အစိုးရဝန်ထမ်းများအနေဖြင့် တစ်နိုင်ငံလုံးအပေါ် သစ္စာခံကြရန်နှင့် တာဝန်ယူကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး ပြည်သူများက အစိုးရဝန်ထမ်းများအပေါ် ယုံကြည်စိတ်ချစေလိုသည်ဟု ပြောကြားသည်။
“ဝန်ထမ်းတွေဆိုတာ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေ၊ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေဆိုတာ ကချင်ပြည်နယ်ရဲ့ ဝန်ထမ်းတွေလည်း ဖြစ်တယ်။ နေပြည်တော်ရဲ့ ဝန်ထမ်းတွေလည်း ဖြစ်တယ်။ ခွဲခြားပြီးတော့ လုပ်လို့မရဘူး” ဟု ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၌ ဇန်နဝါရီ ၉ ရက်နေ့က ကျင်းပသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲတွင် ၎င်းကပြောကြားသည်။
“တို့ကနေပြည်တော်ကလာတဲ့ ဝန်ထမ်းဆိုပြီး စိတ်ဓာတ်ထားလို့မရဘူး။ ငါတို့ကတော့ ဒေသခံဝန်ထမ်း တွေဆိုပြီး စိတ်ဓာတ်ထားလို့မရဘူး။ အားလုံးဟာ တစ်နိုင်ငံလုံးရဲ့ ဝန်ထမ်းတွေဖြစ်တယ်။ တစ်ဦးချင်း တစ်ဦးချင်းဟာ တစ်နိုင်ငံလုံးအပေါ်မှာ သစ္စာခံရမယ်။ တစ်နိုင်ငံလုံးအတွက် တာဝန်ယူရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဝန်ထမ်းများအနေဖြင့် ဒေသခံပြည်သူလူထု၏ လိုအပ်ချက်၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များအား နားလည်အောင် ကြိုးစားစေချင်သည်ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။ “ဒါဟာ ဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“အခက်အခဲတွေ ဘယ်လိုဖယ်ရှားပေးရမယ်၊ မျှော်လင့်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးရမယ်။ ဒါဟာ အစိုးရတာဝန်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရတာဝန်ကို ထမ်းဆောင်တဲ့အထဲမှာ စောစောက ကျွန်မတို့ပြောသလို နိုင်ငံတော်သမ္မတကြီးကနေအစ အောက်ဆုံး ဝန်ထမ်းအထိအပါအဝင် အားလုံးဟာ အစိုးရတာဝန်ကို ထမ်းဆောင်နေတာပါ” ဟု ၎င်းကပြောသည်။
အစိုးရတာဝန်ထမ်းဆောင်ခြင်းမှာ တိုင်းပြည်တိုးတက်ရေး၊ တိုင်းပြည်၏ အနာဂါတ်၊ တိုင်းပြည်၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လုပ်နေခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
“တိုင်းရင်းသား ပြည်သူပြည်သားအပေါင်းကလည်း အစိုးရဝန်ထမ်းများနဲ့ ပတ်သက်တဲ့အခါ ယုံကြည် စေချင်တယ်။ စိတ်ချစေချင်တယ်။ ညီရင်းအကိုတွေလို စိတ်ထားစေချင်တယ်။ အဲဒီလိုစိတ်ထားစေဖို့ ဝန်ထမ်းတွေမှာလည်း တာဝန်ရှိတယ်။ ဝန်ထမ်းတွေကို ပြည်သူပြည်သားတွေကနေ ယုံကြည်ရမယ်၊ စိတ်ချရမယ်၊ ဝန်ထမ်းတွေဆိုတာ ငါတို့အတွက် လုပ်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးရမှာ လူတိုင်းလူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရဝန်ထမ်းလုပ်ခြင်းမှာ သူဋ္ဌေးဖြစ်ရန်အတွက်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“သူဋ္ဌေးဖြစ်ချင်ရင်တော့ စီးပွားရေးလုပ်ဖို့ပဲရှိတယ်။ အဲဒီတော့ ဝန်ထမ်းတွေဟာ သူဋ္ဌေးဖြစ်ချင်လို့ အစိုးရအဖွဲ့ထဲ ဝင်တာ၊ အစိုးရဝန်ထမ်းလုပ်တာ လုံးဝ မသင့်တော်ပါဘူး” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် နိုင်ငံသူ၊ နိုင်ငံသားများက ဝန်ထမ်းများအပေါ် ၁ဝဝ ရာခိုင်နှုန်း ယုံကြည်မှုမရှိသေးသည့်အတွက် ကြိုးစားကြရဦးမည်ဟုလည်း ၎င်းကပြောသည်။
“ပြည်သူပြည်သားတွေက နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုရှိနေမှ ကျွန်မတို့နိုင်ငံဟာ အမှန်တကယ် တိုးတက်တဲ့ နိုင်ငံလို့ခေါ်နိုင်မှာပါ” ဟု ၎င်းကပြောသည်။