နေပြည်တော်၊ မေ ၂
အစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို တပ်မတော်ကိုယ်စား တာဝန်ယူဆောင်ရွက်နေသလို တပ်ပိုင်းဆိုင်ရာကိစ္စတွေ ပေါ်လာရင်လည်း တပ်မတော်ထံတင်ပြပြီး ကူညီဆောင်ရွက်ပေးရတဲ့ တာဝန်ကို ယူထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်နဲ့ တိုက်ရိုက်ပတ်သက်တဲ့အတွက်ကြောင့် မူဝါဒတွေအားလုံးကတော့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် ချမှတ်ပေးထားတဲ့ အစိုးရအဖွဲ့မူဝါဒအပေါ်မှာ ဆောင်ရွက်ပြီးတော့ လုပ်ရပါတယ်။ အစိုးရအဖွဲ့နဲ့ဆိုင်တဲ့ဟာကို ကျွန်တော်တို့ကလုပ်၊ တပ်မတော်နဲ့ဆိုင်တဲ့ဟာကို တပ်မတော်ကို တင်ပြပြီးတော့ ကူညီဆောင်ရွက်ရတာတွေ ရှိပါတယ်”လို့ သူက ပြောပါတယ်။
နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ယနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့ တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေမှာ အစိုးရနဲ့ တပ်မတော် ဘယ်သူ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်ပါသလဲဆိုတဲ့မေးခွန်း ကို ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ဖက်၊ အရပ်ဖက်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးတာဝန်တွေကို ဆောင်ရွက်နေပြီး အစိုးရအဖွဲ့ရဲ့ တာဝန်တွေကို ဆောင်ရွက်ပေးနေတာသာဖြစ်တယ်လို့လည်း ဗိုလ်ချုပ် မြင့်နွယ်က ပြောပါသေးတယ်။
“တပ်မတော်ရဲ့ မူဝါဒချမှတ်ပေးထားတာ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရတာရှိတယ်။ အဓိကကတော့ အစိုးရအဖွဲ့က ချမှတ်ထားတာတွေကို လုပ်ငန်းတွေအကောင်အထည်ဖော် ဆောင်ရွက်ရတာ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းအဖြစ်ရပ်တည်နေပြီး ဥပဒေပြုလွှတ်တော်တွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ရရှိထားပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့မှာပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတဲ့ဝန်ကြီး သုံးဦးကို ခန့်အပ်ရာမှာလည်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်အကြံပြုနိုင်သလို တရားစီရင်ရေးရာတွေမှာလည်း စစ်ဘက်ဆိုင်ရာတရားရုံးတွေကို သီးခြားရပ်တည်နိုင်စေတဲ့အခွင့်အရေးကို ၂၀၀၈ အခြေခံဥပဒေက ပေးအပ်ထားပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း