်ဖြစ်ကာ အမေရိကန် အမှတ် (၇) ရေတပ်သင်္ဘော တီးဝိုင်းအဖွဲ့က အမေရိကန်သံရုံး၊ အမေရိကန်စင်တာတွင် ဖျော်ဖြေပွဲပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ဂီတပညာရှင်များနှင့် တွေ့ဆုံကာ ဂီတနှင့်ပတ်သက်သော ပူးပေါင်း နှီးနှောဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
“မြန်မာနိုင်ငံသားတွေရဲ့ ဧည့်သည်တော်တွေအဖြစ် ယူအက်စ်အန်အက်စ် ဖောလ်ရေးဗား သင်္ဘောကြီး ရန်ကုန်ကို ခုတ်မောင်းရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်”ဟု အမေရိကန်ရေတပ်၊ အမှတ် (၇၃) ရေယာဉ်စု၏တပ်မှူး၊ ဗိုလ်ချုပ် ဒွန်ဂေဘရီယယ်ဆန်က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။ “ဒီသမိုင်းဝင်ခရီးစဉ်ကို ကြိုဆို ဧည့်ခံပေးကြမယ့် မြန်မာအစိုးရ၊ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့တပ်မတော်(ရေ) ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတွေနဲ့ ထာဝရတည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှုတစ်ရပ် တည်ဆောက်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ သင်္ဘောကြီးသည် အင်ဒို-အာရှ-ပစိဖိတ် ဒေသတစ်လျှောက်ရှိ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ/ ဘေးအန္တရာယ် တုံ့ပြန်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုတစ်ခုဖြစ်သော ပစိဖိတ်မိတ်ဖက် နှစ်စဉ် အထူးတာဝန်အတွက် သီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့အကြားတွင် ခရီးတစ်ထောက်နားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒါဟာ ကျွန်တော်တို့ အထူးတာဝန်အဖွဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့သားတွေအတွက် အင်မတန် ထူးခြားတဲ့ အခွင့်အရေးတစ်ခုပါ။ မြန်မာ့တပ်မတော် (ရေ)နဲ့ ထိတွေ့ဆက်ဆံရဖို့၊ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုတွေအကြောင်း ပိုပြီးလေ့လာရဖို့အတွက် ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပစိဖိတ်မိတ်ဖက် အထူးတာဝန်အဖွဲ့၏ တပ်မှူး၊ ဗိုလ်မှူးကြီး စတန်ရှန်က ပြောကြားသည်။
ယခုသင်္ဘောသည် ဒုတိယကမ္ဘာစစ်ကာလနှောင်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံဆိပ်ကမ်းတစ်ခုသို့ ပထမဆုံးအကြိမ် တရားဝင် လာရောက်သည့် အမေရိကန် စစ်သင်္ဘောဖြစ်သည်။