အန္တရာယ်ပြည့်လှိုင် ပြည်ရခိုင်

အရှိန်မြင့်တက်နေသော ပစ်ခတ်တိုက်ခိုက်မှုများ၊ ခါးသီးသော လူမျိုးရေးတင်းမာမှုများ၊ လက်သည်မပေါ်သော လျှို့ဝှက်သတ်ဖြတ်မှုများဖြင့် ပျက်စီးခြင်းဘေးဆိုက်နေသော ရခိုင်ပြည်နယ်၏ အခြေအနေမှာ လောလောလတ်လတ် တိုးတက်ကောင်းမွန်ဖွယ်ရာအကြောင်း မမြင်ရသေးချေ။

မြတ်ကျော်သူ ရေးသားသည်။

မတ် ၂၁ ရက်နေ့က နေပြည်တော်တွင တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံပွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ) နှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်နေမှုများက အရေးကြီး ဖြေရှင်းရမည့် ပြဿနာကြီးဖြစ်ခဲ့သည်။

ထိုတွေ့ဆုံပွဲသည် အစိုးရက ဖွဲ့စည်းထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် NCA လက်မှတ်မထိုးသေးသော လက်နက်ကိုင် ၈ ဖွဲ့အကြား ပထမဆုံးသော တွေ့ဆုံမှုပင်ဖြစ်သည်။ လက်မှတ်မထိုးသေးသော အဖွဲ့များထဲတွင် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP) တို့လည်း ပါဝင်သည်။

အေအေလက်နက်ကိုင်အဖွဲ့၏ နိုင်ငံရေးပါတီဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ် United League of Arakan (ULA) ကို ကိုယ်စားပြု၍ အစည်းဝေး တက်ရောက်လာသော ဗိုလ်မှူးကြီးကျော်ဟန်က သတင်းထောက်များအားပြောကြားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်တစ်ခုမှာ ရခိုင်ပြည်နယ်တွင် စစ်အခြေစိုက်စခန်းတစ်ခု ထူထောင်ထားရှိနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှု အတော်အတန်ရရှိထားသည်ဟုလည်း ပြောသည်။

ရခိုင်စစ်တပ်ကသာလျှင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို တာဝန်ယူနိုင်မည်ဟု အေအေက ယုံကြည်သည်ဟုလည်း ဆိုသည်။ ၎င်း၏ ဤသို့ပြောဆိုမှုကို NRPC ဒု-ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်က ကန့်ကွက်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသော လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်နယ်တွင် အမြဲတမ်းနေရာ မရရှိနိုင်အောင် အစိုးရက အရေးယူဆောင်ရွက်နေသည်ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားခဲ့သည်ဟု အစည်းဝေး တက်ရောက်ခဲ့သူအချို့က ပြောကြားကြသည်။

ရခိုင်ပြည်နယ်တွင် အေအေအဖွဲ့ လှုပ်ရှားမလာမီက ပြည်နယ်သည် ပစ်ခတ်တိုက်ခိုက်မှုမရှိသော အဖြူရောင်နယ်မြေသာ ဖြစ်ခဲ့သည်ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။ အညိုရောင်၊ အမဲရောင် ဟု သတ်မှတ်ထားသောနယ်မြေများသည် ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဒေါက်တာတင်မျိုးဝင်းက “အဖြူရောင်နယ်မြေ” ဟူသော အသုံးအနှုန်းကို ထပ်တလဲလဲပြောဆိုခဲ့ကြောင်း၊ အေအေကြောင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရသည်ဟူသော အစိုးရ၏ အမြင်ကို အလေးအနက်ထား ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

အစိုးရအား လက်နက်ကိုင်တိုက်နေမည့်အစား နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်ရန် ဒေါက်တာတင်မျိုးဝင်းက အေအေကို တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ အေအေ လှုပ်ရှားမှုပေါ်ပေါက်လာပြီး တပ်မတော်နှင့် တိုက်ခိုက်မှုအရှိန် မြင့်တက်လာသောကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းခေါင်းကြီးပိုင်းများတွင် ဆက်လက်ပါရှိနေဆဲဖြစ်သည်။ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လတွင် ရိုဟင်ဂျာစစ်သွေးကြွများ တိုက်ခိုက်ခဲ့သောကြောင့် ရခိုင်မြောက်ပိုင်းတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ မူဆလင် စစ်ဘေးရှောင်အများအပြား ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာတွင် ASRA ၏ တိုက်ခိုက်မှုခံခဲ့ရချိန်မှစ၍ မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ချထားခဲ့ရသည်မှာ ယနေ့ထက်တိုင်အောင်ပင်ဖြစ်သည်။ တပ်မတော်နှင့် အေအေတို့အကြား တိုက်ခိုက်မှုများ တိုးပွားလာခြင်း၊ လျှို့ဝှက်သတ်ဖြတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ်တွင် ဘေးအန္တရာယ်ရှိသော ပတ်ဝန်းကျင်ဖြစ်ပေါ်လျက်ရှိသည်။ မကြာမီလများအတွင်း ပြည်နယ်မြို့တော် စစ်တွေတွင် နိုင်ငံရေးသမားများနှင့် ပြည်သူ့ဝန်ထမ်းအချို့ ချောင်းမြောင်းသတ်ဖြတ်ခံခဲ့ကြရသည်။

အလားတူအဖြစ်မျိုးများကို ရသေ့တောင်၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များတွင်လည်း တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက စစ်တွေမြို့တွင်လည်း ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တွေမြို့တွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး လူပုံအလယ်တွင် ပစ်သတ်ခံခဲ့ရပြီးနောက်ပိုင်း ညအချိန်တွင် စစ်တွေမြို့လမ်းမများပေါ်၌ ထိတ်လန့်ဖွယ်ငြိမ်သက်နေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်လူငယ်သုံးဦးကို ဖမ်းဆီးထားသည်။

အေးချမ်းတည်ငြိမ်ရေးအတွက် အစိုးရ၏ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများကြောင့် ရခိုင်တိုင်းရင်းသားများအကြားတွင် ဗမာကြီးစိုးသော အစိုးရနှင့် တပ်မတော်အပေါ် မုန်းတီးစိတ်ဖြစ်ပေါ်စေခဲ့ပြီး ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှု၊ အတိတ်သမိုင်းနှင့် ယခုလောလောဆယ် ရခိုင်တို့၏ မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု လူတောထဲလာလျှင် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ဝန်းရံထားရသည်မှာ မြင်နေကျ မြင်ကွင်းပင် ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တွေမြို့ရှိ ဈေးတစ်ခုဖွင့်လှစ်ပွဲသို့ တက်ရောက်လာသော ဝန်ကြီးချုပ်ဦးညီပုကို လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဝဝ နီးပါး စောင့်ကြပ်ထားသည်ကို တွေ့ရသည်။

ထို့ပြင် သာမန်နိုင်ငံသားများလည်း စိုးရိမ်ကြောက်ရွံ့နေကြသည်။ စစ်တွေမြို့ရှိ သတင်းထောက်တစ်ယောက်က သူတိုက်ခိုက်ခံရမည့် အန္တရာယ်ကို စိုးရိမ်ကြောင်း၊ လူများအကြားတွင် သူ့မျက်နှာအား ဖုံးကွယ်မထားမိအောင် အထူးသတိထားကြောင်း ပြောကြားသည်။ “ကျွန်တော် မော်တော်ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဘယ်တော့မှ မဆောင်းဘူး၊ လူမှားပြီး အသတ်ခံရမှာစိုးလို့၊ ကျွန်တော် ဆွယ်တာခေါင်းစွပ်တောင် မဝတ်ဘူးဗျ” ဟု ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများအနေဖြင့် အေအေကို ထောက်ခံခြင်းမပြုကြရန် အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက သတိပေးခဲ့ခြင်းသည် ရခိုင်လူမျိုးအတော်များများက ပြည်ထောင်စုအစိုးရအပေါ် မုန်းတီးနေကြပုံကို ဖော်ပြနေသည်။

“သူတို့က ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အကြမ်းဖက်မှု သံသရာကို သူတို့မြင်တွေ့ချင်ကြတာလား၊ အေအေကို ထောက်ခံကြတဲ့ ရခိုင်တွေကို ကျွန်တော်ပြောချင်တယ်၊ ကိုယ့်အတွက်ကိုယ် မကြည့်ပါနဲ့၊ ခင်ဗျားတို့ရဲ့ နောင်လာမယ့် သားသမီးမျိုးဆက်တွေကို ကြည့်ပါ” ဟု ဇန်နဝါရီ ၇ ရက်နေ့တွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီ ၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရသည့် လုံခြုံရေးရဲစခန်းများကို အေအေ ၏ တိုက်ခိုက်မှုဖြစ်ရပ်အပြီး နေပြည်တော်တွင် ပြုလုပ်သော ထိပ်တန်းလုံခြုံရေးအစည်းဝေးအပြီးတွင် သတိပေးလိုက်ခြင်းဖြစ်သည်။ ဦးဇော်ဌေး၏ အဆိုပါသတိပေးချက်ကြောင့် ရခိုင်အတော်များများ ဒေါသထွက်ခဲ့ကြသည်။

၎င်းတို့က အေအေကိုထောက်ခံကြောင်း လူမှုကွန်ရက်များတွင် ဖော်ပြကြသည်။ အချို့ရခိုင်လူငယ်များက အေအေ လက်နက်ကိုင်အဖွဲ့ထဲဝင်ရန် ရည်ရွယ်ထားကြောင်းပင် အတိအလင်း ကြေညာခဲ့ကြသည်။ အေအေအပေါ် ထောက်ခံမှုမှာ ယခင်ကထက် တိုးလာနေပုံရပြီး တိုက်ခိုက်မှုကြောင့် ဒုက္ခခံစားနေရသူများအကြားမှာပင်  အေအေအပေါ် ထောက်ခံမှုကို ကြားသိခဲ့ရသည်။ တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူ ရာပေါင်းများစွာကို ခိုလှုံခွင့်ပြုထားသော  မြောက်ဦးဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခိုလှုံနေသည့် အသက် ၄ဝ အရွယ် အမျိုးသမီးတစ်ဦးကို မတ်လအစောပိုင်းတွင် Frontier က တွေ့ဆုံခဲ့ချိန်တွင် “ကျွန်မတို့ တိုက်ခိုက်မှုတွေကနေ ထွက်ပြေးရပါစေ၊ ဒုက္ခတွေ ခံစားရပါစေ၊ ကျွန်မတို့ဘဝက မထူးတော့ပါဘူး၊ အေအေအောင်ပွဲရမယ့် တနေ့ကိုပဲ ကျွန်မတို့စောင့်နေတယ်” ဟု ပြောသည်။

စစ်ပွဲကြောင့် ထိခိုက်ခံရသူများမှာ ရခိုင်လူများစုက အဓိကဖြစ်သော်လည်း မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ‘မြို’ နှင့် အခြားလူနည်းစု တိုင်းရင်းသားအုပ်စုများ၏ ဘဝမှာလည်း တိုက်ပွဲများကြောင့် ကသောင်းကနင်း ဖြစ်လျက်ရှိသည်။

ယခုနှစ်အစောပိုင်းတွင် ကျောက်တော်မြို့နယ်၌ တိုက်ခိုက်မှုများကြောင့် ရာပေါင်းများစွာသော မြို နှင့် အခြား လူနည်းစု တိုင်းရင်းသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ တိုက်ပွဲများကြောင့် ရခိုင်များထက်ပိုပြီး ဒုက္ခရောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အေအေ ခွဲခြားဆက်ဆံသောကြောင့်ဖြစ်ကြောင်း ကျောက်တော်မြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခု၌ မြိုနှင့် အခြားလူမျိုးစုများအား Frontier က တွေ့ဆုံမေးမြန်းချိန်တွင် ၎င်းတို့က ပြောကြားသည်။ မြိုလူမျိုးများက သူတို့က ရခိုင်များမဟုတ်သောကြောင့် သူတို့၏ ပစ္စည်းတွေနှင့် စားနပ်ရိက္ခာများကို အေအေများက သိမ်းယူသွားကြကြောင်း ပြောပြကြသည်။

ရခိုင်တွင် မြေပြင်ရှိ တိုက်ခိုက်မှုများနှင့်အတူ အွန်လိုင်းတွင်လည်း ရခိုင်များအပြင် ကချင်၊ ရှမ်းနှင့် တခြားတိုင်းရင်းသားများကလည်း တပြည်တည်းသား ဗမာများနှင့် လူမှုမီဒီယာပေါ်တွင်  အပြန်အလှန် ပုတ်ခတ်နေကြသည်။ အွန်လိုင်းပေါ်ရှိ ပြင်းထန်သည့် ဝေဖန်တိုက်ခိုက်မှုများတွင် အမည်မှန်များ အသုံးပြုသည့် ပညာတတ်ရခိုင်တိုင်းရင်းသားများပင်လျှင် ပါဝင်ရန် ဆန္ဒရှိနေကြသည်။

000_1cs5my_1.jpg

ပြီးခဲ့သည့်ဇန်နဝါရီလက ရသေ့တောင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုအပြီး ကျန်ရစ်ခဲ့သည့် ကျည်ခွံများကို ဒေသခံများက ပြသနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်နှင့် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌဖြစ်သည့် ဦးကိုကိုကြီးက ရခိုင်တွင် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မတ် ၂ဝရက်နေ့က ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် အဆိုပါ အွန်လိုင်းတိုက်ခိုက်မှုများကို ဆိုက်ဘာစစ်ပွဲအဖြစ် ရည်ညွှန်းသွားခဲ့သည်။

နိုင်ငံရေးနည်းလမ်းမှတဆင့် ပဋိပက္ခဖြေရှင်းရန် လိုအပ်ကြောင်း ရည်ညွှန်းပြောကြာပြီး “လော်ဘီအုပ်စုတွေက အမြစ်ပြတ်ချေမှုန်းရေးကို ပြောဆိုနေပါတယ်။ ဒါကြောင့်လည်း နှစ်ဖက်ကြားတင်းမာမှုမှာ ပိုဆိုးနေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗမာများကို မုန်းတီးမှုမှာ ရခိုင်ပြည်နယ်တွင် နည်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာသည်။ ရခိုင်တိုင်းရင်းသားအချို့က တပ်မတော်ကို ဗမာ့တပ်မတော်ဟု ရည်ညွှန်းကြသည်။ မုန်းတီးမှုကို အထူးသဖြင့် ကျေးလက်ဒေသများတွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။ မကြာသေးခင်က မြောက်ဦးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် Frontier က အင်တာဗျူးရန် ချဉ်းကပ်သည့်အခါ ရခိုင်တချို့က ဗမာလိုပြောရန် ငြင်းဆန်ခဲ့သည်။

ဗမာဆန့်ကျင်ရေးစိတ်ဓါတ်မှာ မြောက်ဦးတွင် ပေါ်လွင်ထင်ရှားနေသည်။ မြောက်ဦးသည် ၁၇၈၄ ခုနှစ်တွင် ဗမာကုန်းဘောင်မင်းဆက်၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရသော ထင်ရှားသည့် ရခိုင်ဘုရင့်နိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည်။

ရခိုင်ပြည်နယ်၏ အခြားမြို့နယ်များတွင် နေထိုင်သူများကလည်း အေအေကို ထောက်ခံကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြနေကြသည်။ မြောက်ဦးရှိ နေအိမ်အချို့တွင် ရခိုင်အလံငယ်လေးများပင် လွှင့်ထားကြသည်။ ထိုသို့ အလံများလွှင့်ခြင်းကို အရေးယူမည်ဟု ပြည်နယ်အစိုးရက သတိပေးထားသည့်တိုင် အလံအချို့ကို မြင်တွေ့နေရဆဲဖြစ်သည်။

မတ် ၁၅ ရက်နေ့က အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးရှိ သမိုင်းဝင်စေတီဘုရားအချို့ ပျက်စီးမှုဖြစ်ပွားပြီးနောက် ဒေသခံများ ဒေါသထွက်ခဲ့ကြပြီး တင်းမာမှုများမှာ ပိုမိုဆိုးဝါးလာခဲ့သည်။ ထိုသို့ ပျက်စီးမှုမှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း အေအေနှင့် တပ်မတော်နှစ်ဖက်လုံးက ငြင်းဆန်ခဲ့ကြသည်။

ဇန်နဝါလ ၄ ရက်နေ့က တိုက်ခိုက်ခံရအပြီး နေပြည်တော်တွင် အစိုးရခေါင်းဆောင်များက လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကျင်းပခဲ့ရာ အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုနန်းရန် တပ်မတော်အား အစိုးရက ညွှန်ကြားခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တပ်မတော်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပသည့် သတင်းရှင်းလင်းပွဲတစ်ခုတွင်မူ တပ်မတော်အနေဖြင့် အေအေကို မည်သည့်အတွက် အနိုင်မတိုက်သလဲဟု မေးမြန်းမှုကို “အေအေက ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေ ဖြစ်နေလို့ပါ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့သည်။

တပ်မတော်၏ စစ်ဆင်ရေးမှာ ဝေးလံခေါင်သီအရပ်ဒေသများရှိ အေအေတို့၏ ယာယီစခန်းများကို တိုက်ခိုက်ရန် မူလက အဓိကထားခဲ့သော်လည်း အေအေ၏ ပျောက်ကြားနည်းဗျူဟာက အစိုးရတပ်ဖွဲ့ဝင်များကို ကြီးမားစွာ အထိနာစေခဲ့သည်။ သို့သော်လည်း ဆုံးရှုံးမှုအတိုင်းအတာများနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်မှု မပြုလုပ်သေးပေ။

ကျေးလက်ဒေသများတွင် အေအေကို တိုက်ခိုက်ရန် အမိန့်များကို တပ်မတော်သားအချို့က စတင်ငြင်းဆန်လာသည်ဟု အတည်မပြုရသေးသည့် သတင်းများက ဖော်ပြကြသည်။ ဖြစ်နိုင်ဖွယ် အကြောင်းရင်းတစ်ခုမှာ အေအေက မြို့များကို တိုက်ခိုက်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

အေအေတို့အပေါ် ထောက်ခံသည်ဟု သံသယဝင်ခံရသည့် ရွာသားများအပေါ် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု၊ အနိုင်ကျင့်မှု၏ အကျိုးဆက်တစ်ခုက ဒေသခံအစိုးရ၏ လုပ်ကိုင်နိုင်စွမ်းကို တုံဆိုင်းသွားစေခဲ့သည်။

မတ် ၁ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူး ၁ဝဝ ခန့်အစုလိုက်နုတ်ထွက်ခဲ့ကြသည်။ ၎င်းတို့နှင့်အဆင့်တူ အုပ်ချုပ်ရေးမှူးလေးဦး မြောက်ဦး၌ အစည်းဝေးတက်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းကို ကန့်ကွက်သည့်အနေဖြင့် နုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလေးဦးမှာ မတရားသင်းအက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ်ဖြစ်သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက နုတ်ထွက်မှုများကို လက်မခံဘဲ ၎င်းတို့အနေဖြင့် နုတ်ထွက်လွှာကို တစ်ဦးချင်းတင်သွင်းရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် စေ့စပ်ညိနှိုင်းခဲ့ပြီးနောက် ဖမ်းဆီးထားသူလေးဦးကို တရားမစွဲဘဲ လွှတ်ပေးရန် မတ် ၈ ရက်နေ့တွင် အဖြေထွက်ပေါ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း နုတ်ထွက်လွှာများအား တစ်ဦးချင်း တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

“ပြဿနာက ကျွန်တော်တို့လူတွေကို နောင်တစ်ချိန်မှာ အစိုးရက ဖမ်းမလား၊ မဖမ်းလားဆိုတာ မသိတာ” ဟု ၃၂ နှစ်အရွယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက Frontier ကို ပြောကြားသည်။ ၎င်းတို့မှာ အေအေနှင့် တပ်မတော် နှစ်ဖက်လုံး၏ ဖိအားအောက်တွင် ရောက်ရှိနေသည်ဟု ပြောကြားကြသည်။

“ကျွန်တော်တို့က နှစ်ဖက်လုံးကို ကြောက်နေရတာပါ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးက Frontier ကို ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအချို့ထံ ခြိမ်းခြောက်စာများကို အေအေက ပေးပို့ခဲ့သည်။ ထိုစာများထဲတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် အေအေနှင့် ပူးပေါင်းရွက်ရန် တောင်းဆိုထားပြီး အစိုးရအတွက် အလုပ်လုပ်နေခြင်းကို သတိပေးထားသည်။

ကျေးရွာအဆင့်အုပ်ချုပ်ရေးမှူးအချို့မှာ သတ်ဖြတ်ခံရပြီး အချို့မှာ ပျောက်ဆုံးသွားသည်။ ပျောက်ဆုံးနေသူများထဲတွင် သံချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ယခင်သင်းအုပ်ဆရာ ဦးထွန်းနုလည်း ပါဝင်သည်။ ဇန်နဝါရီ ၁၉ ရက်နေ့ညတွင် အမည်မသိအမျိုးသားများက ၎င်းအား နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူကို မည်သူ ခေါ်ဆောင်သွားသည်ကို မသိသော်လည်း လာရောက်ခေါ်သွားသူတို့မှာ ပျောက်ကြား ယူနီဖောင်းများ ဝတ်ဆင်ထားသည်ဟု ဇနီးဖြစ်သူ ဒေါ်စန္ဒာဖြူက Frontier ကို ပြောသည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝတွင် အေအေတို့၏ ဖမ်းဆီးခြင်းခံခဲ့သည့် အမျိုးသားနှစ်ဦးကမူ ကံကောင်းခဲ့သည်။ အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိတို့ကို ရက်အနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ခေါင်းစီးဓာတ်ပုံ- ရခိုင်ပြည်နယ် မြောက်ဦးရှိ ပုထိုးတစ်ခု။ မြောက်ဦးသည် တစ်ချိန်က လွတ်လပ်သည့် ရခိုင်ဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ပြီး ယခုအခါ တပ်မတော်နှင့် အေအေကြား တိုက်ပွဲများ ဖြစ်ပွားသည့် နေရာဖြစ်နေသည်။ ဓာတ်ပုံ-ခွန်လတ်

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar