အငြင်းပွားရေပြင်ပေါ် ဖြတ်ကျော်မည့် ဒလတံတား

ဒလတံတားစီမံကိန်းကို ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်နေသူတို့က ဝေဖန်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ ယင်းတံတားကို အဆိုပြုခဲ့သည့် လွန်ခဲ့သော နှစ်များကတည်းက ကန့်ကွက်သင့်ကြောင်း ဆိုသည်။ 

ဆုမြတ်မွန် ရေးသားသည်။

ရန်ကုန်မြို့လယ် ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်နေသူများသည် တံတားဆောက်လုပ်ငန်းများ စတင်ရန် လအနည်းငယ်အလိုတွင် ရန်ကုန်-ဒလတံတား တည်ဆောက်ရေးလုပ်ငန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ တံတားတည်ဆောက်ရန်အဆိုကို ပထမဆုံးတင်သွင်းခဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဖြစ်သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်နေသူတို့သည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စီမံကိန်း ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေကြသည်ဟု စွပ်စွဲပြောကြားကြပြီး ဆိပ်ကမ်းလုပ်ငန်း ကုမ္ပဏီများကမူ သူတို့နှင့် မည်သည့်အချိန်ကမျှ မှန်မှန်ကန်ကန် ညှိနှိုင်းတိုင်ပင်မှု မရှိခဲ့ကြောင်း ပြောသည်။

စီမံကိန်းပါ တံတားအမြင့် လက်ရှိသတ်မှတ်ချက်မှာ ၄၉ မီတာဖြစ်သည့်အတွက် နောင်အနာဂတ် မြို့လယ်ဆိပ်ကမ်းများ ချဲ့ထွင်ရေးစီမံကိန်းကို အနှောက်အယှက် ပြုနိုင်ကြောင်း မြန်မာ့စက်မှုဆိပ်ကမ်း Myanmar Industrial Port (MIP) ၏ အထွေထွေမန်နေဂျာ ဦးသိန်းဌေးက ပြောသည်။

“စီမံကိန်းကို ဖျက်ပစ်ဖို့ ကျွန်တော်တို့ အဆိုပြုနေတာ မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်နိုင်ဖို့အတွက် တခြားနည်းလမ်းရှာဖို့ ပြောနေတာပါ” ဟု ၎င်းက ပြောသည်။

ယခုစီမံကိန်းအစား အစိုးရက မြေအောက်လိုဏ်ခေါင်းကို အသုံးပြုပြီး ဖွံ့ဖြိုးမှုနိမ့်ကျသော ဒလမြို့နယ်ကို ရန်ကုန်မြို့နှင့် ဆက်သွယ်ပေးသင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ပါက ဆောက်လုပ်စရိတ် သက်သာပြီး တာရှည်ခံနိုင်မည်ဖြစ်ကြောင်း ဦးသိန်းဌေးက အကြံပြုသည်။

အေးရှားဝေါလ်ဆိပ်ကမ်း Asia World Port Terminal ၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတားနှင့် တပ်မတော်ပိုင် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁) Ahlone International Port Terminal 1 တို့အပါအဝင် အဓိက မြို့လယ်ဆိပ်ကမ်းကြီးများကလည်း တံတားတည်ဆောက်ရေးကို ဆန့်ကျင်ကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ရန်ကုန်မြစ်တွင်း စက်မှုဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားထားသည့် သင်္ဘောများ။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ရန်ကုန်မြစ်တွင်း စက်မှုဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နားထားသည့် သင်္ဘောများ။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

လွှတ်တော်ကိုယ်စားလှယ်များကမူ ယခုစီမံကိန်းကို မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားဟု တရားဝင် လူသိများခဲ့ပြီး ယခုတံတားကို ဆိပ်ကမ်းလုပ်ငန်း ကုမ္ပဏီများက ကန့်ကွက်မည်ဆိုပါက နှစ်ပေါင်းများစွာ ကတည်းကပင် ပွင့်လင်းစွာ ပြောကြားသင့်ကြောင်း ပြောသည်။

ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများသည် ဦးသိန်းစိန်အစိုးရလက်ထက်က အစိုးရအဖွဲ့တွင် ပါဝင်သော စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ဆက်ဆံရေးကောင်းမွန်နေသဖြင့် ယင်းအစိုးရလက်ထက်က စီမံကိန်းကို မဆန့်ကျင်ခဲ့ကြကြောင်း ဒလမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြအေးက ပြောသည်။

“အခုတော့ အင်န်အယ်လ်ဒီက အာဏာရနေပြီး အခွင့်အရေးတွေ ထပ်လိုချင်လို့ သူတို့က တမင်သက်သက် ကန့်ကွက်နေကြတာပါ” ဟု ၎င်းကပြောသည်။

“ဒီစီမံကိန်းသာ အကောင်အထည် ပေါ်မလာဘူးဆိုရင် ရန်ကုန်တောင်ပိုင်း တစ်ခုလုံးရဲ့ အနာဂတ် မျှော်လင့်ချက် တစ်ခုလုံး ပျက်သုဉ်းသွားပါလိမ့်မယ်”

တောင်ကိုရီးယား ကျောထောက်နောက်ခံဖြင့် ဆောင်ရွက်မည့်စီမံကိန်းကို ၂၀၁၂ ခုနှစ် မေလက ယခင်သမ္မတ ဦးသိန်းစိန် ယင်းနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်က ပထမအကြိမ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံမှ အတိုးနှုန်းသက်သာသော ချေးငွေ Soft Loan အမေရိကန်ဒေါ်လာ ၁၃၈ သန်းအတွက် အစိုးရ၏ ပန်ကြားချက်ကို ပြည်သူ့လွှတ်တော်က ၂၀၁၅ ခု မေလတွင် အတည်ပြုပေးခဲ့ပြီး သဘောတူစာချုပ်ကို နိုဝင်ဘာလ၌ လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ငန်းစတင်သည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည်။

၁,၈၇၂ မီတာရှည် တံတားအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ သန်းရှိမည်ဟု ခန့်မှန်းထားရာ ကျန်အသုံးစရိတ်ကို အစိုးရက ကျခံမည်ဖြစ်သည်။

မေလတွင် ကျင်းပသည့် အစည်းအဝေး၌ ရန်ကုန်အစိုးရ၊ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရ လုပ်ငန်းဌာနများနှင့် တောင်ကိုရီးယား ကန်ထရိုက်တာများသည် အမြင့် ၄၉ မီတာ သတ်မှတ်ချက်အပါအဝင် ဗိသုကာဒီဇိုင်းကို သဘောတူခဲ့ကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းကို ယခုနှစ်တွင်စတင်ပြီး ၂၀၂၁ ခုနှစ်၌ အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

မြန်မာ့စက်မှုဆိပ်ကမ်း MIP ကိုယ်စားလှယ်များလည်း မေလအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ဒီဇိုင်းကို သဘောတူခဲ့ကြကြောင်း ဦးစိန်မြအေးက ပြောသည်။ သို့သော် ကုမ္ပဏီမှ တာဝန်ရှိသူများကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ ချေးငွေကို စက်တင်ဘာ ၁၂ ရက်တွင် အစိုးရထံ လွှဲပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးအချိန်ရောက်မှ ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများက အဘယ့်ကြောင့် ကန့်ကွက်ပြောဆိုရန် ဆုံးဖြတ်ခဲ့ကြပါသနည်းဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ (အင်န်အယ်လ်ဒီအမတ်၊ ဒဂုံ -၂ မဲဆန္ဒနယ်) က မေးခွန်းထုတ်ခဲ့သည်။

တံတားနေရာတွင် ဥမင်လိုဏ်ခေါင်းဖြင့် အစားထိုးမည်ဆိုပါက အကုန်အကျ သက်သာမည်ဆိုသောအချက်ကို ၎င်းကငြင်းပယ်ခဲ့ပြီး ဒီဇိုင်းသစ်ဆွဲရန် အချိန်ယူရမည်ဖြစ်သဖြင့် နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာ သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“ဥမင်လိုဏ်ခေါင်းက တံတားထက် ကုန်ကျစရိတ် သက်သာလိမ့်မယ်လို့ သူတို့ ဘာကြောင့်ပြောတယ်ဆိုတာ ကျွန်တော် သိချင်တယ်။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရကပဲ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အစိုးရက ဒလဒေသခံများ၏ အမြင်များကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ထပ်လောင်းပြောကြားသည်။

ကန့်ကွက်ပြောဆိုမှုများကြောင့် စီမံကိန်းနှောင့်နှေးခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်းများ ဖြစ်လာမည်ကို ပြည်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒလဒေသခံ ကိုမျိုးစန်းက ပြောသည်။

ဒလဒေသခံများ မြို့ထဲသို့ အလွယ်တကူ သွားနိုင်ပြီး၊ အထူးသဖြင့် ကူးတို့များ မရှိတော့သော ညဘက်တွင် တံတားက ပိုမိုလွယ်ကူစွာ ဆောင်ကြဉ်းပေးနိုင်ကြောင်း ၎င်းကပြောသည်။

“ဒီတံတားဆောက်ဖြစ်ဖို့ လူတိုင်းက ဆုတောင်းနေကြတယ်” ဟု ကိုမျိုးစန်းက ပြောသည်။

ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်သူများသည် ပြည်ထောင်စုလွှတ်တော်မှ ဆန့်ကျင်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။ ဆန့်ကျင်ကန့်ကွက်မှု တစ်ခုတည်းကြောင့် အစိုးရက စီမံကိန်းကို မရပ်တန့်နိုင်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ (ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မြို့နယ်) က ပြောသည်။

“အစိုးရက မြေပြင်အခြေအနေကိုလည်း စစ်ဆေးဖို့ လိုဦးမှာပေါ့ ” ဟု ၎င်းကပြောသည်။

ညနေခင်း ဆည်းဆာအလှနောက်ခံလျက် ဒလ-ရန်ကုန်ကူးတို့ သင်္ဘော တစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ညနေခင်း ဆည်းဆာအလှနောက်ခံလျက် ဒလ-ရန်ကုန်ကူးတို့ သင်္ဘော တစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝေဖန်ချက်ကို Frontier က ဆက်သွယ်မေးမြန်းခဲ့သော်လည်း စီမံကိန်းအတွက် တာဝန်ရှိပုဂ္ဂိုလ် ခရီးသွားနေကြောင်းသာ သိခဲ့ရသည်။

သို့သော် မြန်မာ့စက်မှုဆိပ်ကမ်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀ ထုတ်ချေးမည်ဟု ၂၀၁၆ ခုနှစ် ဧပြီလက ကြေညာခဲ့သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation-IFC တွင် ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်သူများက မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ရရှိခဲ့သည်။

ထိုကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံလုံးဆိုင်ရာ မန်နေဂျာ မစ္စတာ ဗီကရန်ကူးမားက ရန်ကုန်မြို့တွင်း ဆိပ်ကမ်းများ တိုးချဲ့သည့်အခါ အခက်အခဲများ ရှောင်ရှားနိုင်ရေးအတွက် တံတားအမြင့် မည်မျှထားမည်ဟူသောအချက် အပါအဝင် စီမံကိန်းကို “လွတ်လပ်စွာ” အကဲဖြတ်ရေးက “အရေးပါ” သည်ဟု သူယုံကြည်ကြောင်း ပြောသည်။

“ရန်ကုန်ဆိပ်ကမ်းတွေမှာ ပိုမိုကြီးမားတဲ့သင်္ဘောတွေ လွန်းတင်နိုင်ဖို့် ရေကြောင်းမှာ သောင်တူးဖော်ရေး စီမံကိန်းကို (မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့) က စီမံဆောင်ရွက်နေပါတယ်။ ဒီသင်္ဘောတွေက အနည်းဆုံးအဖြစ် သတ်မှတ်ထားတဲ့အမြင့် လိုအပ်ချက်ထက် ပိုပြီးမြင့်ပါတယ်” ဟု ၎င်းကပြောသည်။

“ဒီအခြေအနေက ရန်ကုန်အဝင်အထွက် သယ်ယူစရိတ်ကို ထူးထူးခြားခြား လျော့ကျစေမှာဖြစ်ပြီး အမျိုးသားစီးပွားရေးကို အထောက်အကူပေးတဲ့ ဒီအကျိုးစီးပွားတွေနဲ့ ဆိပ်ကမ်းတွေရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့တံတားကို ဆောက်လုပ်လို့ရလာမယ့် အကျိုးအမြတ်တွေကို ချိန်ထိုးကြည့်သင့်ပါတယ်” ဟု မစ္စတာ ဗီကရန်ကူးမားက ပြောသည်။

ပြည်တွင်းကုမ္ပဏီ မြန်မာ့အဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)က ပိုင်ဆိုင်သော မြန်မာ့စက်မှုဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးရန် စီစဉ်ထားကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင် IFC က စောစောပိုင်းက ပြောသည်။ တံတားအမြင့်ကို အဆိုပြုထားသည့်အတိုင်း ဆက်လက်ထားရှိမည်ဆိုပါက ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ် ထိခိုက်နိုင်ဖွယ်ရှိသည်။

“မြန်မာ့စက်မှုဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်နေလို့ မြန်မာ့စက်မှုဆိပ်ကမ်းကို ထိခိုက်စေမယ့် ဖြစ်ပေါ်တိုးတက်မှုမှန်သမျှက ဆိပ်ကမ်းမှာ ဆောင်ရွက်မယ့် IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ဂယက်ရိုက်ခတ်မှု ရှိနိုင်ပါတယ်” ဟု မစ္စတာ ဗီကရန်ကူးမားက ပြောသည်။

စီးပွားရေး၊ လူမှုရေးနှင့် သဘာပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ချက်များအပါအဝင် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် အပြည့်အစုံကို ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်သူတို့အား အစိုးရက မပေးကြောင်း မြန်မာစက်မှုဆိပ်ကမ်း၏ အကြံပေး ဒေါ်ချယ်ရီ ထရီဗယ်ဒီက ပြောသည်။

အစိုးရသည် ကမ္ဘာ့ဘဏ်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အေဂျင်စီများထံမှ အကြံဉာဏ်များကိုလည်း ပိုမိုရယူသင့်ကြောင်း ၎င်းက ပြောသည်။

“ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု တစ်ခုခုရှိမယ်ဆိုရင် စီမံကိန်းကို ဆန့်ကျင်တဲ့သူရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စကတည်းက ဘယ်သူကမှ သဘောမတူခဲ့ပါဘူး။ အစိုးရက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဇွတ်အတင်း လုပ်ခဲ့တာပါ။ ဒါကြောင့် လူတွေက ဆက်မလုပ်ဖို့ ပြောနေကြတာပါ” ဟု ဒေါ်ချယ်ရီ ထရီဗယ်ဒီက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ် တစ်ခ်နာ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar