ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီမူဆလင်တွေ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေတဲ့ကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ဆက်ဆံရေး မထိခိုက်စေရအောင် သံတမန်နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်နေပါပြီ။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က စပြီးဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ ပြဿနာဟာ ဖြစ်ပွားချိန် တိုတောင်းပေမဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ဂယက်က အလွန်ကိုကြီးမားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောခဲ့စဉ်က ရခိုင်ပြည်နယ်မြောက်ပိုင်းက တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ စက်တင်ဘာ ၅ ရက် နောက်ပိုင်း ရပ်ဆိုင်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒါဆိုရင် အဲဒီဒေသမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု၊ တပ်မတော်ရဲ့ တန်ပြန်နှိမ်နင်းမှု စုစုပေါင်း ၁၂ ရက်လောက်ပဲ ကြာပါတယ်။
ဒါပေမဲ့ နောက်ဆက်တွဲအနေနဲ့ ကျေးရွာနဲ့ နေအိမ်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံရပြီး တိုင်းရင်းသားနဲ့ ဟိန္ဒူဘာသာဝင် ၂၆,၀၀၀ ကျော် တောင်ဘက်အခြမ်း စစ်တွေဘက် ထွက်ပြေးခဲ့ကြရသလို သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ မူဆလင် ၄ သိန်းကျော်ကတော့ မြောက်ပိုင်း နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြရတာပါ။ ဒီလို များပြားလှတဲ့ လူတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတာကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအရေးဟာ နိုင်ငံတကာ အရေးအခင်းဖြစ်လာစေပါတယ်။
ခုဆိုရင် မူဆလင် ဒုက္ခသည် အရေးနဲ့ပတ်သက်ပြီး ဒါဟာ နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ ရောက်တယ်ဆိုပြီး စက်တင်ဘာ ၂၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကမ္ဘာ့အင်အားကြီး အမေရိကန် ဒုသမ္မတ မိုက် ပင့်စ် Mike Pence က ပြောဆိုခဲ့တဲ့ အဆင့်ထိ ရောက်လာပါပြီ။ တပြိုင်နက်တည်းလိုလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကလည်း ဒီ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံရမယ်၊ နိုင်ငံတကာက အကူအညီပေးတာကို လက်ခံရမယ်၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်နေတဲ့ ဒုက္ခသည်တွေအတွက်လည်း နိုင်ငံတကာက ဝိုင်းပြီးကူညီကြပါလို့ ပြောဆိုနေပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာဟာ နိုင်ငံတကာက ပါဝင်ပြောဆိုရတဲ့ ပြဿနာ ဖြစ်လာရုံမက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်ကလည်း အတော်လေး အရေးပါလာတာ တွေ့ရပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လိုဖြစ်သင့်သလဲ၊ မြန်မာနိုင်ငံသားတွေက အနောက်တံခါးလို့ခေါ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရှေ့ဆက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခုတစ်ပတ် လေ့လာဆွေးနွေး ကြည့်ကြရအောင်ပါ။
မျက်မှောက်ခေတ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းပြောရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းကောင်း ပီသတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ရေပိုင်နက် အငြင်းပွားမှုလို ပြဿနာကြီး ဖြစ်ပေါ်ခဲ့ပေမဲ့ နိုင်ငံတကာ အနုညာတ ခုံရုံးဆုံးဖြတ်ချက်ကို နှစ်နိုင်ငံစလုံးက လက်ခံပြီး ပြေလည်ခဲ့တဲ့ သာဓကလည်း ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့နိုင်ငံထဲမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေ သိန်းနဲ့ချီရှိတယ်လို့ အမြဲတန်း ပြောဆိုပေမဲ့ ဒီပြဿနာဟာ ပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာတော့ မဖြစ်ခဲ့ပါဘူး။ မကြာသေးခင် နှစ်တွေတုန်းက ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ပင်လယ်ပြင်မှာ ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ခေါ်တဲ့ လှေစီးပြေးတွေကို မြန်မာ့တပ်မတော်က ဖမ်းဆီးရမိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။
အဲဒီ သင်္ဘောတွေပေါ်မှာ မြန်မာနိုင်ငံဘက်ကရော၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပါ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က သူ့နိုင်ငံသားတွေကို ကောင်းကောင်းမွန်မွန် ပြန်လက်ခံခဲ့တဲ့၊ ပြဿနာကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဘက်လုံခြုံရေးတပ်ဖွဲ့တွေ ပူးတွဲ အလံတင် အခမ်းအနားလုပ်တာ၊ နှစ်ဘက်လုံခြုံရေးဆိုင်ရာ အရာရှိတွေ ပုံမှန်တွေ့ဆုံမှု လုပ်တာတွေလည်း ရှိခဲ့ပါတယ်။
၂၀၁၇ သြဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲကင်းစခန်း ၃၀ လောက် တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာလည်း အကြမ်းဖက်သမားတွေဟာ ဓားတွေ၊ လှံတွေ၊ လေးဂွတွေ၊ လက်လုပ်မိုင်းတွေ၊ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်မှာ နယ်ခြားစောင့် တပ်စခန်းက လုယူသွားတဲ့ လက်နက်တွေနဲ့ပဲ တိုက်ခိုက်တာ တွေ့မြင်ကြရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ မတ်လတုန်းက ဘင်းမ်စတက် BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံစီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံများအဖွဲ့ရဲ့ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ Sheik Harsina ဟာ အဲဒီအချိန်က အာဏာမရသေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တောင် သီးသန့် တွေ့ဆုံခဲ့ကြပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေးကောင်း တည်ဆောက်ကြဖို့၊ ကုန်သွယ်ရေးတွေ လုပ်ကြဖို့ ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ပြောရရင် မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ မြန်မာအစိုးရကို ပုန်ကန်ခြားနားတဲ့ သူပုန်တပ်ဖွဲ့တွေ အခြေစိုက်နေတာ တွေ့မြင်ရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာတော့ သူပုန်အဖွဲ့ ကြီးကြီးမားမား အခြေစိုက်နိုင်တာ မတွေ့ကြရပါဘူး။ ရခိုင် AA တပ်ဖွဲ့ဆိုရင်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက် နီးပေမဲ့ လက်နက်တွေကို ထိုင်းနယ်စပ်-ရန်ကုန်-စစ်တွေ- နယ်စပ်ဆိုတဲ့ ပြည်တွင်း လမ်းကြောင်းနဲ့ သယ်ယူပြီး ပုန်ကန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က ဘာ လက်နက်မှ မရပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၉ ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ် အပါအဝင် လုံခြုံရေး စခန်းကြီး သုံးခု မူဆလင်ရွာသားတွေရဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်တာ ကြုံရပါတယ်။ အဲဒီအချိန်က ဝင်ရောက် စီးနင်း တိုက်ခိုက်သူတွေဟာ အိမ်လုပ် ဓားတွေ၊ လှံတွေ၊ လေးဂွတွေ၊ လုပ်သေနတ်တွေလောက် ကိုင်ဆောင်ကြတာပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဘက်က သူတို့နိုင်ငံအနေနဲ့ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်သမားတွေကို အားမပေးဘူး၊ သူတို့နယ်မြေတွေထဲကနေ အကြမ်းဖက်တာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့သလို၊ လက်တွေ့လည်း အဲဒီအတိုင်းလုပ်တာ တွေ့ကြရပါတယ်။
၂၀၁၇ သြဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရဲကင်းစခန်း ၃၀ လောက် တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာလည်း အကြမ်းဖက်သမားတွေဟာ ဓားတွေ၊ လှံတွေ၊ လေးဂွတွေ၊ လက်လုပ်မိုင်းတွေ၊ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်မှာ နယ်ခြားစောင့် တပ်စခန်းက လုယူသွားတဲ့ လက်နက်တွေနဲ့ပဲ တိုက်ခိုက်တာ တွေ့မြင်ကြရပါတယ်။ ပြောရရင် အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရနိုင်တဲ့ ခေတ်မီလက်နက်မျိုး အသုံးပြုတာကိုတော့ မတွေ့မြင်ကြရပါဘူး။ ဒါကြောင့်လည်း အဲဒီအကြမ်းဖက်သမားတွေကို တပ်မတော်က အချိန်တိုအတွင်း နှိမ်နင်းလိုက်နိုင်တာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခုဆို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကနေ စ လိုက်တဲ့ ဇာတ်လမ်းကြောင့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ မူဆလင် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားပါပြီ။ အဲဒီထဲမှာ အလွန်ဆင်းရဲပြီး စာမတတ်ပေမတတ် လူငယ်တွေ အများကြီး ပါပါတယ်။ အခုနောက်ပိုင်း အဲဒီလူငယ်တွေဟာ အကြမ်းဖက်သမားတွေ စည်းရုံးရာ ပစ်မှတ် ဖြစ်လာနေတယ်ဆိုတဲ့ သတင်းနဲ့ အထောက်အထားတွေလည်း ထွက်ပေါ်လာနေပါတယ်။
ဒီအတွက် မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ထိုင်းနဲ့ တရုတ်နယ်စပ်မှာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ မတည်ငြိမ်မှု၊ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ပေါက်လှုပ်ရှားမှုတွေလိုမျိုး ဖြစ်ပေါ်မလာအောင် ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလိုအခြေအနေဆိုးတွေ ဖြစ်ပေါ်မလာအောင် ဒုက္ခသည် ပြဿနာကို စနစ်တကျ ကိုင်တွယ်တာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သူ အားလုံး လုံခြုံဖို့၊ နှစ်ဘက်အသိုင်းအဝိုင်း အတူယှဉ်တွဲ နေထိုင်နိုင်ဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံး ဆောင်ရွက်ပေးရမယ့်အပြင် လက်ရှိအချိန်ထိ အိမ်နီးချင်းကောင်း ပီသနေသေးတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့လည်း ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်အောင် အထူး အကောင်အထည်ဖော်ရပါလိမ့်မယ်။ ဒါမှသာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါး ကျိုးပေါက်သွားတယ်ဆိုတဲ့ အခြေအနေဆိုးမျိုးကို ရှောင်လွဲှနိုင်မှာ ဖြစ်ကြောင်းပါ။