ရန်ကုန်၊ ဇန်နဝါရီ ၆
အစိုးရက နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မဟန)ကို ဖိအားပေးကာ မြန်မာနိုင်ငံအနှံ့ရှိ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ဆိုင်းဘုတ်များကို ဖြုတ်ချခိုင်းသော်လည်း ဆိုင်းဘုတ်တစ်ခုမှ ဖြုတ်ချခံရခြင်းမရှိဟု မဘသ၏ အထက်မြန်မာပြည် စည်းရုံးရေးတာဝန်ခံ ဆရာတော် ဦးဝီရသူက ကို ယနေ့ မိန့်ကြားသည်။
“ဘုန်းကြီးတို့ မဘသကော၊ မဟနကောက အောက်ခြေအဆင့်မှာ အာဏာပိုင်တွေနဲ့ပါ အဆင်ပြေတယ်။ အခုချိန်ထိ မဘသ ဆိုင်းဘုတ်ကို ဖြုတ်ချရတာ တစ်ခါမှ မရှိသေးဘူး။ ဒါလုပ်ဖို့ မဟနပြောရတာလည်း အစိုးရက ဖိအားပေးလို့လို့ ပြောလို့ရတယ်” ဟု ဦးဝီရသူက မိန့်ကြားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် သံဃာ့နာယကအဖွဲ့ ဆိုင်းဘုတ်များနှင့် စင်ပြိုင်ကာ စိုက်ထူထားသည့် မဘသအဖွဲ့၏ ဆိုင်းဘုတ်များကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နှင့် သံဃာ့နာယကအဖွဲ့တို့က ပူးပေါင်းကာ ဖယ်ရှားပေးရန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် မဟနက ညွှန်ကြားစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်စာတွင်ပင် မဘသအဖွဲ့အစည်းသည် တရားဝင်အဖွဲ့အစည်းမဟုတ်ဟု မဟနက ရေးသားထားသည်။
“အခုအချိန်ထိတော့ မဘသ ဆိုင်းဘုတ်တွေကို လိုက်ဖြုတ်ခိုင်းတာ တစ်ခါမှမတွေ့မိပါဘူး” ဟု မျိုးချစ် ရဟန်းတော်များသမဂ္ဂ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးစန္ဒာသီရိက မိန့်ကြားသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင် ၇ ၇က်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့အစည်း မလိုအပ်တော့ဟု ပြောကြားခဲ့အပြီးတွင် မဘသအဖွဲ့အစည်းသည် မဟနက တရားဝင်အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းမဟုတ်ဟု မဟနက ကြေညာခဲ့သည်။ ထို့နောက် ယခုကဲ့သို့ ဆိုင်းဘုတ်များပါ ဖြုတ်ချရန်အထိ ညွှန်ကြားလာခြင်း ဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်များနှင့် ဆောင်ရွက်မှုများကို သံဃာ့အဖွဲ့အစည်းများအတွင်းတွင် ဆောင်ရွက်မှုများဖြစ်ပြီး သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဝင်ရောက်စွက်ဖက်မှု တစ်စုံတစ်ရာမရှိဟု သာသာနာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။
“ဝန်ကြီးဌာနကတော့ တစ်စုံတစ်ရာ ဝင်ပါတာလုံးဝမရှိပါဘူး။ သံဃာ့အချင်းချင်းကြားမှာ ဆောင်ရွက်တာပါ။ မိတ္ထူကိုတော့ ဝန်ကြီးဌာနကို ပို့တာမှန်ပါတယ်” ဟု ၎င်းကပြောသည်။
မဟန၏ ညွှန်ကြားစာကို မဘသ အနေဖြင့် လက်ခံရရှိခဲ့မှု မရှိသော်လည်း ယင်းညွှန်ကြားချက်သည့် မည်သည့် သံဃာစည်းမျဉ်း၊ အခြေခံဥပဒေ၊ သံဃာ့ဝိနည်းတော်တို့တွင်မှ မပါဝင်သည့်အပြင် ဥပဒေအရ ညီညွတ်မှုလည်း မရှိဟု ဦးဝီရသူအပါအဝင် အမျိုးသားရေးလှုပ်ရှားသူများက ဝေဖန်နေကြသည်။
ထိုကဲ့သို့ ဖိအားပေးဆောင်ရွက်မှုများကို အစိုးရအဖွဲ့ဝင်များအနေဖြင့် သေချာစွာ ပြန်လည်သုံးသပ်သင့်ပြီး အပြစ်ပြုမိခဲ့ပါက ပြန်လည်ဖြေဖျောက်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည်ဟုလည်း ဦးဝီရသူက မိန့်ကြားသည်။
သတင်း-ဟိန်းကိုစိုး