စည်သူအောင်မြင့် ရေးသားသည်။
အခုဆိုရင် ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် စစ်ပွဲတွေ ဖြစ်ပွားခဲ့တာ ၅ နှစ် ရှိခဲ့ပါပြီ။ ဒီအတွက် ကချင်ငြိမ်းချမ်းရေး ကွန်ရက်အပါအဝင် လူမှုအဖွဲ့အစည်းတွေ ပေါင်းပြီး အထိမ်းအမှတ်ပွဲတွေ လုပ်ကြပါတယ်။ အဓိကအားဖြင့်တော့ ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ သောင်းနဲ့ချီတဲ့ တိုင်းရင်းသား ပြည်သူတွေ အတိဒုက္ခ ရောက်နေရတဲ့ ဘဝ ကို မီးမောင်း ထိုးပြကြဖို့ပါ။ နောက် အစိုးရနဲ့ သက်ဆိုင်သူတွေကို ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးနိုင်ဖို့ကိုလည်း တောင်းဆိုကြပါဦးမယ်။
ဒီကနေ့ အချိန်ထိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဘာကြောင့် မရပ်စဲနိုင်သေးတာလဲ၊ ဒုက္ခသည်တွေ ဘာကြောင့် နေရပ် မပြန်နိုင်ကြသေးတာလဲ၊ ဒီပြဿ နာအတွက် ဘယ်သူတွေမှာ တာဝန်ရှိပြီး ဘာတွေ လုပ်ကိုင်သင့်သလဲ ဆိုတာ ဝေဖန်ဆွေးနွေးကြည့်ကြရအောင်ပါ။
ပြီးခဲ့တဲ့ ၅ နှစ်တာ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းကို ပြန်ကြည့်ရင် ၂၀၁၁ ခုနှစ်မှာ ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ ၁၇ နှစ်ကြာလောက် အပစ်ရပ်ထားခဲ့ရာကနေ ပြန်ပြီး တိုက်ကြခိုက်ကြတာပါ။ ၂၀၁၂ ထဲရောက်တော့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော် ပူးပေါင်းပြီး တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ စပြီး လုပ်ပါတယ်။
သူတို့ လုပ်တဲ့နည်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီနဲ့ ဆက်သွယ်ဆွေးနွေးပါတယ်။ အဲဒီ တစ်ဖွဲ့ချင်းစီနဲ့ အောက်ခြေအဆင့်မှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်အောင် ကြိုးစားပါတယ်။ နောက်တစ်ဆင့်တက်ပြီး ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုတာပါ။ ဒါက ကနဦးကာလ မှာ တစ်ဖွဲ့ပြီး တစ်ဖွဲ့ဆွေးနွေး၊ တစ်ဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်တာပါ။
ဒီလိုနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင် တိုက်ပွဲဝင်လာတဲ့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အလားတူ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများနဲ့လည်း တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ထူးခြားတာကတော့ ကေအိုင်အေအဖွဲ့နဲ့ အစိုးရ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းတာ ရှိခဲ့ပေမဲ့ ဒီကနေ့ အချိန်ထိ တစ်ဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ အကြောင်းကတော့ ကေအိုင်အေဘက်ကနေ ခံယူတာက တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် တိုက်ခိုက်နေကြတာဟာ နိုင်ငံရေးပြဿ နာကြောင့် ဖြစ်တယ်၊ နိုင်ငံရေးပြဿ နာတွေသာ ပြေလည်သွားရင် ပစ်ခတ်တိုက်ခိုက်မှုဆိုတာ သူ့အလိုလို ရပ်စဲသွားလိမ့်မယ်၊ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ မလိုဘူး၊ နိုင်ငံရေးပဲ ဆွေးနွေးဖို့ လိုတယ် ဆိုပြီး အကြောင်းပြခဲ့လို့ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာလည်း ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်ကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရဟာ အဖွဲ့အားလုံး စုပေါင်းထားတဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့၊ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီး တစ်ခု ရအောင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ လက်နက်ကိုင်အဖွဲ့အားလုံးက သဘောတူတဲ့ NCA အပစ်ရပ် စာချုပ်ကြီးတစ်ခု ရခဲ့ပေမဲ့ အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတဲ့အတွက် တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုတာလည်း အကောင်အထည် ပေါ်မလာခဲ့ပါဘူး။
ဒီအတွက် ကေအိုင်အေဟာ NCA မှာ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့မဟုတ်သလို အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်ရပ် လက်မှတ်ထိုးထားခြင်းလည်း မရှိခဲ့လေတော့ ကချင်ပြည်နယ်မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဖြစ်ပွားနေရတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒုက္ခသည် ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ကိစ္စ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စ၊ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဝဝကို ကူညီ လုပ်ကိုင်ပေးဖို့ အချိန်တန်နေပြီ ဖြစ်ပါကြောင်း
ကေအိုင်အေအဖွဲ့ကို ၁၉၆၁ ခုနှစ်က စ တည်ထောင်ခဲ့ပါတယ်။ ၃၃ နှစ်ကြာ အစိုးရကို လက်နက်စွဲကိုင် တိုက်ခိုက်ရင်း ၁၉၉၄ ခုနှစ်မှာ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့် တို့ဦးဆောင်တဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ပါတယ်။
ထူးခြားတာ တစ်ခုကတော့ အဲဒီအချိန်က အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ အပစ်ရပ်တာ သက်သက်ပဲဖြစ်ပြီး တခြား ဘာနိုင်ငံရေးဆွေးနွေးပွဲမှ မရှိပါဘူး။ စစ်အစိုးရဟာ ကေအိုင်အေကို မြို့ပေါ်တက် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အထူးအခွင့်အရေး ပေးတာကလွဲရင် မြို့ပေါ်မှာ တခြား ဘယ်နိုင်ငံရေး အင်အားစုတွေနဲ့မှ အဆက်အစပ် လုပ်ခွင့်မပေးသလို ကိုယ့်တိုင်းရင်းသား ပြည်သူတွေကိုလည်း ကိုယ် စည်းရုံးခွင့် မပေးပါဘူး။ တခြား လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ စုဖွဲ့ ဆွေးနွေးတာမျိုးကိုလည်း လုံးဝ ခွင့်ပြုထားခြင်း မရှိပါဘူး။
နောက် အဲဒီအချိန်က စစ်အစိုးရ ဆိုတာကလည်း အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတာဖြစ်ပြီး ကေအိုင်အေနဲ့ အပစ်ရပ်ထားစဉ် ကာလမှာကိုပဲ မြို့ပေါ်မှာ ကျောင်းသား၊ ပြည်သူ၊ ရဟန်းသံဃာကိုပါမချန် ဖိနှိပ်နေတဲ့ ဆိုးရွားတဲ့ အစိုးရ ဖြစ်နေတာပါ။
ဒီအတွက် ကေအိုင်အေနဲ့ စစ်အာဏာရှင်တွေ ၁၇ နှစ်ကြာ အပစ်ရပ်ကာလ ဆိုတာဟာ စီးပွားရေး လုပ်ခွင့်ရလို့ ချမ်းသာကြွယ်ဝ၊ မြစ်ကြီးနားလို မြို့ပေါ်တက်နေခွင့်ရတဲ့ ကေအိုင်အေ ခေါင်းဆောင်တချို့ကလွဲရင် တခြား ကချင်တိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူ ဘယ်သူ့ကိုမှ အကျိုးဖြစ်စေတဲ့ အပစ်အခတ် ရပ်စဲရေး မဟုတ်ခဲ့ပါဘူး။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ စစ်အာဏာရှင်တွေဆီက အမွေဆက်ခံတဲ့ အစိုးရဆိုပေမဲ့ အရင် စစ်အာဏာရှင်တွေနဲ့တော့ ခြားနားပါတယ်။ ခုဆိုရင်ပဲ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို အာဏာလွဲှပေးခဲ့တာမို့ အသွင်ကူးပြောင်းရေး အစိုးရလို့ ခေါ်နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ ကမ်းလှမ်းခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာဟာ အပစ်ရပ်ပြီးရင် အပစ်ရပ် ခိုင်မြဲရေး လုပ်ငန်းတွေ လုပ်ဖို့၊ ကေအိုင်အေခေါင်းဆောင်တွေ အနေနဲ့ မြို့ပေါ်တက်ပြီး ကိုယ့်တိုင်းရင်းသားတွေကို ကိုယ် စည်းရုံးခွင့်၊ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးခွင့် အားလုံး ပါဝင်ပါတယ်။
ဒီလို အခွင့်အရေးမျိုးတွေကို ကေအင်န်ယူ၊ RCSS/SSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့တချို့ ရနေခဲ့ကြပြီး ဖြစ်ပါတယ်။ ပြောရရင် ကေအိုင်အေဟာ အရင် ဆိုးရွားလှတဲ့ စစ်အာဏာရှင်တွေနဲ့ နိုင်ငံရေး အခွင့်အရေး လုံးဝ မပါတဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမဲ့ အသွင်ကူးပြောင်းရေး အစိုးရနဲ့ နိုင်ငံရေး အခွင့်အရေး အများကြီးပါတဲ့ အပစ်ရပ်စာချုပ် ချုပ်ဖို့ ဘာကြောင့် လက်မခံနိုင်ရသလဲ ဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။
ပြောရရင် မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နိုင်ငံရေးအရ ပြေလည်မှု ရဖို့ ဆိုတာ အချိန်ယူရပါဦးမယ်။ ဒီလို ကြာရှည်လှတဲ့ အချိန်ကာလအတွင်း ကချင်ပြည်နယ်က ပြည်သူတွေကို စစ်ပွဲထဲမှာ ထားဖို့ မသင့်တော်ပါဘူး။ ကေအိုင်အေအနေနဲ့ လက်ရှိ အစိုးရနဲ့ နှစ်ဖက် အပစ်ရပ်ရေး စာချုပ်ချုပ်၊ တတိုင်းပြည်လုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုတွေထဲ ပါဝင်ရင်း တစ်ပြိုင်နက်တည်း ဒုက္ခသည် ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ကိစ္စ၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စ၊ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဝဝကို ကူညီ လုပ်ကိုင်ပေးဖို့ အချိန်တန်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။