နော်ဘတ်တီဟန်
ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌ နော်အုံးလှနှင့် ကရင်လူငယ် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ကို ကျောက်တံတားမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ်မဖြင့် အောက်တိုဘာလ ၂ရက်တွင် ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့သည်။
သို့သော်ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့သဖြင့် ၎င်းတို့သုံးဦးစလုံး အမိန့်ချသည့်နေ့မှာပင်ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
“ ကရင်အာဇာနည်နေ့အခမ်းအနားကို တရားဝင်တင်ပြပြီး အန်တီတို့လုပ်ခဲ့ကြတယ်။ ဒီလို တရားစွဲတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့သာသက်ဆိုင်လိမ့်မယ်။ အန်တီတို့ကတော့ တရားရုံးဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူး။ အယူခံထပ်တက်မယ်။ တိုင်းရင်းသားတန်းတူအခွင့်အရေး ရအောင် ဆက်လုပ်သွားမယ်”ဟု နော်အုံးလှက ပြောသည်။
ကရင့်အာဇာနည်နေ့ မပြုလုပ်မီ သြဂုတ် ၉ ရက်နေ့က သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြရာ တွင် “အာဇာနည်”ဆို သည့် စကားလုံး အသုံးမပြုရန် တားမြစ်ပိတ်ပင်မှုများ ရှိခဲ့သည်။ ထို့နောက် သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်အမျိုးသားခေါင်ဆောင် စောဘဦးကြီးအား ဂုဏ်ပြုသည့် အနေဖြင့် “ကရင့် အာဇာနည်နေ့” အသုံးအနှုန်းဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပွဲကျင်းပခဲ့ပြီးနောက် နော်အုံးလှအပါ အဝင် သုံးဦးသည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ (ငြိမ်းစုစီ) ဥပဒေ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတား ရဲစခန်းတွင် အရေးယူခံရခြင်း ဖြစ်သည်။
လက်ရှိအစိုးရသည် တိုင်းရင်းသားတို့၏ လိုလားချက်များကို အသေအချာမသိပါက စစ်မှန်သည့် ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ရန် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း နော်အုံးလှက ဖြည့်စွက် ပြောသည်။
ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအသီးသီးမှ ကရင် လူမျိုး တစ်ထောင်ခန့်က စုပေါင်းချီတက်ကာ အပြီးသတ်အမိန့်ချမှတ်မည့် ကျောက်တံတားမြို့နယ်တရားရုံးအနီးတွင် ကရင်အမျိုးသားသီချင်းကိုသံပြိုင်သီဆိုကာ လာရောက်ဝန်းရံခဲ့ကြသည်။
“ဒီနေ့ ကရင်တွေ ဒီလိုစုရုံးရောက်ရှိလာတာက ပျော်နေလို့မဟုတ်ဘူး။ ဒီဆုံးဖြတ်ချက်က ကရင်လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ အများကြီးသက်ဆိုင်နေတယ်။ ကရင်အမျိုးသားတစ်ယောက်ကို အခုလိုအရေးယူတာက ကရင်တစ်မျိုးသားလုံးကို ဖိနှိပ်လိုက်တာနဲ့ အတူတူပဲ”ဟု ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကပြောသည်။
အဆိုပါ တရားရုံး၏ စီရင်ချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး ကရင်တိုင်းရင်းသားတို့နှင့် အစိုးရအကြား ယုံကြည်မှုလျှော့နည်းစေမည်ဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က သုံးသပ်ပြောဆိုသည်။
"ကျွန်တော်က မနိုင်ဘူးထင်တဲ့ တိုက်ပွဲကို ဝင်နေမှာမဟုတ်ဘူး။ ကျွန်တော်အနိုင်ရမှာသေချာပါတယ်"
နော်ဘတ်တီဟန် ရေးသားသည်။