ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာအနီးတွင် လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦးအား နယ်ဘက်အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု တပ်မတော်က ဧပြီ ၁၀ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ခုနစ်ဦးသည် “တပ်မတော်အက်ဥပဒေပုဒ်မ(၇၁) နယ်ဘက်ပြစ်မှု တစ်ရပ်ဖြစ်သော လူသတ်မှုကို ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ အရာရှိ လေးဦးအား ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြားအဆင့်စစ်သည် သုံးဦးအား တပ်သားအဆင့် လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဖော်ပြထားသည်။
အသတ်ခံရသူ ၁၀ ဦးမှာ “ဘင်္ဂလီအကြမ်းဖက်” ဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့အား “ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင် တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်မှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အင်းဒင်ကျေးရွာနေ တိုင်းရင်းသားပြည်သူအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဌာနေတိုင်းရင်းသားများ၏ စိတ်ခံစား နာကြည်းချက်အပေါ် အခြေခံ၍ ဥပဒေမဲ့ သတ်ဖြတ်ခဲ့သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်းဒင်ကျေးရွာအနီးတွင် ရုပ်အလောင်းများ တွေ့ရှိခဲ့သည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်းခြောက်ဦးနှင့် အင်းဒင်ရွာသားခြောက်ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် အသေးစိတ် စိစစ် စစ်ဆေး မေးမြန်းခဲ့ရာ ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။