ရန်ကုန်၊ သြဂုတ် ၂၂
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရအပေါ် လူထု၏ မျှော်လင့်ထားချက်များ လျော့ကျလာသည်ကို International Republican Institute (IRI) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူထားသည့် လူထုစစ်တမ်းတခု၏ ရလဒ်များက ဖော်ပြနေသည်။
Myanmar Survey Research ၏ ပူးပေါင်းပါဝင်မှုဖြင့် IRI က တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ၃,၀၀၀ အား နိုင်ငံရေး၊ စီးပွားရေး၊ အစိုးရသစ်အပေါ် မျှော်လင့်ချက်များနှင့် လူမှုရေးဝန်ဆောင်မှုများ စသည့်အချက်များကို အခြေခံ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
IRI က ယခုကဲ့သို့ လူထုစစ်တမ်းတခုကို ၂၀၁၄ ခုနှစ်ကလည်း တကြိမ် ကောက်ယူခဲ့ဖူးပြီး ယနေ့ ထုတ်ပြန်သည့် စစ်တမ်းကိုလည်း ၂၀၁၄ ခုနှစ်က စစ်တမ်းနှင့် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရသည်။
ပထမတကြိမ် စစ်တမ်းကောက်ခဲ့စဉ်က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလိုဖြစ်၍ စစ်တမ်းတွင် လူထု၏ အစိုးရအသစ်ပေါ်မျှော်လင့်ချက်များ ရှိခဲ့သော်လည်း ယခု ထုတ်ပြန်သည့် ၂၀၁၇ စစ်တမ်းသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ တနှစ်ခွဲကာလ သက်တမ်းအတွင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။
“ဘာကြောင့် ဒီအချိန်မှာ ကောက်ရသလဲဆိုတော့ ငွေကြေးဆိုင်ရာကိစ္စတွေလည်း ရှိတာပေါ့” ဟု ဆိုပြီး အစိုးရသစ်သည် တစ်နှစ်ကျော်ခန့်ရှိလာပြီဖြစ်သည့်အတွက် “အစိုးရသစ်ရဲ့ အုပ်ချုပ်မှုအပေါ်မှာ စစ်တမ်းကောက်ထားတာဖြစ်လို့ လူထုရဲ့ ခံစားမှုနဲ့ အမြင်သဘောထားကို ဆန်းစစ်ဖို့အတွက် အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်” ဟု IRI ၏ အစုဝင် ရောဘတ် ဗာဆလုန်းက ဆိုသည်။
“မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်သည် အကောင်းဘက်ကို ဦးတည်နေသလား၊ အဆိုးဘက်ကို ဦးတည်နေသလား” ဆိုသည့် မေးခွန်းကို စစ်တမ်းကောက်ယူခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီက စစ်တမ်းတွင် အကောင်းဘက် ၈၈ ရာခိုင်နှုန်းနှင့် အဆိုးဘက် ၆ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလက ကောက်ယူခဲ့သည့် စစ်တမ်းတွင်မူ အကေင်းဘက် ၇၅ ရာခိုင်နှုန်းနှင့် အဆိုးဘက် ၁၆ ရာခိုင်နှုန်းဟု တွေ့ရှိရသည်။
အဆိုပါ အကောင်းဘက်နှင့် အကောင်းဘက် ဦးတည်နေသည့်ကိစ္စအပေါ် ထပ်ဆင့်မေးခွန်းများ မေးမြန်းရာတွင် လမ်း၊ တံတားစသည့် အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးသည့်အတွက် အကေင်းဘက်သို့ ဦးတည်နေသည်ဟု အကြောင်းပြချက်ပေးသူ များပြားသည်ကို တွေ့ရသည်။
အဆိုးဘက် ဦးတည်နေသည့်ကိစ္စအပေါ်မူ စီးပွားရေးအခြေအနေနှင့် ကုန်ဈေးနှုန်းတက်မှုကို အကြောင်းပြချက်ပေးသူ များပြားနေသည်ကို တွေ့ရသည်။
အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတက်စေလိုမှုနှင့် ပဋိပက္ခများ ပြေလည်လာအောင် လုပ်ဆောင်ရေးကို အစိုးရအနေဖြင့် ဦးစားပေးကာ အဓိကထားလုပ်သင့်ကြောင်း လူထု၏ သဘောထားကို တွေ့ရသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီက စစ်တမ်းတွင် မြန်မာ့စီးပွားရေးအခြေအနေ “အရမ်းကောင်းသည်” ဟု ၁၂ ရာခိုင်နှုန်းက ထင်မြင်ကြပြီး ၇၃ ရာခိုင်နှုန်းက “ကောင်းသည် (ပုံမှန်)” ဟု ဖော်ပြထားသည်ကို တွေ့ရကာ ၁၁ ရာခိုင်နှုန်းက “ညံ့သည်” ဟု ဆိုသည်။
သို့သော် ယခုနှစ် ဧပြီလ စစ်တမ်းတွင်မူ စီးပွားရေးအခြေအနေကို ၁၀ ရာခိုင်နှုန်းကသာ “အရမ်းကောင်းသည်” ဟု ဆိုပြီး ၅၃ ရာခိုင်နှုန်းက “ကောင်းသည် (ပုံမှန်)” နှင့် ၂၂ ရာခိုင်နှုန်းကမူ “ညံ့သည်” ဟု ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၄ စစ်တမ်းတွင် တစ်ရာခိုင်နှုန်းခန့်သာ ရှိသည့် “တော်တော်ညံ့သည်” ဆိုသည့်ပမာဏမှာ ၂၀၁၇ ခုနှစ် စစ်တမ်းတွင် ၉ ရာခိုင်နှုန်းထိ တက်လာသည်ကို တွေ့ရသည်။
IRI ၏ ယခုစစ်တမ်းကို ၂၀၁၇ ခုနှစ်၊ မတ် ၉ ရက်မှ ဧပြီ ၁ ရက်ထိ ကောက်ယူထားခြင်းဖြစ်ပြီး ၈၈ ပွင့်လင်း လူ့အဖွဲ့စည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်အတူ အခြားနိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံညှိနှိုင်း၍မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
IRI အဖွဲ့သည် အမေရိကန် ဝါရှင်တန်ဒီစီအခြေစိုက် အဖွဲ့ဖြစ်ပြီး “ရီပတ်ပလက်ကန်ပါတီနှင့် တစုံတရာ ပတ်သက်မှု မရှိ” ဟု ဆိုသည်။ သို့သော် ရီပတ်ပလက်ကန် အောက်လွှတ်တော်အမတ် ဂျွန်မက္ကိန်းမှာ ထိုအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။
သတင်း-မြတ်ကျော်သူ