ပခုက္ကူ၊ ဇန်နဝါရီ ၂၅
အစိုးရ၏ စီမံကိန်းများအောင်မြင်ရန်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြရန်နှင့် သည်းခံသင့်သည့်နေရာများတွင် သည်းခံကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်သည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် ၎င်းတို့၏ တာဝန်များကို အင်တိုက်အားတိုက် လုပ်ဆောင်နေသော်လည်း အစိုးရသက်တမ်းသည် နုနယ်သေးသည် ၁၀ လခန့်သာ ရှိသေးသည်ကိုလည်း သတိပြုရန် ပြောကြားခဲ့သည်။
“ကျွန်မတို့ဘယ်တုန်းကမှ ကျွန်မတို့ ပြည်သူပြည်သားတွေကို ငါတို့ အားလုံး လုပ်ပေးမယ်လို့ မပြောခဲ့ဘူး။ ပြည်သူတွေလဲပါမှ လုပ်သမျှကိစ္စတွေ အောင်မြင်မယ်ဆိုတာ ထပ်တလဲလဲ ပြောခဲ့ပါတယ်။ အဲဒါကိုတော့ သေသေချာချာ နှလုံးသွင်းပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမြို့နယ်၊ စံပြကြီးကျေးရွာတွင် ၎င်းအား လာရောက်ကြိုဆိုကြသည့် ထောင်နှင့်ချီသည့် လူထုကို ယနေ့ ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် အားလုံးကျေနပ်မှုရသည့် အခြေအနေမျိုးရရှိအောင် ကြိုးစားမည်ဟုလည်း ဒေါ်အာင်ဆန်းစုကြည်က ကတိကဝတ်ပြုခဲ့ပြီး သည်းခံစိတ်ရှည်ကြရန်လည်း လူထုကို တိုက်တွန်းခဲ့သည်။
“ပြည်သူလူထုကလဲ ပြောသင့်တာကို ပြောပါ။ ကိုယ်လုပ်သင့်တာလဲ လုပ်ပါ။ ဒါပေမယ့်လည်း သည်းခံ သင့်တဲ့နေရာမှာလည်း သည်းခံပါ။ သည်းမခံသင့်တဲ့နေရာမှာတော့ သည်းမခံပါနဲ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပုဂံနှင့် ပခုက္ကူသို့ နှစ်ရက်ကြာခရီး ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာများသို့ သွားရောက်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
သတင်း-ထွန်းခိုင်