အစိုးရဟောင်းလက်ထက်က တရားမဝင်သစ်ဖမ်းဆီးရမိမှု ပမာဏနှင့် လက်ရှိအစိုးရ၏ ပထမရက် ၁၀၀ အတွင်း ဖမ်းဆီးမှုကို လအရေအတွက်ဖြင့် ပျမ်းမျှ တွက်ချက်ကြည့်ရာ၌ လက်ရှိအစိုးရက တစ်လလျှင် တန် ၁,၀၀၀ နီးပါး ပိုမို ဖမ်းဆီးနိုင်ခဲ့ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ စုစုပေါင်း ၆၃ လ အတွင်း တရားမဝင်သစ် တန်ချိန်နှစ်သိန်းကျော် ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဧပြီမှ သြဂုတ် ၇ ရက်အထိ လေးလကျော်အတွင်း သစ်တန်ချိန် ၁၇,၃၀၄ ဒဿမ ၃၃ ဖမ်းဆီးနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့အတူ အစိုးရဟောင်းသက်တမ်းအတွင်း တရားမဝင် သစ်ခိုးယူမှုများကြောင့် နိုင်ငံခြားသား တရားခံ ၂၉၅ ဦး အပါအဝင် တရားခံစုစုပေါင်း ၃,၁၂၄ ဦးကို အရေးယူခဲ့ပြီး စက်ယန္တရား ပစ္စည်းအစုံ ၈,၃၉၁ စီးကို သိမ်းဆည်းနိုင်ခဲ့သည်။
လက်ရှိအစိုးရ ရက် ၁၀၀ အတွင်းတွင် တရားခံ ၂၅၆၅ ဦး၊ ယာဉ်/ယန္တရား ၇၈၅ စီးဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသား တရားခံများတွင် တရုတ်နိုင်ငံသားများက အများဆုံးဖြစ်သည်။
“လက်ရှိမှာ တရားမဝင် အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တရားဝင် အများဆုံးတင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်”ဟု သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။
ထိုသို့သော အခြေအနေများကို ယခုထက်ပိုမို ထိန်းသိမ်းနိုင်ရန် သစ်တောဦးစီးဌာနသည် တရားမဝင် သယံဇာတ ကုန်သွယ်မှုများ ပပျောက်ရေးအတွက် အလေးထား ဆောင်ရွက်နေသည်ဟု နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် သြဂုတ် ၁၉ ရက်နေ့က ပြုလုပ်သည့် အစိုးရသစ် ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
သစ်တောပြုန်းတီးမှုနှင့် တရားမဝင် သစ်ခိုးထုတ်မှုများ ကာကွယ်နိုင်ရန် ၂၀၁၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှုများကို ရပ်ဆိုင်းထားသော်လည်း သစ်အချောထည်လုပ်ငန်း တိုးတက်ရန်မှာမူ စိန်ခေါ်မှုများ ရှိနေသေးသည်ဟု သစ်တောဦးစီးဌာနက ဝန်ခံထားသည်။
“သစ်ထုတ်လုပ်နိုင်မှုရဲ့ ၁၂ ရာခိုင်နှုန်းလောက်ပဲ သစ်အချောထည် ထုတ်လုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ သစ်အချောထည်လုပ်ငန်းမှာ ကမ္ဘာ့ကုန်အမှတ်တံဆိပ်အဖြစ် ကိုယ်ပိုင်တံဆိပ်အနေနဲ့ ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုမှ မရှိပါဘူး”ဟု ဦးမျိုးမြင့်က ပြောသည်။
ကျွမ်းကျင်လုပ်သား၊ စက်ရုံအင်အား၊ ဈေးကွက်လိုအပ်ချက်နှင့် ဈေးကွက်ထိုးဖောက်နိုင်မှု၊ စက်ပစ္စည်း မပြည့်စုံခြင်းတို့က သစ်အချောထည်လုပ်ငန်း မထွန်းကားခြင်း၏ အခြေခံအချက်များဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့သော အခြေအနေများနှင့် သစ်လျော့ချ ထုတ်လုပ်ရန် အစီအမံများရှိနေခြင်းကြောင့် တရားမဝင်သစ် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်နိုင်ရန် ဆက်စပ်ဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဌာန၏ မူဝါဒ လုပ်ထုံးလုပ်နည်းများအတွင်း မလိုအပ်ဘဲ ရှုပ်ထွေးနေသော လုပ်ငန်းစဉ်များအား ဖြေလျော့ခြင်းများ ဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်စဉ် သစ်တောဟတ်တာပေါင်း ၅၄၆,၀၀၀ ခန့် ပြုန်းတီးနေပြီး ယင်းပမာဏက နိုင်ငံဧရိယာအတွင်းရှိ သစ်တောပမာဏ၏ ၁ ဒဿမ ၇၂ ရာခိုင်နှုန်းအထိ ရှိသည်ဟု Global Forest Resources Assessments 2015 Desk reference တွင် ဖော်ပြထားသည်။
သတင်း-ဉာဏ်လှိုင်လင်း