အမေရိကန်ကျောင်းသူတစ်ဦး ပုဂံဘုရားပေါ်မှ ပြုတ်ကျသေဆုံး

ပုဂံမြို့၏ ဘုရားတစ်ဆူပေါ်မှာ ပြုတ်ကျခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ပုဂံ၏ နေဝင်ချိန်ရှုခင်းအား ပုဂံဘုရားအမှတ် (၃၅၂/၂၁၃) ဝတ္တနသောဘုရားပေါ်မှ တက်ရောက်ကြည့်ရှုနေစဉ် အမြင့်ပေ ၂၀ ခန့်မှ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မတော်တဆ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် ၎င်းအား ညောင်ဦးဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အမေရိကန်နိုင်ငံသူ မစ္စ Braun Kassanbra Aielle ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။ ၎င်းသည် ပုဂံသို့ နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီးနောက် သီရိပစ္စယာဟိုတယ်၌ တည်းခိုနေသူဖြစ်သည်ဟုလည်း ဆိုသည်။

အမေရိကန်နိုင်ငံ အော်စတင်တက္ကဆက်ရှိ St Edward’s တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သူ Braun သည် Semester at Sea အစီအစဉ်အရ ပြည်ပနိုင်ငံများတွင် လှည့်လည်ပညာသင်ယူနေသူလည်း ဖြစ်သည်ဟု Mail Online တွင် ရေးသားထားသည်။ အဆိုပါ ပညာသင်အစီအစဉ်သည် ရက်ပေါင်း ၁၀၀ အတွင်း ကမ္ဘာတစ်လွှား လှည့်လည်သွားရောက်ရခြင်း ဖြစ်သည်။ သို့သော် ယခုဖြစ်စဉ်ဖြစ်ပွားချိန်တွင် Braun မှာ ၎င်းကိုယ်တိုင်အစီအစဉ်ဖြင့် ခရီးသွားနေခြင်းဖြစ်သည်ဟု Semeser at Sea က သတင်းထုတ်ပြန်သည်။

Braun ၏ မိဘနှစ်ဦးက အဆိုပါသတင်းကြောင့် “ယူကြုံးမရဖြစ်မိသည်” ဟု ပြောကြားသည်။

ခရီးသွားအများစုမှာ ပုဂံ၏ ကမ္ဘာကျော်နေဝင်ချိန် ရှုခင်းကို ပုဂံဘုရားများပေါ်မှ တက်ရောက် ကြည့်ရှုကြလေ့ရှိသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တည်ထားခဲ့သည့် စေတီပုထိုးများအပေါ်သို့ လူအများအပြား တက်ရောက်ခြင်းကြောင့် ဘုရားများ ပျက်စီးမည်ကိုလည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ပုဂံဘုရားပုထိုးများအပေါ်သို့ လူများ အစုလိုက်အပြုံလိုက် တက်ရောက်ခြင်းက စေတီပုထိုးများကို ပျက်စီးစေသည့်အတွက် ရေရှည်တွင် ဆက်ပြီးခွင့်ပြုရန် သင့်မည်မဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပုဂံဒေသတွင် လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့်လည်း ပုဂံရှိ စေတီပုထိုး အများအပြား ပျက်စီးခဲ့ရာ ခရီးသွားများ မတက်ရောက်ရန် တားမြစ်ခဲ့ရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar