Ko Aung with his Asiatic black bears in Taungoo, Bago Region, on June 30. (Hkun Lat | Frontier)
၎င်းမွေးမြူထားသည့် အာရှအနွယ်ဝင် ဝက်ဝံများအား အစာကျွေးနေသည့် ကိုအောင်ကို ဇွန်လကုန်တွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အစိုးရ၏ အငြင်းပွားဖွယ် တောရိုင်းတိရစ္ဆာန်မွေးမြူရေးမူဝါဒအရွေ့

ရှားပါးတိရိစ္ဆာန်မျိုးစိတ်များကို တရားဝင်စီးပွားဖြစ်မွေးမြူခွင့်ပြုလျှင် တရားမဝင်ကုန်သွယ်မှုကို လျော့ပါးစေပြီး ၎င်းတို့၏အရေအတွက် တိုးပွားလာမည်ဟု မြန်မာ့သစ်တောဦးစီးဌာနကဆိုသည်။ သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကမူ ဤမူဝါဒအရွေ့သည် မှောင်ခိုစျေးကွက်ကို ပို၍အားပေးလိမ့်မည်ဟု ထင်မြင်ယူဆကြသည်။

ဟိန်းသာရေးသားသည်။

သူ့နာမည်က ကိုအောင်ဖြစ်သည်။ သို့သော် တောင်ငူမြို့ခံများကတော့ သူ့ကို “ဝက်ဝံချစ်သူကြီး” ဟုခေါ်ကြသည်။ သူသည် အသက် ၅၀ ကျော်ပြီဖြစ်ပြီး တောင်ငူတွင် ကာရာအိုကေခန်းမတစ်ခု ဖွင့်ထားသည်။ အထူးခြားဆုံးက တစ်ကိုယ်လုံးမည်းနက်နေသော ဝက်ဝံကြီး ၁၂ ကောင်ကို ရင်နှစ်သည်းချာ သား၊ သမီးအရင်းများပမာ မွေးမြူထားခြင်းဖြစ်သည်။

၎င်းတို့အနက်က ခြောက်ကောင်သည် ခန္ဓာကိုယ်အရှည်ခုနှစ်ပေရှိပြီး ၎င်းတို့အနက်က ဟိမဝန္တာဝက်ဝံတစ်ကောင်ဆိုလျှင် ရှစ်​ပေနီးပါးရှိသည်။ 

“မြန်မာပြည်က အကြီးဆုံးဝက်ဝံပေါ့ဗျာ”ဟု ကိုအောင်က ဖခင်တစ်ဦးနှယ် ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

ဇူလိုင်လဆန်း၏ တစ်ခုသော ညနေခင်းအချိန်တွင်တော့ ကိုအောင်သည် သူ့ဟိမဝန္တာဝက်ဝံများနှင့် မလေးဝက်ဝံများကို ကားနှင့်တင်ပြီး နောက်ဆုံးအကြိမ်အဖြစ် တောင်ငူမြို့နေရာအနှံ့သို့ လိုက်ပို့ပေးခဲ့သည်။

“ကျွန်တော့်သားတွေကို နှုတ်ဆက်ရတော့မယ့် အချိန်ရောက်လာပြီလေ”ဟု သူက ဖရွန်းတီးယားမြန်မာကို ပြောသည်။

သူငါးနှစ်ခန့် ကျွေးမွေးစောင့်ရှောက်လာခဲ့သော ဝက်ဝံလေးများသည် ကားပေါ်တွင် လိုက်ပါလာကြပြီး ဂနာမငြိမ်ဖြစ်နေကြသည်။

တောရိုင်းတိရိစ္ဆာန်များအပေါ် အစွဲအလမ်းကြီးသည့်သူ့ကို အိမ်နီးချင်းများက လူထူးလူဆန်းဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ဇွန်လအရောက်တွင် တောင်ငူမြို့နယ်သစ်တောဦးစီးဌာနက ၎င်းဝက်ဝံများမွေးမြူထားသည်ကို သတိထားမိခဲ့သည်။ ယင်းနောက်တွင် ဌာနက ၎င်းကိုခေါ်၍ ဝက်ဝံများကို ဆက်လက်မွေးမြူခွင့်မရှိတော့ကြောင်းပြောပြီး တောထဲသို့ ပြန်လွှတ်ရန် အကြောင်းကြားခဲ့သည်။

ယင်းသို့ဖိအားပေးခံရသည်မှာ ကိုအောင်တစ်ဦးတည်းမဟုတ်ပေ။ တစ်နိုင်ငံလုံးက တောရိုင်းတိရိစ္ဆာန် မွေးမြူထားသူများအနေဖြင့် သစ်တောဦးစီးဌာနတွင်မှတ်ပုံတင်ရမည်ဖြစ်ပြီး မွေးခွင့်ပြု၊ မပြုကို ဌာနက ဆုံးဖြတ်မည်ဖြစ်သည်ဟု တောင်ငူသစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။ အဆိုပါမူဝါဒအပြောင်းအလဲကို အစိုးရက နိုင်ငံတစ်ဝန်းရှိ သစ်တောဦးစီးဌာနများသို့ ယခုနှစ် ဖေဖော်ဝါရီလကတည်းက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မှတ်ပုံတင်ရမည့် နောက်ဆုံးရက်ကို သတ်မှတ်ထားခြင်းမရှိသော်လည်း တောရိုင်းတိရိစ္ဆာန်မွေးမြူထားသူတိုင်း ၎င်းတို့နေထိုင်ရာမြို့နယ်ရှိ သစ်တောဦးစီးဌာနများတွင် မှတ်ပုံတင်ရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ၎င်း၏အဆိုအရ ဌာနကတားမြစ်ပါက ပိုင်ရှင်များအနေဖြင့် ဆက်လက်မွေးမြူခွင့်မရှိတော့ဘဲ တောရိုင်းတိရစ္ဆာန်များကို စွန့်လွှတ်ရမည်ဖြစ်သည်။

တောရိုင်းတိရိစ္ဆာန်များကို ဝါသနာအရ တစ်နိုင်တစ်ပိုင်မွေးမြူခွင့်ရှိသည့် အချိန်ကာလ ကုန်ဆုံးလာပြီဖြစ်သော်လည်း အလွန်အငြင်းပွားဖွယ်ကောင်းသည့် အခြေအနေတစ်ရပ်ကား အစပျိုးရန် တာစူနေပြီဖြစ်သည်။ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရင်ဆိုင်နေရသည့် တိရစ္ဆာန်မျိုးစိတ်များကို အလှကြည့်ရန်မွေးမြူခြင်း သို့မဟုတ် ထိုထက်ပိုဆိုးပါက ၎င်းတို့၏ အသားနှင့် အရေခွံ (သားရေ)ကဲ့သို့ ရှားပါးပစ္စည်းများကို စီးပွားဖြစ်ရောင်းချလိုမှုဖြင့် တရားဝင်မှတ်ပုံတင်၍ မွေးမြူခြင်းစသည့် အခြေအနေတစ်ရပ်ကို ဦးတည်နေခြင်းဖြစ်သည်။

၎င်းမွေးမြူထားသည့် အာရှအနွယ်ဝင်ဝက်ဝံများကို စွန့်လွှတ်ရမည်ဟု တောင်ငူမြို့ခံကိုအောင်ကို သစ်တောဦးစီးဌာနက ဇွန်လတွင် သတိပေးခဲ့သည်၊။ တောအတွင်းသို့ လွှတ်မည့်အစား ပုဂ္ဂလိကပိုင် တိရစ္ဆာန်ရုံသို့ ဝက်ဝံများကို ၎င်းက ပို့ဆောင်ခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မှောင်ခိုသမားတွေအတွက် အခွင့်ကောင်းလား

တောရိုင်းတိရိစ္ဆာန်များ တစ်နိုင်တစ်ပိုင်မွေးမြူခြင်းကို ကန့်သတ်လိုက်ခြင်းက အပြင်ပန်းအားဖြင့် တရားမဝင်တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းရာတွင် အကျိုးရှိနိုင်သည်။ တရုတ်နိုင်ငံသို့ တောရိုင်းတိရိစ္ဆာန်နှင့် တောထွက်ပစ္စည်းများ တရားမဝင်ကုန်သွယ်ရာတွင် မြန်မာနိုင်ငံသည် ကြားခံဖြတ်သန်းရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းမှလည်း တရုတ်နိုင်ငံသို့ တောရိုင်းတိရိစ္ဆာန်နှင့် တောထွက်ပစ္စည်းများ တင်ပို့မှုရှိသောကြောင့် ယင်းသို့တားမြစ်ခြင်းက အကျိုးရှိနိုင်သည်။

ဥပမာအားဖြင့် တရုတ်နယ်စပ် မိုင်းလားတွင် ကျားသားရေများ၊ သင်းခွေချပ်အကြေးခွံများကို ပြောင်ပြောင်တင်းတင်း ရောင်းချမှုရှိနေသည်။ ဆင်စွယ် ၁ဒသမ၄ တန်၊ ဒရယ်ချိုများ၊ ကျားရိုးများနှင့် အခြားဖမ်းဆီးရမိသော တိရိစ္ဆာန်အစိတ်အပိုင်းများကို ၂၀၁၈က မြန်မာအာဏာပိုင်များ မီးရှို့ဖျက်ဆီးခဲ့သည်ကိုကြည့်လျှင် ဥပဒေနှင့်ဆန့်ကျင်သော တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ပမာဏအလွန်ကြီးမားသည်ကို မြင်တွေ့နိုင်သည်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က၂၀၂၀ အတွက်ထုတ်ပြန်သည့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနှင့်ပတ်သက်သည့် အစီရင်ခံစာက အိန္ဒိယ၊ လာအို၊ တရုတ်နယ်စပ်တို့တွင် ဖမ်းဆီးရမိသောပမာဏများအပေါ်မူတည်၍ မြန်မာနိုင်ငံကို ကျားသတ္တဝါအစိတ်အပိုင်းများ အကြီးအကျယ်တရားမဝင်ရောင်းဝယ်ဖောက်ကားရာ အဓိကဒေသအဖြစ် ဖော်ပြခဲ့သည်။ မကြာသေးမီနှစ်များတွင် လက်ဝတ်လက်စားအသုံးအဆောင်နှင့် ဆေးဖြစ်ဝါးဖြစ်အသုံးပြုရန် တရုတ်ပြည်မှ ဝယ်လိုအားမြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းအများအပြား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

သို့သော် တရားမဝင်တောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးရမိသည့် အရေအတွက်သည် အလွန်နည်းပါးလှသည်။ ၂၀၁၈တွင် ဖမ်းဆီးမှု၆၈ ခု၊ ၂၀၁၉တွင် ၄၀မှုနှင့် ၂၀၂၀ ဇူလိုင်လအထိ ၁၄မှုသာ ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနလက်အောက်ရှိ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန စာရင်းဇယားများတွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ဘီလျံတန်ကြေးရှိမည်ဟု ခန့်မှန်းရသည့် တရားမဝင်တောရိုင်းတိရစ္ဆာန်နှင့် တောထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုသည် မကြာသေးမီက နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သင်းခွေချပ်များ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ၎င်းတို့၏ အစိတ်အပိုင်းများကိုသုံးစွဲမှုသည် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါ စတင်ခဲ့သည့် အကြောင်းအရင်းများအနက်က တစ်ခုဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများ ရှိခဲ့သည်။ 

တစ်နည်းဆိုရသော် တောရိုင်းတိရိစ္ဆာန်များကို အစားအသောက်နှင့် လူသုံးပစ္စည်းများအဖြစ် သုံးစွဲမှုသည် လူတို့ထံသို့ တိရစ္ဆာန်မှဗိုင်းရပ်စ်ကူးစက်မှု ထပ်မံဖြစ်ပေါ်လာနိုင်သည်ဟု UNODC က သတိပေးသည်။ ကမ္ဘာပေါ်တွင် အသစ်အသစ်သော ထွက်ပေါက်လာသည့် ကူးစက်ရောဂါများအနက် ၇၅ရာခိုင်နှုန်းသည် တိရစ္ဆာန်မှ လူသို့ကူးစက်မှုဖြစ်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။

မြန်မာအစိုးရက တောရိုင်းတိရိစ္ဆာန်မွေးမြူမှုကို တင်းကျပ်လိုက်ချိန် တစ်ဆက်တည်းတွင် ရှားပါးတောရိုင်းတိရစ္ဆာန်များ စီးပွားဖြစ်မွေးမြူ၍ ရောင်းဝယ်ဖောက်ကားမှုကို ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ၂၂ (က) အရ ခွင့်ပြုလိုက်ပြန်သည်။

ဥပဒေ၏ ထိုအပိုဒ်တွင် “အရေးတကြီး မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည့် တောရိုင်းတိရိစ္ဆာန်နှင့် အလေ့ကျတောရိုင်းပင်များ” ကို စီးပွားဖြစ်မွေးမြူမှုကို ခွင့်ပြုကြောင်း ဖော်ပြထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လဆန်းပိုင်းတွင် မွေးမြူခွင့်ပြုသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်စာရင်းကို ထုတ်ပြန်ခဲ့သည်။ 

ကြေညာချက်အမှတ် ၆၉၀/၂၀၂၀ အရ တရားဝင်ထုတ်ပြန်သည့်စာရင်း၌ တိရိစ္ဆာန်မျိုးစိတ် ၈၉ မျိုးကို ဖော်ပြထားပြီး ၎င်းတို့တွင် ကျားနှင့် မျိုးသုဉ်းပျောက်ကွယ်လုဖြစ်နေသည့် ဧရာဝတီလင်းပိုင်တို့ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ကျားအရေအတွက်မှာ တောနက်များတွင် အကောင်ရေ ၂၂ ကောင်ခန့်သာ ကျန်ရှိတော့သည်ဟု ယူဆရသည်။ စာရင်းတွင်ပါရှိသည့် နို့တိုက်သတ္တဝါ၄၁မျိုးတွင် ကျားသစ်၊ ဆင်၊ ပန်ဒါနီနှင့် မျောက်မျိုးစိတ်များစွာတို့လည်း ပါဝင်ပြီး၊ ငှက်မျိုးစိတ် ၄၃ မျိုးတွင် ရှားပါးသောလင်းတငှက်များလည်း ပါဝင်သည်။ 

လင်းပိုင်၊ ဆင်၊ ကျားနှင့် အခြားသတ္တဝါမျိုးစုံတို့ကို ကုန်သွယ်မှုက တိရိစ္ဆာန်ရုံများ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများတွင်သာ ပြသထားရှိရန်ဖြစ်သော်လည်း စာရင်းတွင်ပါရှိသည့် ကျန်တိရိစ္ဆာန်များမှာ ၎င်းတို့၏ အသား၊ အရေခွံနှင့် ငှက်သိုက်များကို လူသုံးကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန် မွေးမြူနိုင်သည့် သဘောဖြစ်သည်။ ဆိုလိုသည်က မကြာမီတွင် စားသောက်ဆိုင်များ၌ မျိုးသုဉ်းလုအန္တရာယ်နှင့် အလွန်နီးစပ်နေသည့် မိချောင်းများကိုဟင်းအမယ်အဖြစ် တည်ခင်းဝန်ဆောင်မှုပေးသည်ကို မြင်တွေ့လာရဖွယ်ရှိသည်။

စာရင်းတွင် ခွင့်ပြုထားသော မျိုးစိတ်များ၌ နောက်ဆုံးစာရင်းဝင်သည့် သတ္တဝါမှာ “မြွေမျိုးစိတ်များ” ဟူ၍ အကြမ်းဖျင်းဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်လုဖြစ်သော မြွေမျိုးစိတ် အနည်းဆုံး ၁၀၀ ခန့်ရှိရာ၊ ၎င်းတို့ကို ထပ်ပေါင်းထည့်လျှင် စီးပွားဖြစ်မွေးမြူနိုင်သော တိရိစ္ဆာန်မျိုးစိတ်အရေအတွက်မှာ၂၀၀ နီးပါးရှိလာသည်။

တောရိုင်းတိရိစ္ဆာန်များကို စောင့်ရှောက်ထားလိုသူ၊ စီးပွားဖြစ်မွေးမြူလိုသူ မည်သူမဆို မြို့နယ်သစ်တောဦးစီးဌာနတွင် မွေးမြူလိုသောတိရိစ္ဆာန်နှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို တင်ပြ၍ ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနလက်အောက်ရှိ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာနိုင်ဇော်ထွန်းက ဖရွန်းတီးယားမြန်မာကို အီးမေးလ်ဖြင့် ဖြေဆိုပြန်ကြားခဲ့သည်။ မြို့နယ်သစ်တောဦးစီးဌာနက လက်ခံရရှိသည့်လျှောက်လွှာများကို နေပြည်တော်သို့ ခွင့်ပြုချက်ပေးရန် ဆက်လက်ပေးပို့မည်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စိမ်းလဲ့တင်အပန်းခြေစခန်းရှိ တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်ကြသူများကို ဇွန်လကုန်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

စီးပွားဖြစ်မွေးမြူခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း

သစ်တောဦးစီးဌာနတာဝန်ရှိသူများကမူ ယင်းသို့တရားဝင်မွေးမြူခွင့်ပြုခြင်းသည် မျိုးသုဉ်းလုအန္တရာယ် ရင်ဆိုင်နေရသည့် တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ဖမ်းဆီးခံရ၍ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကို လျှော့ချလိမ့်မည်ဟုဆိုသည်။ ထို့ပြင် တောတောင်သဘာဝအတွင်း သားကောင်များ ပြန်လည်တိုးပွား ရှင်သန်မှုကိုလည်း အားပေးရာရောက်မည်ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူများကမူ ယင်းသို့ပြောဆိုမှုကို လက်မခံပေ။ မွေးမြူခွင့်ပြုလိုက်ခြင်းက တောရိုင်းတိရစ္ဆာန်ဝယ်လိုအားကိုသာ မြင့်တက်စေမည်ဖြစ်ပြီး တောတွင်းနေသတ္တဝါများကို သတ်ဖြတ်မှု၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကတစ်ဆင့် တိရစ္ဆာန်မှလူသို့ကူးစက်၍ သေစေနိုင်သည်အထိအန္တရာယ်ရှိသော ဗိုင်းရပ်စ်ပိုးများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ထောက်ပြကြသည်။

ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) နှင့် Fauna and Flora International (FFI) အဖွဲ့တို့ ဇူလိုင်လလယ်က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် တောရိုင်းသတ္တဝါများကို စီးပွားဖြစ်မွေးမြူရန်ခွင့်ပြုခြင်းသည် “ကိုဗစ်-၁၉ကဲ့သို့ တိရစ္ဆာန်မှလူသို့ ကူးစက်သည့် ရောဂါအန္တရာယ် ပိုများလာစေနိုင်ကြောင်း”ထောက်ပြသည်။ 

အခြားအရှေ့တောင်အာရှနိုင်ငံများ၏ အတွေ့အကြုံများအရ စီးပွားဖြစ်မွေးမြူခြင်းသည် တောရိုင်းတိရိစ္ဆာန်များကာကွယ်ထိန်းသိမ်းခြင်းကို မည်သို့မျှ အကျိုးပြုမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့များက ဆိုသည်။ ထို့ပြင် ရောင်းဝယ်ဖောက်ကားမှုကို ဥပဒေအရ စောင့်ကြည့်၍ ကြီးကြပ်ကွပ်ကဲရန်မှာလည်း အလွန်ခက်ခဲကြောင်း ၎င်းတို့က ထောက်ပြသည်။

စီးပွားဖြစ်မွေးမြူခြင်းကြောင့် စင်ပြိုင်မှောင်ခိုဈေးကွက်များဖြစ်ပေါ်ခဲ့ပြီး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကို မြင့်တက်စေခဲ့ကြောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် ၎င်းတို့၏ အစိတ်အပိုင်းများကို ဝယ်လိုအားမြင့်တက်စေခဲ့သည့် သာဓကများရှိကြောင်း အဆိုပါအဖွဲ့များက ထောက်ပြကြသည်။

စီးပွားဖြစ်မွေးမြူရေးအတွက် အသေးစိတ်ညွှန်ကြားချက်များကို အစိုးရက ထုတ်ပြန်သင့်ပြီး ယင်းသို့လုပ်ဆောင်ရန်အတွက် ဥပဒေနှင့်ညွှန်ကြားချက်အများအပြား အခိုင်အမာလိုအပ်သည်ဟု FFI၏ တနင်္သာရီ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်မန်နေဂျာ ဒေါက်တာနေမျိုးရွှေက မှတ်ချက်ပြုသည်။ ထိုသို့မဟုတ်ပါက “အများပြည်သူအကြား ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်”ဟု ၎င်းက ဆိုသည်။

မူဝါဒအပြောင်းအလဲသည် ရှားပါးတောရိုင်းတိရိစ္ဆာန်အရေအတွက်ကို တိုးလာစေနိုင်သော်လည်း ယင်းသို့တိုးမြင့်လာခြင်းက မွေးမြူခြင်းခံရသည့် တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း ရှိ၊ မရှိကို အာမမခံနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် အမွေးမြူခံရသည့် တောရိုင်းတိရစ္ဆာန်များကို တာတောင်များသို့ ပြန်လွှတ်ပါကလည်း ၎င်းတို့သည် တောရိုင်းသဘာဝအလျောက် ရှင်သန်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ကမူ (NGO) ယင်းမူဝါဒအပြောင်းအလဲကို မဆန့်ကျင်ပေ။ 

“ကြေညာချက်က တရားမဝင်ရောင်းဝယ်မှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဒါက မွေးမြူရေးခြံထဲမှာ တိရိစ္ဆာန်အကောင်ရေတွေများလာပြီး တရားဝင်ရောင်းဝယ်မှုတွေပိုပြီးကောင်းကောင်း ဖြစ်လာမယ်” ဟု မြန်မာငှက်နှင့်သဘာဝထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌဒေါက်တာသိန်းအောင်က ပြောသည်။​ ၎င်းသည် သစ်တောဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

စိမ်းလဲ့တင်အပန်းခြေစခန်းရှိ တိရစ္ဆာန်ရုံတွင် မွေးမြူထားသော ကျားနှစ်ကောင်ကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ယခင်စမ်းသပ်ခဲ့ဖူးသော တောရိုင်းတိရိစ္ဆာန်မွေးမြူရေး စီမံကိန်းများနှင့်စာလျှင် ယခုမူဝါဒအရွေ့သည် တိုးတက်မှုတစ်စုံတစ်ရာ ပို၍ဖြစ်လာမည်ဟု အာဏာပိုင်များက မျှော်လင့်နေသည်။ သို့သော် မြန်မာနိုင်ငံသည် မြန်ဆန်စွာအကောင်ရေတိုးပွားလာသော တောရိုင်းသတ္တဝါများကို အစီစဉ်တကျ ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်သော အတွေ့အကြုံများ ရှိခဲ့ဖူးသည်။

၁၉၈၂က ဆေးဘက်ဆိုင်ရာသုတေသနအတွက် ဂျပန်နှင့်တရုတ်နိုင်ငံသို့ မျောက်များတင်ပို့ခဲ့သော်လည်း တိရိစ္ဆာန်များသည် မကျန်းမာဟုဆိုကာ ပေးပို့လိုက်သည့် မျောက်အကောင်၂၀ခန့်ကို အဆိုပါနိုင်ငံများက အသုံးပြုရန်ငြင်းဆိုခဲ့သည်။ ယင်းနောက် အဆိုပါ စီမံကိန်းလည်း ရပ်ဆိုင်းသွားခဲ့သည်။

အဆိုပါမျောက်များကို အစိုးရက ရန်ကုန်ရှိ လှော်ကားအမျိုးသား သဘာဝဥယျာဉ်အတွင်း ဘေးမဲ့လွှတ်ပေးခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မျောက်ကောင်ရေသည် ၂,၀၀၀ ကျော်ခန့်အထိ အဆမတန်တိုးပွားလာပြီး ဂေဟစနစ်ပျက်ယွင်းကာ ဥယျာဉ်အတွင်းက အခြားတိရစ္ဆာန်များအတွက် အစာရေစာ ပြတ်လတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဖရွန်းတီးယားမြန်မာက မတ်လအတွင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သကဲ့သို့ ၁၉၆၃တွင်ဖွဲ့စည်းခဲ့သော ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်းကော်ပိုရေးရှင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မိကျောင်းများဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ကို ပြည်ပနိုင်ငံများသို့ အရှင်လတ်လတ်သော်လည်းကောင်း၊ မိကျောင်းအရေခွံများကိုထုတ်ယူ၍သော်လည်းကောင်း တင်ပို့ခဲ့သည်။ မိကျောင်းရေခွံများကို သားရေဖြင့်ပြုလုပ်ထားသော တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများတွင် အသုံးပြုကြသည်။

ထိုအချိန်တွင် စင်ပြိုင်မှောင်ခိုစျေးကွက်တစ်ခုပေါ်ပေါက်ခဲ့သည်။ မောင်ခိုရောင်းချသူများထံက ဖမ်းဆီးရရှိသည့် မိကျောင်းများကို အာဏာပိုင်များက ကုန်သွယ်ရေးဝန်ကြီးဌာနပိုင် ခြံဝန်းတစ်ခုအတွင်း ထိန်းသိမ်းခဲ့သည်။ ယင်းနောက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်ရှိ သာကေတမြို့နယ်တွင် မိကျောင်းမွေးမြူရေးစခန်းတည်ဆောက်၍ ယင်းမိကျောင်းများကို မွေးမြူစေခဲ့သည်။

အဆိုပါ မိကျောင်းမွေးမြူရေးစခန်းသည် ခရီးသွားဧည့်သည်များကိုဆွဲဆောင်ရာ မထင်မရှား နေရာတစ်ခုဖြစ်ပြီး မိကျောင်း ကောင်ရေ ၅၀၀ကျော်ကိုထားရှိရာ သုတေသနဌာနအဖြစ်လည်း ဆက်လက်တည်ရှိနေသည်။ သို့သော် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေသော တိရိစ္ဆာန်မျိုးစိတ်များအား ရောင်းဝယ်ဖောက်ကားခြင်းဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ် (CITES) တွင် ပါရှိသော စည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံက လိုက်နာနိုင်ခြင်းမရှိ၍ သာကေတ မိကျောင်းမွေးမြူရေးစခန်းက မိကျောင်းနှင့် ၎င်းတို့၏ အရေခွံများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပေ။

“မိချောင်းတွေရဲ့ စျေးကွက်က အကြီးကြီးပဲ။ သူတို့ ဒီကနေ ငွေရအောင် ဘာကြောင့် ဆက်မလုပ်ခဲ့သလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး” ဟု ဒေါက်တာသိန်းအောင်က ပြောသည်။

မြန်မာနိုင်ငံတဝန်းက အပန်းဖြေစခန်းများနှင့်တိရိစ္ဆာန်ရုံများပါဝင်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ၂၀ခုသာ တောရိုင်းတိရိစ္ဆာန်များကို မွေးမြူရန် လိုင်စင်ရထားပြီးသားဖြစ်သော်လည်း ယင်းပုဂ္ဂလိကလုပ်ငန်းများကို တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားရန်နှင့် အသားစားမွေးမြူရန်ကိုမူ ယခုချိန်ထိ တားမြစ်ထားဆဲဖြစ်သည်။

လက်ရှိအချိန်အထိ ယင်းအပန်းဖြေစခန်း ၂၀ခုတွင် မှတ်ပုံတင်ထားသော တိရိစ္ဆာန် အမျိုးအစားပေါင်း ၄,၃၁၈ မျိုးရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတာဝန်ရှိသူများက ဆိုသည်။

သို့သော် ယင်းပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အာဏာပိုင်များက အမိန့်၊ ညွှန်ကြားချက်များဖြင့် ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်း ရှိ၊​ မရှိကိုမူ မသိရှိရပေ။

ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံ၏ပထမဆုံးပုဂ္ဂလိကတိရိစ္ဆာန်ရုံများအနက် တစ်ခုဖြစ်သော မွန်ပြည်နယ်ရှိ စိမ်းလဲ့တင်အပန်းဖြေစခန်းတွင် ဝန်ထမ်းများက တိရိစ္ဆာန်များကိုရိုက်ခြင်း၊ အစာမကျွေးဘဲထားခြင်း စသည့် လုပ်ရပ်များကို လည်ပတ်သူများကတွေ့ရှိ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြရာ အများပြည်သူ ဝေဖန်မှုကို ခံခဲ့ရသည်။

ယင်းအပန်းဖြေစခန်းကို ၂၀၀၇က အစိုးရခွင့်ပြုချက်ဖြင့် ကျိုက်ထိုမြို့တွင်ဖွင့်လှစ်ခဲ့ပြီး၊ တိရိစ္ဆာန် ၄၈ မျိုးကိုမွေးမြူထား၍ ကျားသစ်၊ ကျားနှင့် ဆင်များလည်း ပါဝင်သည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် အပန်းဖြေစခန်းတာဝန်ရှိသူများက တိရိစ္ဆာန်များကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ဖြေရှင်းခဲ့သည်။

အသစ်ထွက်ရှိသည့် စည်းမျဉ်းစည်းကမ်းများအရ မွေးမြူသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန်များ နေထိုင်မှုဝန်းကျင်ကောင်းရရှိရေးအတွက် တာဝန်ရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာနိုင်ဇော်ထွန်းက ပြောသည်။

အမဲလိုက်ကစားခြင်းကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ခွင့်ပြုချက် လာရောက်လျှောက်ထားခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

၎င်းမွေးမြူထားသည့် ဝက်ဝံကို ကိုအောင်က အများပြည်သူနှင့်သက်ဆိုင်သည့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

တောင်ငူက ဝက်ဝံစွန့်လွှတ်ရေးအစီအစဉ်

တောင်ငူကအကြောင်းကို ပြန်ဆက်ရလျှင် “ဝက်ဝံချစ်သူကြီး” ကိုအောင်မှာ သစ်တောဦးစီးဌာန၏ ဖိအားပေးမှုကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသည်။

အိမ်မွေးအဖြစ် မွေးမြူထားသည့် တောရိုင်းတိရစ္ဆာန်များကို တောတောင်များသို့ ပြန်လွှတ်ရန် သစ်တောဦးစီးဌာနက ၎င်းအပါအဝင်တောရိုင်းတိရိစ္ဆာန်မွေးမြူသူများကို ဖိအားပေးခဲ့သော်လည်း အခက်အခဲတစ်ခုက ရှိနေသည်။ ဘဝတစ်လျှောက်လုံး အိမ်မွေးတိရစ္ဆာန်များအဖြစ် လူတို့၏ ဂရုစိုက်မှုအောက်တွင် ကြီးပြင်းလာရသည်ဖြစ်ရာ ကိုအောင်၏ ဝက်ဝံများသည် တောကြီးမျက်မဲအတွင်း သဘာဝအလျောက် ကျင်လည်ကျက်စားနိုင်စွမ်းမရှိပေ။ တစ်သက်လုံး လူတို့နှင့် လက်ပွန်းတသီးနေလာသည်ဖြစ်ရာ ၎င်းတို့သည် လူနှင့်လည်းယဉ်ပါးနေသည်။ ယင်းသို့ လူကိုယဉ်ပါးခြင်းကြောင့် တောလိုက်မုဆိုးများ၏ ကျော့ကွင်းသို့ အလွယ်တကူ ကျရောက်ဆင်းသက်နိုင်ပြီး သတ်ဖြတ်ခံရသည့် အန္တရာယ်ရှိနေသည်။

အာဏာပိုင်များကလည်း ဤပြဿနာကို မသိသည်မဟုတ်၊​ သိကြသည်။ သို့သော် ၎င်းတို့အတွင် ဥပဒေအတိုင်း ဆောင်ရွက်သည်ကလွဲ၍ အခြားရွေးချယ်စရာမရှိဟုဆိုသည်။

“လှောင်အိမ်ထဲနေတဲ့ တိရိစ္ဆာန်တွေကို တောထဲပြန်လွှတ်ဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်မှန်း ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘူး။ သူတို့ကို ကျွန်တော်တို့ဌာနမှာလည်း ထိန်းသိမ်းထားလို့မရဘူးလေ”ဟု တောင်ငူသစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က ပြောကြားသည်။

ဥပဒေကန့်သတ်ချက်ကြောင့် ပိုင်ရှင်များက ဆက်လက်မွေးမြူရန် မဖြစ်နိုင်တော့သည့် တောရိုင်းတိရစ္ဆာန်များအတွက် ဘေးမဲ့တောတစ်ခုကို အစိုးရက ဖန်တီးပေးသင့်ကြောင်း ဒေါက်တာသိန်းအောင်က အကြံပြုသည်။ အဆိုပါဘေးမဲ့တောသည် ၎င်းတို့ကို တိရစ္ဆာန်ရုံများတွင် အချုပ်နှောင်ခံထားရှိခြင်းထက် ပို၍လွတ်လပ်သောဝန်းကျင်တစ်ခု ဖြစ်လာစေနိုင်သည့်အပြင် တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တောရိုင်းသုတေသီတို့အတွက်ပါ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ခက်ခဲသည့်ရွေးချယ်မှုများအဆုံးတွင် သူမြတ်နိုးသည့် ဝက်ဝံများကို ၎င်းတို့ဘာသာ ရှင်သန်ရန်မဖြစ်နိုင်ဟုဆိုကာ တောတောင်အတွင်းသို့ ပြန်လွှတ်ရန် အစီအစဉ်ကို ကိုအောင်က စွန့်လွှတ်လိုက်သည်။

“ဒီလောက်ယဉ်ပါးနေတဲ့ ကောင်လေးတွေ တောထဲမှာ ဘယ်လိုလုပ် နေထိုင်ရပ်တည်မလဲ” ဟု ၎င်းက ပြောသည်။

တောင်ငူမြို့ကို ကားဖြင့် ခရီးတပတ်လှည့်လည်ပြီးနောက် သူသည် ဝက်ဝံများကို ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးပေါ်က ပိုင်အိုးနီးယား စားသောက်ဆိုင်ဝင်းအတွင်း တည်ဆောက်ထားသော ပုဂ္ဂလိကတိရိစ္ဆာန်ရုံသို့ ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ တိရစ္ဆာန်ရုံသည် ထိုစဉ်က (ဇူလိုင်လက) တည်ဆောက်ဆဲဖြစ်ပြီး တိရစ္ဆာန်မွေးမြူခွင့်အတွက် အစိုးရခွင့်ပြုချက်ကို စောင့်ဆိုင်းဆဲဖြစ်သည်။ တည်ဆောက်ပြီးစီးပါက တိရိစ္ဆာန်မျိုးပေါင်း ၆၀ ကျော်ဖြင့် လည်ပတ်သူများကို ဆွဲဆောင်နိုင်မည့် ပုဂ္ဂလိကတိရိစ္ဆာန်ရုံတစ်ခုဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံ၏ တောရိုင်းတိရိစ္ဆာန်များကို စီးပွားဖြစ်မွေးမြူရေးမူဝါဒေအရွေ့ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိကြီးစွာ စောင့်ကြည့်လျက်ရှိသည်။ ထိထိရောက်ရောက် မကွပ်ကဲနိုင်သော ကျားမွေးမြူရေးခြံများသည် အမြဲမပြတ်ဝယ်လိုအားမြင့်နေသော ရိုးရာတိုင်းရင်းဆေးကုန်ကြမ်း ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းပေးရာ ရောက်သွားမည်ကို နိုင်ငံတကာအဖွဲ့အစည်းများက အထူးစိုးရိမ်သည်။ ထို့ပြင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရုံမျှရည်ရွယ်ချက်ဖြင့် ရှားပါးတောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးမှုပိုမိုမြင့်တက်လာမည်ကိုလည်း ၎င်းတို့က သတိကြီးကြီး စောင့်ကြည့်နေကြသည်။

ဥပဒေအရ ခွင့်ပြုလိုက်၍ စီးပွားဖြစ်မွေးမြူခွင့်ပြုသော မူဝါဒအရွေ့မှ ပေါ်ထွက်လာမည့် ဖြစ်ပေါ်တိုးတက်မှုများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများသာမက တောရိုင်းတိရစ္ဆာန်မှောင်ခိုကုန်ကူးသူများကပါ တရိပ်ရိပ်စောင့်ကြည့်လျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar