ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေက သူတို့ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲမှုဟာ အောက်တိုဘာ ၉ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အစိုးရက ကမ်းလှမ်းခဲ့ရင်တော့ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားတယ်လို့လည်း ဆက်လက် ပြောကြားပါတယ်။
စစ်သွေးကြွတွေက ရဲစခန်းတွေ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကို အဲဒီဒေသမှာ ဆောင်ရွက်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဒုက္ခသည် သိန်းနဲ့ချီကာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
သူတို့ရဲ့ Twitter အကောင့်ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ Arakan Rohingya Salvation Army (ARSA) က သူတို့ရဲ့ တစ်ဖက်သတ်ကြေညာထားမှုဟာ အောက်တိုဘာ ၉ ရက်နေ့ ညသန်းခေါင်အချိန်မှာ ပြီးဆုံးမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုအရ ခေတ္တရပ်နားထားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းလာခဲ့ရင်တော့ ARSA အနေနဲ့ ကြိုဆိုသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ကြေညာချက်ထဲမှာ နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မံလုပ်ဆောင်သွားမယ်ဆိုတဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုတွေတော့ ပါဝင်ခြင်း မရှိပါဘူး။
ဒီလို ARSA က ငြိမ်းချမ်းရေးရယူလိုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိပေမယ့် တိုင်းပြည်အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းမှုပြုလုပ်မှာမဟုတ်ဘူးဆိုတာကိုတော့ အစောပိုင်းက ပြောကြားထားပါတယ်။
သြဂုတ် ၂၅ ရက်နေ့မှာ ARSA က ရဲစခန်းတွေကို တိုက်ခိုက်အပြီး မကြာခင်မှာပဲ ARSA နဲ့ ထောက်ခံသူတွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် အစိုးရက ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ARSA ရဲ့ တိုက်ရည်ခိုက်ရည်ကို အသေအချာမသိရှိရသေးပါဘူး။
သူတို့ရဲ့ ပထမဆုံးတိုက်ခိုက်မှုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ပြုလုပ်ခဲ့တဲ့ အဖွဲ့ဟာ မြန်မာစစ်တပ်နဲ့ နှိုင်းယှဉ်ရင် အင်အားအဆမတန် ကွာခြားလွန်းနေသလို များသောအားဖြင့် ရရာလက်နက်တွေနဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လေ့လာသူတွေအဆိုအရတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ထောက်ခံသူတွေ ရရှိစေဖို့အတွက် ခေါင်းဆောင်ပိုင်းက နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာတွေရဲ့နိုင်ငံရေးအရ အခွင့်အရေးတွေကို ကာကွယ်ဖို့ဆိုပြီး လူငယ်တွေကို စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံက ပြည့်ကြပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း မြန်မာနိုင်ငံကိုပြန်ပြီး တိုက်ခိုက်လိုတဲ့လူရာပေါင်းများစွာကို စုဆောင်းနိုင်ခဲ့တယ်လို့ ARSA ရဲ့ လူသစ်စုဆောင်းသူတွေက အေအက်ဖ်ပီကို ပြောပါတယ်။
ဒါပေမယ့် အခြားသော ဒုက္ခသည်တွေကတော့ တိုက်ခိုက်မှုတွေ ရပ်စေလိုတယ်လို့ အေအက်ဖ်ပီကို ပြောကြပါတယ်။
သတင်း-အေအက်ဖ်ပီ