ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အခွင့်အရေး လာယူနေခြင်းမဟုတ်ဘဲ နိုင်ငံရေးတာဝန်များ လာရောက် ထမ်းဆောင်နေခြင်းသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအတွက် မော်တော်ယာဉ်များ ဝယ်ယူရေးနဲ့ ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်မှုနဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပြီးနောက် သူက အခုလို တုန့်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ဖြတ်သန်းခဲ့မှုတွေမှာ ကြမ်းတမ်းမှုတွေ များစွာရှိပါတယ်။ ဒီအတွက် ဒီတာဝန်တွေကို ယူနေကြတယ်။ ဝန်ကြီးတွေကို တာဝန်ပေးတယ်ဆိုတာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေးယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲပြုလို့မရနိုင်ပါဘူး” လို့ ဦးဖြိုးမင်းသိန်းက သတင်းထောက်တွေကို ဇွန် ၁၀ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ အားလုံးဟာ ယုံကြည်မှုတွေအတွက် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ တိုင်းပြည် တိုးတက်အောင်၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ကားစီးဖို့ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ကျွန်တော်ပြောချင်ပါတယ်” လို့လည်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။
အစိုးရအဖွဲ့ဝန်ကြီးတွေအတွက် Ford သို့မဟုတ်၊ တိုယိုတာကား ၁၀ စီး ဝယ်ယူဖို့အတွက် ကျပ်သန်း ၁,၀၀၀ တောင်းခံမှုနဲ့ ပတ်သက်ပြီး လွှတ်တော်က ကန့်ကွက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ကားတစ်စီးကို ကျပ်သိန်း ၁,၀၀၀ ပေးကာ ဝယ်သင့်မသင့်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေသလို ဝယ်ယူဖို့ စီစဉ်ထားတဲ့ ကားတွေရဲ့ အမှတ်တံဆိပ်ကို ကြိုတင်ရွေးချယ်ထားမှုကိုလည်း ပြည်သူတွေက ဝေဖန်နေကြပါတယ်။
ဦးဖြိုးမင်းသိန်းကတော့ ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ တပ်ဆင်တဲ့ကားတွေကို ဦးစားပေး ဝယ်ယူလိုခြင်းသာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
“တိုင်းဒေသကြီးရဲ့ မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားတဲ့ မူဝါဒတွေအရ ကျွန်တော်တို့က မြန်မာပြည်မှာလာပြီး assembly (တပ်ဆင်မယ့်) လုပ်မယ့် ကားတွေကို ဦးစားပေးပြီး ဝယ်ချင်ပါတယ်။ ဒါမှသာလျှင် ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အားပေးရာရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တိုယိုတာကားထဲကလည်းကောင်း၊ နစ်ဆန်းထဲကလည်းကောင်း၊ Ford ထဲက လည်းကောင်း ဒီလိုဝယ်ယူဖို့အတွက် လျာထားငွေသတ်မှတ်ခြင်းပဲ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
တောင်းခံသည့်ငွေမှာလည်း လျာထားငွေသာဖြစ်ပြီး ဝယ်ယူပြီးတဲ့အချိန်မှာ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပြီး ပိုငွေကို ပြန်လည်အပ်နှံမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဝန်ကြီးတွေ လက်ရှိအသုံးပြုနေတဲ့ ကားတွေဟာ ပြီးခဲ့တဲ့အစိုးရ ငါးနှစ်လက်ထက်က အသုံးပြုခဲ့တဲ့ ကားတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဒါ့အပြင် စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ကားတွေဖြစ်ပြီး “ဂျုံးဂျုံးကျနေပြီ” လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့က ကိုယ်ပိုင်ကားတွေမဟုတ်ဘဲ အဆောင်အယောင်ဥပဒေအရ ပေးကိုပေးရမယ့်ကား တွေရှိပါတယ်။ အဲဒီပေးတဲ့ နေရာမှာလည်း အိမ်သုံးဖို့တစ်စီးပေးသလို ရုံးစီးဖို့ တစ်စီးပေးပါတယ်။ ရုံးစီးဖို့ကားကလည်း စလွန်းကားမျိုး ကျွန်တော်တို့မပေးပါဘူး။ Wagon လို ကားမျိုးပဲ ကျွန်တော်တို့ ပေးပါတယ်။ ဒါဘာကြောင့်လဲဆိုရင် နယ်မြို့တွေကို သွားလာပြီးတော့ စစ်ဆေးရေးတွေကို လုပ်မယ်ဆိုရင် စလွန်းကားတွေက အဆင်မပြေပါဘူး။ Wagon ကလည်း ဇိမ်ခံကားမဟုတ်ပါဘူး” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“အဆောင်အယောင်အရ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ဘက်ဂျက်ကနေ ဝယ်ရမှာမဟုတ်ပါ ဘူး။ ဒါက ပြည်ထောင်စုကနေ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနဘက်ကနေ ကျွန်တော်တို့ကို ချပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စု စီမံ၊ဘဏ္ဍာ ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ဆွေးနွေးနေပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာန ဘက်ကနေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာမလိုအပ်တော့ပါဘူး” လို့ သူကပြောပါတယ်။