အငြင်းပွားနေသော တိုးရစ်ဘားမား အဆောက်အအုံ

ဆူးလေဘုရားကို အပေါ်မှစီး၍ မြင်နိုင်သော သမိုင်းဝင်အဆောက်အအုံကြီးတစ်ခုကို ပြန်လည်ပြင်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စီမံချက်မှာ ယင်းမြေသည် ဘိုးဘွားပိုင်မြေ ဖြစ်သဖြင့် ပြန်လည်ရယူလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ တောင်းဆိုမှုကြောင့် အခက်အခဲ ဖြစ်လျက်ရှိသည်။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ရန်ကုန်စီးပွားရေးလုပ်ငန်းရှင် ဦးဘိုင်လား အယွတ် မန်းနီး U Bilal Ayub Munnee ထံသို့ ဗီဒီယိုလင့်တစ်ခုကို မိတ်ဆွေတစ်ဦးက WhatsApp မှတဆင့် ဧပြီလအတွင်းက ပေးပို့ခဲ့သည်။ 7DayNews media empire မှ ရိုက်ကူးထုတ်လွှင့်သည့် 7Day TV  ဗီဒီယိုကလစ်တွင် အတွင်းဝန်များရုံးနှင့် ဆူးလေဘုရားလမ်းရှိ ယခင် တိုးရစ်ဘားမား အဆောက်အအုံဟောင်းဖြစ်သည့် သမိုင်းဝင် အဆောက်အအုံနှစ်ခုကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီစဉ်လျက်ရှိသည်ကို ပြသထားသည်။

“ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၂၀၀ ကို ကျွန်တော်တို့ ပြင်ဆင်မှာဖြစ်ပြီး တိုးရစ်ဘားမား အဆောက်အအုံနဲ့ အတွင်းဝန်ရုံးကို ပြုပြင်မွမ်းမံရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကွပ်ကဲသွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကို မူလအခြေအနေအတိုင်း ဖြစ်အောင် ကျွန်တော်တို့ ပြန်လည်ထိန်းသိမ်းသွားမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန် ဘတ်စကားလိုင်း(YBS) ကို အကောင်အထည်ဖော်ခြင်းနှင့် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်မှုကို ရပ်ဆိုင်းခြင်းတို့ကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသဖြင့် ခက်ခဲလှသည့် တာဝန်ယူကာလ ပထမနှစ်နောက်ပိုင်း ဦးဖြိုးမင်းသိန်းသည် နိုင်ငံ့သမိုင်းတွင် အရေးပါသော သမိုင်းဝင် နေရာများကို မူလဂုဏ်ရောင်အတိုင်း ပြန်လည်ထိန်းသိမ်းမည့် စိတ်ချမ်းမြေ့ဖွယ် စီမံကိန်းတစ်ရပ်ကို ရေးဆွဲခဲ့သည်။

သို့ရာတွင် ဦးဘိုင်လားအတွက်မူ ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးစီမံချက်က ထိတ်လန့်စရာရော စိတ် ပျက်စရာပါဖြစ်ခဲ့သည်။

တိုးရစ်ဘားမား အဆောက်အအုံကို ၁၉၁၈ ခုနှစ်ကစပြီး ယနေ့အထိ သူ့မိသားစုက ပိုင်ဆိုင်ကြောင်း သူက အခိုင်အမာပြောသည်။

တိုးရစ်ဘားမား အဆောက်အအုံအတွင်းပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တိုးရစ်ဘားမား အဆောက်အအုံအတွင်းပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သက်သေပြနိုင်သော အထောက်အထား စာရွက်စာတမ်းများ သူ့တွင်ရှိကြောင်းလည်း သူက ဆိုသည်။ မကြာသေးမီက Frontier ကို သူပြောပြချိန်တွင် စာရွက်စာတမ်းများ၊ မိတ္တူများမှာ သူ၏စားပွဲပေါ်တွင် ရှိနေပြီး အထူတစ်လက်မကျော်ကျော်ရှိသည်။ စကားပြောနေစဉ်မှာလည်း စာရွက်စာတမ်းများကို ထပ်မံရှာဖွေ၍ မိတ္တူကူးရန် သူ့လက်ထောက်ကို ခိုင်းနေသည်။ စာရွက်စာတမ်းများမှာ နယ်နိမိတ်ပြမြေပုံ၊ အင်ဂျင်နီယာ၏ ဘလူးပရင့်ပုံကြမ်း၊ အရောင်းစာချုပ်၊ အငှားစာချုပ်များအပြင် ၁၉၂၇ ခုနှစ်က ထုတ်ပေးထားသော သူ့အဘိုး၏ ဗြိတိသျှ-အိန္ဒိယ နိုင်ငံကူးလက်မှတ်ပင် ပါဝင်သည်။

“ကျွန်တော် အရမ်းစိတ်ပျက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအစိုးရကို ကျွန်တော်တို့ အများကြီး မျှော်လင့်ခဲ့တယ်။ အတိတ်တုန်းက အနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုတွေ ပြန်ရဖို့ အစိုးရက အခွင့်အလမ်းတွေ ပေးလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်” ဟု သူက ပြောသည်။

“ဒါပေမဲ့ ကျွန်တော်တို့ အဆောက်အအုံရဲ့ အခြေအနေကို (ဦးဖြိုးမင်းသိန်း) တကယ်တမ်း နားလည်သဘောပေါက်ပုံ မရဘူူးလို့ ကျွန်တော်ထင်တယ်။ ဒီအဆောက်အအုံက သမိုင်းဝင် အမွေအနှစ် ဖြစ်တဲ့အတွက် သူ့ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်” ဟုဆိုသည်။

သို့သော်လည်း ယခုနေရာကို တောင်းဆိုနိုင်ရေးအတွက် ဦးဖြိုးမင်းသိန်းတွင်လည်း အခွင့်အလမ်းများစွာ ရှိထားပြီးဖြစ်သည်။ ယခုအဆောက်အအုံမှာ သူတို့ပိုင်ဖြစ်ကြောင်း သတိပေးသောအားဖြင့် ဦးဘိုင်လားက လွန်ခဲ့သော တစ်နှစ်ကျော်က ဝန်ကြီးချုပ်ရုံးကို စာလေးစောင် ပေးပို့ခဲ့သော်လည်း တစ်ကြိမ်မျှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။

“စာရွက်စာတမ်း အထောက်အထားတွေသာ မဟုတ်ပါဘူး။ တခြားအထောက်အထားတွေ အများကြီး ရှိပါသေးတယ်” ဟု စာရွက်တစ်ထပ်ကြီးကို စိတ်ပါလက်ပါ ဝှေ့ယမ်းပြရင်း သူက ပြောသည်။

“ဘယ်သ့ူကိုမဆို ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်။ ကျွန်တော် ဦးဖြိုးမင်းသိန်းနဲ့တွေ့ပြီး ဒီအဆောက်အအုံက နိုင်ငံပိုင်သိမ်းထားတဲ့ အဆောက်အအုံ မဟုတ်ဘူးဆိုတာ သူ့ကိုပြချင်ပါတယ်”

မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတစ်ယောက်

ဦးဘိုင်လား၏အဘေး မိုဟာမက် အီဘရာဟင် မန်းနီးမှာ အိန္ဒိယနိုင်ငံ၊ ဂူဂျရတ်ပြည်နယ်မှဖြစ်ပြီး ၁၉ ရာစုက ကိုလိုနီလက်အောက်ခံ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ ရန်ကုန်တွင် ကုန်မာဆိုင် ရောင်းဝယ်ရေးလုပ်ငန်း တည်ထောင်ထားပြီး ကိုလိုနီအစိုးရ၏ မီးရထားဌာနအတွက် သံယက်မများကို ပေးသွင်းခဲ့သည်။   

သူတို့မိသားစုသည် ကိုလိုနီခေတ် ရန်ကုန်မြို့တွင် အိမ်ခြံမြေပိုင်ရှင်ကြီးများ ဖြစ်လာသည်။ ၁၉၁၈ ခုနှစ်၌ ဆူးလေဘုရားလမ်း အမှတ် ၇၉-၉၁ ရှိ သုံးထပ်အဆောက်အအုံကို ဝယ်ယူချိန်တွင် သူ့အဘိုးမှာ ရွှေတောင်ကြား၌ ချင်းချောင်းနန်းတော်ကို ဆောက်လုပ်ခဲ့သူ တရုတ်-မြန်မာကပြား စီးပွားရေးလုပ်ငန်းရှင်ကြီး လင်မ်ချင်းချောင်းပြီးလျှင် မြန်မာနိုင်ငံ၌ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်ခဲ့ကြောင်း ဦးဘိုင်လားက ပြောသည်။

၁၉၃၀ ပြည့်လွန်နှစ်များအတွင်းက ဆူးလေဘုရားလမ်းရှိ အဆောက်အအုံတွင် မြန်မာလူချမ်းသာ တစ်ဦးဖြစ်သူ ဦးဘညွန့်၏ မြန်မာအဆွေ (Burmese Favourite ) ကုန်တိုက်ရှိသဖြင့် ထင်ရှားသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

သို့ရာတွင် ၁၉၄၇ ခုနှစ်၌ ငှားရမ်းသိမ်းယူမှုဆိုင်ရာ (အရေးပေါ် ပြဋ္ဌာန်းချက်များ) အက်ဥပဒေ Requisitioning (Emergency Provisions) Act အရ အမျိုးသား အိုးအိမ်ဘုတ်အဖွဲ့ (National Housing Board ) က ဦးဘိုင်လားမိသားစုအား ဖိအားပေး၍ အဆောက်အအုံကို ငှားရမ်းခဲ့သည်။ သို့သော် ငှားရမ်းခကိုမူ ဈေးကွက်ပေါက်ဈေးနီးပါး ပေးခဲ့သည်။

တိုးရစ်ဘားမား အဆောက်အအုံအတွင်းပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

တိုးရစ်ဘားမား အဆောက်အအုံအတွင်းပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အဆောက်အအုံမှာ ဘိုးဘွားပိုင်မြေပေါ်တွင် ဆောက်ထားခြင်းဖြစ်သဖြင့် ၁၉၆၄ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း၏ အစုလိုက်အပြုံလိုက် နိုင်ငံပိုင်သိမ်းယူခြင်းကို မခံရဘဲ ရှောင်ရှားနိုင်ခဲ့ကြောင်း ဦးဘိုင်လားက ပြောသည်။

နိုင်ငံတော်သည် မြေယာအားလုံး၏ ‘ပင်ရင်းပိုင်ရှင်’ ဖြစ်သည်ဟု အခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည် မှန်သော်လည်း မြေအများစုမှာ အစိုးရထံမှ ဂရန်မြေအဖြစ် အငှားရယူထားကြခြင်းဖြစ်သည်။ အချို့မြေများမှာ ကိုလိုနီခေတ်မှစ၍ ဘိုးဘွားပိုင်မြေအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ ယင်းဘိုးဘွားပိုင်မြေများကို အသိအမှတ်ပြုထားဆဲဖြစ်ပြီး ၁၉၈၄ ခုနှစ် လယ်ယာမြေ သိမ်းဆည်းရေး ဥပဒေ ပြဋ္ဌာန်းချက်များအရသာ နိုင်ငံတော်က သိမ်းယူနိုင်သည်။

(နိုင်ငံပိုင်သိမ်းယူသော ကာလမတိုင်မီ) လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ဖြစ်သော ၁၉၂၄ ခုနှစ်ကပင် ယခုနေရာကို waqf ဟုခေါ်သော မိသားစုစောင့်ရှောက်ရေးအဖွဲ့ Trust ကို လွှဲပြောင်းအပ်နှံခဲ့သည်။ အစ္စလာမ်စည်းမျဉ်းအရ ယင်းပိုင်ဆိုင်ပစ္စည်းများသည် waqf ၏ အုပ်ချုပ်မှုအောက်တွင် ထာဝရရောက် ရှိသွားပြီဖြစ်ရာ ယင်းပစ္စည်းများကို ရောင်းချခြင်း၊ သို့မဟုတ် လွှဲပြောင်းခြင်း မပြုနိုင်တော့သည့်သဘော ဖြစ်သည်။

“ နိုင်ငံပိုင် မသိမ်းမီကာလနဲ့ နိုင်ငံပိုင် သိမ်းတဲ့ကာလနောက်ပိုင်း အဆောက်အအုံကို ရောင်းဖို့ ကမ်းလှမ်းတာတွေ ကျွန်တော်တို့ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်း ငြင်းခဲ့ပါတယ်” ဟု ဦးဘိုင်လားက ပြောသည်။

ဆိတ်ငြိမ်စွာလှုပ်ရှားခြင်း

အစိုးရနှင့် အငှားချထားရေး အစီအစဉ်မှာ နှစ်ပေါင်းခြောက်ဆယ်ခန့် အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေခဲ့သည်။ ဦးဘိုင်လားပြသော လက်ခံဖြတ်ပိုင်းများအရ ၁၉၆၂ ခုနှစ် ပထမသုံးလတွင် အမျိုးသား အိုးအိမ်ဘုတ်အဖွဲ့က စောင့်ရှောက်ရေးအဖွဲ့သို့ ရှင်းပေးသော ငှားရမ်းခမှာ ၅,၇၉၄ ကျပ် ၃၅ ပြားရှိခဲ့ရာ ထိုခေတ်အခြေအနေနှင့် ကြည့်ပါက အတော်များသော ပမာဏဖြစ်သည်။ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်အတွက် စောင့်ရှောက်ရေးအဖွဲ့ကို ရှင်းပေးသော လက်ခံဖြတ်ပိုင်းတွင်လည်း အလားတူ ပမာဏအတိုင်းသာ ရှိခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ရသောပမာဏမှာ တစ် နှစ်ကို အမေရိကန်ဒေါ်လာ ၂၀ အောက်နှင့်ညီမျှသော ငွေပမာဏသာ ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် ဦးဘိုင်လားသည် waqf ၏ ဂေါပကအဖွဲ့ဝင် ဖြစ်လာသည်။ ယင်းအချိန်တွင် သူက ငှားရမ်းခများကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ နေပြည်တော်သို့ ရုံးပြောင်းသည့်အတွက် ယခုအခါ တိုးရစ်ဘားမားအတွက် ဆယ်စုနှစ်ပေါင်းများစွာ ရုံးချုပ်ဖြစ်ခဲ့သော အဆောက်အအုံရှိ အခန်းအများစုမှာ လွတ်နေသည်။ အဆောက်အအုံကို မိသားစုအား ပြန်လည်ပေးအပ်ရန် အိုးအိမ်ဘုတ်အဖွဲ့ (Housing Board) နေရာတွင်အစားထိုးတာဝန်ယူသော ပြန်လည်နေရာချထားရေးနှင့် အိုးအိမ်ဦးစီးဌာန (DHSHD – Department of Human Settlement and Housing Development) သို့ ၎င်းက စတင်လျှောက်ထားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင်က ပုဂ္ဂလိကနှင့် အစုစပ်တွဲဖက်၍ ဟိုတယ်လုပ်ငန်းကို ဆောင်ရွက်ရန် အဆောက်အအုံအတွက် တင်ဒါခေါ်ယူသောအခါ သူ၏ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်မြှင့်ခဲ့သည်။ ဦးဘိုင်လားက ကန့်ကွက်ချက်တင်သည့်အတွက် ကန့်ကွက်ချက်ကို စုံစမ်းစစ်ဆေးရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သူရဦးသောင်းလွင် ဦးဆောင်သော အထူးကော်မရှင်တစ်ရပ်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင်က ဖွဲ့စည်းပေးခဲ့သည်။ ပိုင်ဆိုင်မှု အထောက်အထားများကို စစ်ဆေးပြီးနောက် တင်ဒါကို ဖျက်သိမ်းပေးခဲ့သည်။

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အဆောက်အအုံကို သူ့ပြန်ပေး၊ မပေးဆုံးဖြတ်ရေးအတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းမည်ဟု ကော်မရှင်က သူ့ကိုပြောဖူးကြောင်း ဦးဘိုင်လားက ပြောသည်။ ယင်းအချိန်လောက်မှာပင် ဘဏ်လမ်းရှိ အဆောက်အအုံမှ အခန်းအချို့ကို မိသားစုထံ ပြန်လည်ပေးကြောင်း အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးဌာန Department of Housing and Urban Development – DHUD ၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ သူ ဝမ်းသာခဲ့သည်။

တိုးရစ်ဘားမားနည်းတူ အစိုးရသည် ၁၉၀၅ ခုနှစ်က အမေရိကန်ကုန်သည်များ တည်ဆောက်ခဲ့သော ဘဲလ်သဇား Balthazar အဆောက်အအုံကိုလည်း ဦးဘိုင်လားမိသားစုထံမှ လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက အစိုးရက ငှားရမ်းထားသည်။ DHUD အရာရှိများက အခန်းများကို ပြန်ပေးချိန်က ကျန်ကျူးကျော်အခန်းများကိုလည်း ဖယ်ရှားပြီး အဆောက်အအုံ တစ်ခုလုံးကို ပြန်ပေးမည်ဟု သူတို့ကတိပေးခဲ့ကြောင်း ဦးဘိုင်လားက ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် ‘တရားမျှတမှု’ ရှိရန် ကတိကဝတ်များ ရှိခဲ့သည့်အတွက် ယင်းကတိကဝတ်များကို ဖြည့်ဆည်းပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း ဦးဘိုင်လားက ပြောသည်။ သို့သော် ရွေးကောက်ပွဲ နီးလာသည့်အတွက် ယင်းကိစ္စကို အစိုးရက စိတ်ဝင်စားမည့်ဟန် မတူကြောင်း သူကဆိုသည်။

ယင်းအချိန်တွင် သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကြံပေးဦးကိုနီကို ချဉ်းကပ်၍ အကူအညီ တောင်းခဲ့သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီက လုပ်ကြံခံရသူ ရှေ့နေဦးကိုနီသည် အမှုကိုလက်မခံမီ သူ့ စာရွက်စာတမ်းများကို တစ်လခန့် ကြိုတင်လေ့လာခဲ့သည်။ ထို့နောက် ဦးကိုနီသည် ကျင့်ထုံးဥပဒေ လုပ်ထုံးလုပ်နည်းများ ပုဒ်မ (၈၀)(section 80 of the Code of Civil Procedure ) အရ သူ့အမှုသည်၏ အဆောက်အအုံ ပြန်လွှဲပြောင်းပေးရေး လျှောက်လွှာကို နှစ်လအတွင်း အရေးယူဆောင်ရွက်ပေးရန် အစိုးရထံ နို့တစ်စာပေးပို့ လျှောက်ထားခဲ့သည်။

DHSHD က နို့တစ်စာကို တိုက်ရိုက်ပြန်ကြားရမည့်အစား ဆူးလေဘုရားလမ်းရှိ နေရာအတွက် ကမ်းလှမ်းချက်သစ်ပေး၍  ဦးဘိုင်လားကို ချဉ်းကပ်ခဲ့သည်။ ‘ဈေးကွက်ပေါက်ဈေး’ ဖြင့် အငှားသဘောတူစာချုပ်ကို ဆက်လက်ဆောင်ရွက်ရန် စိတ်ဝင်စားပါသလား၊ မည်သည့်ဈေး ပေးရန် စဉ်းစားထားပါသနည်းဟု မေးသောအခါ တစ်လကို ကျပ်လေးသိန်းပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၄၀၀ မျှသာ ရှိသည်။ သူက ပယ်ချခဲ့ပြန်ရာ အံ့သြစရာတော့ မဟုတ်ချေ။

ခေတ်သစ်ပေလော

၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရကာ မတ်လ၌ အစိုးရတာဝန် စတင်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဦးဆောင်ရန် ဦးဖြိုးမင်းသိန်းကို ရွေးချယ်ခဲ့သည်။

သူ့ရှေ့တွင် တာဝန်ယူခဲ့သော ဦးမြင့်ဆွေက ပုဂ္ဂလိက လွတ်လပ်ခွင့် အထိုက်အလျောက်ရှိသော မူဝါဒကို ကျင့်သုံးခဲ့ပြီးနောက် ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်ဖြစ်လာချိန်တွင်မူ ရှေးဟောင်းအမွေအနှစ် ကာကွယ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကို ပိုမိုလိုလားကြောင်း ချက်ချင်းပြသလာခဲ့သည်။  အထပ်မြင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး မြို့သစ်ဇုန် စီမံကိန်းများကို ဖျက်သိမ်းခဲ့သည်။

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဆူးလေဘုရားလမ်းရှိ တိုးရစ်ဘားမား အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းရန် အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်သော Turquoise Mountain ၏အဆိုပြုချက်ကို Frontier တွင် သတင်းဖော်ပြခဲ့သည်။ ဦးဖြိုးမင်းသိန်း၏ အကြံပြုချက်ဖြင့် ဆောင်ရွက်သော ပြုပြင်ထိန်းသိမ်းရေး စီမံချက်အရ အဆောက်အအုံနေရာ အတော်များများကို အများပြည်သူ ဝင်ရောက်နိုင်မည်ဖြစ်သည်။ မြေညီထပ်တွင် ဈေးနှုန်းချိုသာသော စားသောက်ခန်းများနှင့် လက်မှုပညာ အလုပ်ရုံ ရှိမည်။ ခေါင်မိုးထပ်တွင် ပန်းခြံရှိမည်။ရုံးခန်းများနှင့် ခေတ်မီစားသောက်ဆိုင်များကို ငှားရမ်းပါက ကုန်ကျစရိတ်များကို ကာမိမည်ဟု Turquoise Mountain ကဆိုသည်။

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံများကို စီးပွားရေးအရလည်း တွက်ခြေကိုက်ပြီး ပြည်သူလူထုကိုလည်း လာရောက်အောင် ဖိတ်ခေါ်နိုင်သော နည်းလမ်းမျိုးဖြင့် ဆောင်ရွက်ရာတွင် ယခုနည်းလမ်းသည် အရေးပါသော နည်းလမ်းဖြစ်ကြောင်း Turquoise Mountain ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာ ဟယ်ရီ ဝပ်ဒေးက ပြောသည်။

မကြာမီမှာပင် ဦးဘိုင်လား၏ကိုယ်စား ဦးကိုနီရုံးမှ ပေးပို့သောစာတစ်စောင်ကို Frontier က ရရှိခဲ့သည်။ ဆောင်းပါးတွင် ပါရှိသော သတင်းအချက်အလက်မှာ အတော်မှားနေပြီး အဆောက်အအုံကို နိုင်ငံပိုင် သိမ်းထားခြင်းမဟုတ်ကြောင်း ပါရှိသည်။

ထိုအချိန်မှစ၍ အစိုးရအဖွဲ့ဝင် တစ်ဦးထံမှတစ်ဆင့် ဦးဖြိုးမင်းသိန်းရုံးသို့ ပေးပို့သော မေးခွန်းများ အပါအဝင် ယင်းကိစ္စနှင့်ပတ်သက်၍ ဝေဖန်ချက်များပေးရန် တောင်းဆိုခြင်းကို နောင်တွင် DHSHD ဟု ပြန်လည်ဖွဲ့စည်းသော အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေးဌာန Department of Housing and Urban Development နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုစလုံးက ဖြေကြားရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည်။ လောလောဆယ်တွင် မီဒီယာမေးခွန်းမှန်သမျှကို ဝန်ကြီးချုပ်က ဖြေကြားမည် မဟုတ်ကြောင်း Frontier ကို ပြောကြားခဲ့သည်။ သတင်းမီဒီယာ ဥပဒေသစ်အရ သတင်းပေးရန် ပန်ကြားချက်များကို ၁၄ ရက်အတွင်း ပြန်ကြားရမည်ဖြစ်သော်လည်း ပြန်ကြားခြင်း မရှိခဲ့ပေ။

ဦးဘိုင်လားသည်လည်း အလားတူ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ သူနှင့် DHUD  နောက်ဆုံး အဆက်အသွယ်ရသည်မှာ သူတို့၏ ငှားရမ်းမှု ကမ်းလှမ်းချက်ကို ငြင်းပယ်ချိန်က ဖြစ်သည်။ “အိုးအိမ်ဘုတ်အဖွဲ့ကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ဆက်သွယ်ပါတယ်။ စာတွေအများကြီး ပို့ပါတယ်။ တစ်ခါမှ အကြောင်းမပြန်ပါဘူး” ဟု သူက ပြောသည်။ ငှားရမ်းမှု သဘောတူစာချုပ်ပါ အသေးစိတ် အချက်အလက်များကို ဦးဖြိုးမင်းသိန်းအား မတင်ပြသည့်အတွက် ဌာနကို သူက အပြစ်တင်သည်။ “အိုးအိမ်ဘုတ်အဖွဲ့က အကုန်သိပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ သတင်းမပို့ပါဘူး”

ရှေ့ဆက်ချီတက်ဆဲ

ယမန်နှစ်က Frontier တွင် သတင်းဖော်ပြခဲ့သော စီမံကိန်းမှာ အပြောင်းအလဲအချို့ရှိသော်လည်း အခြေခံ အချက်အလက်များမှာ ပြောင်းလဲမှုမရှိကြောင်း မကြာမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင်  Turquoise Mountain မှ မစ္စတာ ဝပ်ဒေးက ပြောသည်။ အစိုးရနှင့်ပူးပေါင်း၍ ဆူးလေဘုရားလမ်းရှိ အဆောက်အအုံကို အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းအထိ မြှင့်တင်ရန် Turquoise Mountain က ဆန္ဒရှိသည့်သဘောဖြစ်ပြီး အများပြည်သူ ဝင်ရောက်နိုင်ရန်  အဆောက်အအုံဝန်းကျင်ရှိ အများပြည်သူဆိုင်ရာနေရာများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ရှေးရိုးစဉ်လာ ဆောက်လုပ်ရေး အတတ်ပညာ တတ်ကျွမ်းသော လက်မှုပညာရှင်များနှင့် အတတ်ပညာရှင်များကို လေ့ကျင့်ပေးရန်ဖြစ်သည်။

အဆောက်အအုံ ပိုင်ဆိုင်မှုက အစိုးရအတွက် ပြဿနာတစ်ခုဖြစ်ကြောင်း မစ္စတာ ဝပ်ဒေးက ပြောသည်။ ပြဿနာဖြေရှင်းရန် သူနှင့်ဦးဘိုင်လားတို့ ဆွေးနွေးဖူးခြင်းမရှိကြောင်း သူက ပြောသည်။ “အဆောက်အအုံက သူတို့ ထိန်းချုပ်မှုအောက်မှာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျွန်တော်တို့ကို ပြောပါတယ်” ဟု သူက ထပ်လောင်းပြောကြားသည်။

“ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အဆောက်အအုံကို  ပြန်လည်ပြုပြင် ထိန်းသိမ်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ချက်တွေ ခိုင်မာမှုရှိ မရှိကို သူတို့ကသာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးဘိုင်လားဘက်မှာမူ ဒေါ်ကြည်ပြာ (အင်န်အယ်လ်ဒီ-ကျောက်တံတား-၁) အပါအဝင် တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ပါဝင်ဆွေးနွေးလာသည်ကို တွေ့ရသည်။ ဦးဘိုင်လား၏ ကန့်ကွက်ချက်ကို ဂရုစိုက်ပြီး စေ့စေ့စပ်စပ် ဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်း ပြောသည်။ သို့သော် ထို့ထက်ပို၍ ဝေဖန်ပြောကြားခြင်းမရှိခဲ့ပေ။

ဦးဘိုင်လားသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(Yangon Heritage Trust- YHT) ဥက္ကဋ္ဌ ဦးသန့်မြင့်ဦးနှင့်လည်း ဆွေးနွေးခဲ့သည်။ “ဒီအဆောက်အအုံနဲ့ပတ်သက်လာရင် အပေါ်ယံအနေအထားအရတော့ (ဦးဘိုင်လား)အဖို့ တောင်းဆိုထိုက်တာတွေချည်းပါပဲ” ဟု သူက Frontier ကို ပြောသည်။

မြို့ထဲပိုင်းရှိ အဆောက်အအုံ အများအပြားကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် အုပ်စုခွဲပြီး အများပြည်သူသုံးနှင့် စီးပွားရေးသုံးအဖြစ် ရောပြွမ်း၍ ပြုပြင်မွမ်းမံသင့်ကြောင်း YHT က အစိုးရကို အဆိုပြုထားသည်။ ယင်းအစီအစဉ်က မြို့ထဲပိုင်းရှိ စီးပွားရေး ပြန်လည်ရှင်သန်မှုကို မြှင့်တင်ပေးသကဲ့သို့ သမိုင်းအမွေအနှစ်များကိုလည်း ကာကွယ်ရာရောက်ကြောင်း ဦးသန့်မြင့်ဦးက ပြောသည်။

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဦးဘိုင်လားမိသားစုထံတွင် သူတို့အဘေး မိုဟာမက် အီဘရာဟင် မန်းနီးနှင့် ဆူးလေဘုရားလမ်းပေါ်ရှိ အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ သိမ်းဆည်းထားရှိသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဘဲလ်သဇား(Balthazar)နှင့် တိုးရစ်ဘားမား အဆောက်အအုံတို့ကို ထည့်သွင်းရမည်ဖြစ်သော်လည်း သူတို့၏ ပိုင်ဆိုင်မှု အခြေအနေကို ပထမဦးစွာ စိစစ်ရန်လိုမည်ဖြစ်ကြောင်း သူက ပြောသည်။ ယင်းကိစ္စကို ဝန်ကြီးချုပ်နှင့် ထပ်မံဆွေးနွေးဦးမည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

“ပိုင်ဆိုင်မှု အရှုပ်အထွေးနဲ့ ကန့်ကွက်ချက်တွေ အပြိုင်အဆိုင် ရှိနေတဲ့အတွက် ပုဂ္ဂလိကပိုင် အဆောက်အအုံတွေကို ဆောင်ရွက်ရတာ အခက်အခဲ ရှိပါလိမ့်မယ်လို့ ကျွန်တော်တို့ ကောက်ချက်ချပါတယ်။ နိုင်ငံပိုင် အဆောက်အအုံတွေကို ပထမခြေလှမ်းအဖြစ် ဆောင်ရွက်ရင် ကောင်းပါလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမဲ့ တချို့အစိုးရပိုင်ပါတယ်ဆိုတဲ့ အဆောက်အအုံတွေမှာတောင် ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် တောင်းဆိုမှုတွေ ရှိနေပါတယ်” ဟု ဦးသန့်မြင့်ဦးက ပြောသည်။

“ဒါတွေကို ဦးဘိုင်လား ပိုင်တယ်လို့ အစိုးရက ပြောလာရင်တောင်မှ ဒါတွေကို မှန်မှန်ကန်ကန် ပြုပြင်ထိန်းသိမ်းမယ့် နည်းလမ်း၊ ပြည်သူပြည်သားတွေကို အကောင်းဆုံး အကျိုးပြုနိုင်မယ့်နည်းလမ်းနဲ့ အကောင်းဆုံး အသုံးချသွားစေချင်ပါတယ် ”  ဟု သူက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂရုတစိုက် ဖြစ်လာအောင် ကူညီဆောင်ရွက်ပေးသူများအကြောင်းကို ပြောရာတွင် ဦးဘိုင်လားက အမွှန်းတင်လွန်းသည်။ တိုးရစ်ဘားမား အဆောက်အအုံနှင့်ပတ်သက်၍ Turquoise Mountain ၊ YHT နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနည်းတူ သူ့တွင်လည်း ရည်မှန်းချက် ရှိသည်။ ပြုပြင်ထိန်းသိမ်းရေး၏ အရေးပါမှုကိုလည်း သူသိသည်။ သို့သော် အဆောက်အအုံကို  ပြည်သူလူထုအတွက် ဖွင့်လှစ်ပေးရန်ထက် အားလုံးမဟုတ်သည့်တိုင်အောင် အဆောက်အအုံ အစိတ်အပိုင်း အတော်များများကို အငှားချထားလိုပုံရသည်။

ယင်းအချက်က သူ့မိသားစု၏ ‘ရပိုင်ခွင့်’ ဖြစ်ပြီး waqf ၏ ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သူ၏ တာဝန်လည်းဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ မိသားစုက အစိုးရကို အမြဲတမ်း ထောက်ခံခဲ့တာပါ။ (အငှားချတော့လည်း) ဈေးကွက်ပေါက်ဈေးကို ဘယ်တုန်းကမှ မတောင်းခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်က လွတ်လပ်တဲ့ စီးပွားရေးမူဝါဒဆိုတော့ ကိုယ်ပိုင်ပစ္စည်းကို အသုံးပြုဖို့ လူတိုင်းမှာ ရပိုင်ခွင့် ရှိပါတယ်” ဟု သူက ပြောသည်။

“မြန်မာနိုင်ငံရဲ့ဂုဏ်ကျက်သရေဆောင်အဖြစ် ဒီအဆောက်အအုံကို ကျွန်တော်တို့ ပြုပြင်ထိန်းသိမ်းနိုင်ပါတယ်။ ရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းရေး လမ်းညွှန်မှုတွေနဲ့အညီ ပြုပြင်ထိန်းသိမ်းရာမှာ ကျွန်တော်တို့ကို အကူအညီပေးနိုင်မယ့် လူတိုင်းကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဦးဘိုင်လားက ဖြည့်စွက်ပြောကြားသည်။

ဦးဘိုင်လားအဖို့မှာမူ သူ့အမှုက အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးမှုရှိ မရှိ စမ်းသပ်ချက်တစ်ရပ် ဖြစ်သည်။ လက်ဝယ်ပိုင်ဆိုင်မှုသည် ဥပဒေအရ ဆယ်ပုံကိုးပုံ ပိုင်ဆိုင်ခြင်းဖြစ်သည် Possession is nine-tenths of the law ဟူသော ဆိုရိုးစကားရှိရာ ဦးဖြိုးမင်းသိန်းနှင့် အစိုးရက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါက ဦးဘိုင်လားတို့က ရပိုင်ခွင့်ရှိသည်ဟုဆိုပြီး ပြန်လည်ရရှိရန် နှစ်ခုနစ်ဆယ် စောင့်စားမှုသည် အချိန်တိုအတွင်း ပြီးဆုံးနိုင်ဖွယ် မရှိသေးပေ။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဦးဘိုင်လား အယွတ် မန်းနီးကို တိုးရစ်ဘားမား အဆောက်အအုံရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)

သောမတ်စ် ကင်း(န်)သည် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ ဂျာနယ်လစ်နှင့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ Frontier တွင် ၂၀၁၆ ခုနှစ်၊ မေလက စတင်လုပ်ကိုင်ခဲ့ကာ ထိုမတိုင်မီက မြန်မာတိုင်း(မ်) အင်္ဂလိပ်စာစောင်တွင် အယ်ဒီတာအဖြစ် ခြောက်နှစ်ကြာ လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

မြန်မာနိုင်ငံရှိ ကိုဗစ် ၁၉ ကူးစက်သူလေးပုံတစ်ပုံသည် ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အင်းစိန်မြို့နယ်တွင်ရှိနေသော်လည်း အင်းစိန်မြို့နယ်တွင်းရှိ လမ်းမများပေါ်၌ သွားလာနေပုံကိုကြည့်လျှင်တော့ ယင်းကဲ့သို့ ဦးရေများပြားနေသည်ဟု ထင်မှတ်မိမည်မဟုတ်ချေ။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar