တာဝန်သိသည့် အစိုးရသည် အဂတိလိုက်စားမှု ကင်းရုံမျှမက ပြည်သူများအနေဖြင့် သံသယပင်မရှိအောင် နေနိုင်ရမည်ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။
“မိမိတို့ အစိုးရအနေဖြင့် အထူးအလေးပေးသည်မှာ သန့်ရှင်းသည့် အစိုးရ၊ တာဝန်သိသည့် အစိုးရ၊ တာဝန်ယူသည့် အစိုးရ ဖြစ်ပါကြောင်း” ရန်ကုန်တိုင်းဒေသကြီး၊ ကောမှူးမြို့နယ်၌ တိုင်းခရိုင်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားသည်။
“အစိုးရအဖွဲ့တွင် ဝန်ကြီး ၃ဝ ပင်မပြည့်ကြောင်း၊ ပြည်သူများနှင့် ထိတွေ့နေသည့် အောက်ခြေရှိ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်း အများအပြားရှိပါကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းများ သန့်ရှင်းပါမှ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု သံသယမရှိပါမှ မိမိတို့နိုင်ငံသည် သိက္ခာရှိသည့် နိုင်ငံ၊ တိုးတက်သည့် နိုင်ငံ ဖြစ်မည်ဖြစ်ပါကြောင်း” ၎င်းကပြောကြားသည်။
အစိုးရအဖွဲ့တွင် ပါဝင်သူများအား အရေးယူရန် လွယ်ကူသော်လည်း အောက်ခြေတွင်ရှိသည့် များပြားလှသည့် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများကို အရေးယူရန် မလွယ်ကူကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ထို့ကြောင့် “မိမိကိုယ်ကိုယ် ထိန်းသိမ်းဖို့လိုပါကြောင်း” ၎င်းကပြောသည်။
“ပီတိစား၍ ဝသည်ဆိုသော စကားရပ်ကို မိမိအနေဖြင့် ယုံကြည်မှုမရှိဘဲ ဝန်ထမ်းများကို လုံလောက်သည့် လစာ၊ လုံလောက်သည့် အဆောင်အယောင်များ ပေးနိုင်ရန် စီစဉ်ပေးရမည် ဖြစ်ပါကြောင်း” ၎င်းကပြောကြားသည်။
ထို့ကြောင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို နေ့ချင်း၊ ညချင်း ဖြည့်ဆည်း ပေးနိုင်ခြင်းမရှိသော်လည်း တစ်ဆင့်ချင်း ဖြည့်ဆည်းသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။