အငြင်းပွားဖွယ်ဆု လက်မခံရန် သမ္မတနှင့်အတိုင်ပင်ခံဆုံးဖြတ်

Frontier

ရန်ကုန်
“ဆုအတု”ဟု ဝေဖန်ထောက်ပြမှုများရှိနေသည့် ခရီးသွားဆိုင်ရာ ဆုနှစ်ဆုကို လက်မခံရန် သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဆုံးဖြတ်လိုက်သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးက တင်ပြလာမှုအပေါ် နိုင်ငံတော်အကြီးအကဲနှစ်ဦးက ခွင့်မပြုခြင်းဖြစ်ကြောင်းသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင်မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု (The World Best Tourist Destination Award) ကိုမြန်မာနိုင်ငံအားလည်းကောင်း ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ဥရောပခရီးသွားအကယ်ဒမီ (European Tourism Academy)အဖွဲ့ဝင်အဖြစ်လည်းကောင်း ပေးအပ်ရန်ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (ECTT)ဟူသောအဖွဲ့အစည်းကစီစဉ်နေခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့အစည်းသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကအတိုက်အခံပါတီများကို ဖျက်သိမ်းပြီးကျင်းပခဲ့သည့်ရွေးကောက်ပွဲကို တရားမျှတသည်ဟုကြေညာခဲ့၍နာမည်ပျက်ခဲ့သောအဖွဲ့အစည်းဖြစ်သည်။ဥရောပသမဂ္ဂ (EU) လက်အောက်ခံ အဖွဲ့အစည်းအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး ဖွံ့ဖြိုးစနိုင်ငံများကို ဆုအတုများပေးနေသောအဖွဲ့အစည်းဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ၊အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက်သင်ကြားနေသူကိုနေယံဦးက အထောက်အထားများဖြင့်ဝေဖန်ထောက်ပြခဲ့သည်။
“အဲ့ဒီဆုကို လက်ခံယူမှာလည်းမဟုတ်ဘူး”ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးကပြောသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ဖြစ်သည့် ယခုလ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-II) တွင် အခမ်းအနားနှင့် ပေးအပ်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် တက်ရောက်လက်ခံရန် ECCT က ကနဦးစီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ကိုနေယံဦး၏ ဖော်ထုတ်ချက်များအရ အခမ်းအနားကုန်ကျစရိတ်များနှင့် ECCT ကိုယ်စားလှယ်အဖွဲ့အတွက်ကုန်ကျစရိတ်များကိုပါ မြန်မာဘက်ကတာဝန်ယူရမည့်အခြေအနေဖြစ်ပြီးအနည်းဆုံးကျပ် သိန်းလေးရာကျော်ကုန်ကျမည်ဖြစ်သည်။ECCTသည် ၎င်းတို့နှင့်မပတ်သက်ဟု ဥရောပသမဂ္ဂကလည်း အစိုးရကိုအကြောင်းကြားခဲ့ကြောင်းမြန်မာတိုင်းမ်သတင်းကိုကိုးကားပြီးကိုနေယံဦးကပြောသည်။
ECCT ဖေ့ဘွတ်ခ်စာမျက်နှာနှင့်ဆိုဒ်တွင် မြန်မာနိုင်ငံကိုဆုပေးမည့်အကြောင်းအရာများကို ဓာတ်ပုံများနှင့်ဝေဝေဆာဆာဖော်ပြခဲ့သော်လည်း ယခုအခါ အဆိုပါသတင်းနှင့်ဓာတ်ပုံများကိုပြန်ဖြုတ်လိုက်ပြီဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်-

ဒုသမ္မတကိုဆုအတုပေးဖို့ကြိုးစားခြင်း

https://www.frontiermyanmar.net/mm/node/15496

ဒုသမ္မတကိုဆုအတုပေးဖို့ကြိုးစားခြင်း ၂

https://www.frontiermyanmar.net/mm/news/15533

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar