အင်းစိန်ထောင်ထဲမှာ

ပြုမူဆက်ဆံပုံများက ကြမ်းတမ်းသည်။ အစားအသောက်ကလည်း ဆိုးရွားသည်။ သန့်ရှင်းမှုအဆင့်က နိမ့်ကျလွန်းသည်။ ၎င်းမှာ အင်္ဂလိပ်ဘာသာဖြင့် Going Insane (ရူးသွားတယ်) ကို Going Insein ဟု လှောင်ပြောင်ခဲ့ကြသည့် အင်းစိန်ထောင် ဖြစ်သည်။ 

အိုလီဗာဆလိုး ရေးသားသည်။ 

“အင်းစိန်ထောင်ထဲမှာ နေရတဲ့ ဘဝက ဘာနှင့်တူသလဲဆိုရင် ငရဲခန်းနှင့်သာ တူတယ်။”

ဦးကျော်စိုးဝင်းသည် စစ်အစိုးရလက်ထက်က နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်တွင် ခြောက်နှစ်ခန့် နေထိုင်ခဲ့ရသည်။ ၁၉၉၂ ခုနှစ်တွင် အမျိုးသားညီလာခံကို ကန့်ကွက်ဆန္ဒပြမှုဖြင့် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သူအား ရက်အနည်းငယ်ခန့် ဖြစ်သလို အမှုစစ်ခဲ့အပြီးတွင် အရေးပေါ်စီမံခန့်ခွဲမှုအက်ဥပဒေဖြင့် သူ့အား ထောင်ချခဲ့သည်ဟု သူကဆိုသည်။ ထို့ပြင် ရှေ့နေလည်း ငှားရမ်းခွင့်လည်း မရခဲ့ပေ။ 

“ကျွန်တော်က တစ်နေ့ကို ၂၃ နာရီ တိတိ အကျဉ်းခန်းထဲမှာ နေရတယ်။ တစ်ကြိမ်ကို မိနစ် ၂၀ နဲ့ သုံးကြိမ် အပြင် ထွက်ခွင့်ရတယ်။ ကျွန်တော်ကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်တာကိုတော့ မတွေ့ကြုံခဲ့ရဘူး။ ဒါပေမယ့် တစ်နေ့ကို ၂၃ နာရီ တိုက်ပိတ်ခံရတာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုပါပဲ။ စာဖတ်၊ စာရေးတာလည်း လုပ်လို့ မရပါဘူး” ဟု သူကပြောသည်။

အကျဉ်းထောင်က ကျွေးသော အစားအသောက်အကြောင်း မေးမြန်းသောအခါ ဦးကျော်စိုးဝင်းက ရယ်မောခဲ့သည်။ 

“အစားအသောက်က အညံ့ဖျင်းဆုံးပဲ။ အာဟာရ မရှိသလောက်ပါပဲ။ အညံ့စားဆန်၊ ပဲနဲနဲနဲ့ အသီးအရွက်လေး နဲနဲပဲ” ဟု သူကပြောသည်။

အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်ကြိမ်ကျခဲ့ပြီး သေဒဏ်အတွက်ကိုပါ စောင့်ဆိုင်းခဲ့ရဖူးသော ကိုလက်ယာထွန်းက ထောင်ထဲတွင် နေထိုင်ရသော ဘဝသည် ထောင်မှူးအပေါ်တွင် မူတည်နေသည်ဟု ဆိုသည်။ သူသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ 

“ထောင်မှူး ကောင်းရင်တော့ ဘဝက သိပ်မဆိုးဘူး။ မကောင်းရင်တော့ နေထိုင်ရတာ ငရဲပဲ။ ကျွန်တော် ထောင်စကျတော့ တွေ့ရတဲ့ ထောင်မှူးရဲ့ နာမည်ကို မမှတ်မိတော့ပေမယ့် သူ့မျက်နှာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး” ဟု ကိုလက်ယာထွန်းက ပြောသည်။ 

ထောင်ထဲတွင် နှိပ်စက်မှုများသည် ပုံမှန်ဖြစ်နေကျအရာများသာ ဖြစ်သည်ဟု သူက ဆိုသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းပြတိုက်တွင် ပြသထားသည့် အင်းစိန်ထောင် နမူနာပုံစံငယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းပြတိုက်တွင် ပြသထားသည့် အင်းစိန်ထောင် နမူနာပုံစံငယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

“ကျွန်တော်ကို လက်နဲ့ ရိုက်တယ်။ တုတ်နဲ့ ရိုက်တယ်။ ခင်ဗျားက အမှန်ပြောနေလည်း သူတို့က ကြားချင်ရာ ကြားတယ်။ ခင်ဗျားပြောတာ သူတို့ မကြိုက်ရင် ဆက်ရိုက်နေတော့တာပဲ” ဟု ကိုလက်ယာထွန်းက ပြောသည်။ 

ကိုလိုနီခေတ်ရဲ့ အမွေအနှစ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်များ ဆင်းချိန်နှင့် တက်ချိန်များတွင် အင်းစိန်မြို့နယ်ကို လေယာဉ်ပြတင်းပေါက်မှ ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်သည်။ 

ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းဟု ခေါ်တွင်သည့် ကော်မရှင်နာလမ်း (Commissioner’s Road) ၏ အနောက်ဘက် အစွန်တွင်ရှိသော ရန်ကုန်ဗဟိုထောင် (Rangoon Central Gaol) တွင် အကျဉ်းသားများဖြင့် ပြည့်ကျပ်လာသည်ကို ဖြေရှင်းရန် ဗြိတိသျှအစိုးရက ၁၈၈၇ ခုနှစ်တွင် အင်းစိန်ထောင်ကို တည်ဆောက်ခဲ့သည်။ 

ထိုသို့တည်ဆောက်ရာတွင် ၁၈ ရာစု ဗြိတိသျှ တွေးခေါ်ပညာရှင် လူမှုသီအိုရီ ပညာရှင် Jeremy Bentham ၏ circular Panopticon ဒီဇိုင်းကို ရယူ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ထောင်ဖွဲ့စည်းပုံက အစောင့်တစ်ယောက်တည်းဖြင့် အကျဉ်းသားများ အားလုံးကို စောင့်ကြည့်နိုင်အောင် စီမံထားသည်။ ထို့ပြင် ထိုသို့ စောင့်ကြည့်နေသည်ကို အကျဉ်းသားများကလည်း မသိနိုင်အောင် တည်ဆောက်ထားသည်။  

ထောင်များတွင် ထိုဒီဇိုင်းကို သုံးခြင်းအားဖြင့် အကျဉ်းသားများအတွက် စိတ်ကွယ်ရာ မရှိစေကြောင်း Bentham က ဆိုသည်။ 

ထိုဒီဇိုင်းကို ဝေဖန်သူများက လူမဆန်သော အပြုအမူဟု သုံးသပ်ကြသည်။ အင်းစိန်ထောင်သည် စစ်အစိုးရ လက်ထက်တွင် ထောင်သန့်ရှင်းမှု မရှိခြင်း၊ ပုံမှန် နှိပ်စက်ညှင်းပန်းမှုများ ရှိသောကြောင့် နာမည်ဆိုးနှင့် ကျော်ကြားလာသည်။ 

ထိုကာလနှစ်များအတွင်း အင်းစိန်ထောင်သည် နိုင်ငံရေး အကျဉ်းသား ထောင်နှင့်ချီပြီး ထိန်းသိမ်းထားရှိသော နေရာတစ်ခု ဖြစ်လာခဲ့သည်။ အများစုမှာ ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများနှင့် တက်ကြွ လှုပ်ရှားသူများ၊ ဘုန်းတော်ကြီးများ ဦးဆောင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။ 

AAPP ထံမှရရှိသည့် အင်းစိန်ထောင်တွင်းမှ မြင်ကွင်းတစ်ခု။

AAPP ထံမှရရှိသည့် အင်းစိန်ထောင်တွင်းမှ မြင်ကွင်းတစ်ခု။

နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်ထောင်တွင် ဆက်လက်ထားရှိဆဲ ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners) ၏ အဆိုအရ ပြီးခဲ့သည့် မေလအထိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား ၃၆ ဦး၊ တရားစီရင်မှု စောင့်ဆိုင်းနေသူ ၅၇ ဦးနှင့် အာမခံဖြင့် လွှတ်ထားသူ ၁၆၉ ဦး ရှိသည်ဟု ဆိုသည်။ 

ထောင်မှူးတစ်ယောက်၏ အမြင် 

ဦးသိန်းဝင်းသည် အင်းစိန်တွင် နှစ်ကြိမ်အပါအဝင် အကျဉ်းဦးစီးဌာနတွင် စုစုပေါင်းလုပ်သက် ၁၆ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် ထောင်မှူးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ မြစ်ကြီးနား ၊ ကော့သောင်းနှင့် မန္တလေးမြို့များရှိ ထောင်များတွင် ထောင်မှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများ မတိုင်မီတွင် အင်းစိန်သို့ ထောင်မှူးအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။ 

မတည်ငြိမ်မှုများ အမြင့်ဆုံးဖြစ်ပွားနေသည့်အချိန်တွင် ဆန္ဒပြသူများ ထောင်ထဲသို့ စုပြုံရောက်ရှိလာသဖြင့် လေးရက်ခန့် အအိပ်ပျက်၊ အစားပျက်ဖြင့် အလုပ်လုပ်ခဲ့ရသည်ဟု ဦးသိန်းဝင်းက ပြောသည်။ 

ထောင်အရာရှိတစ်ဦးဖြစ်သောကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် မကြာခဏ ကြုံရလေ့ရှိသဖြင့် ပစ္စတို သေနတ်တစ်လက်ကို အမြဲဆောင်ထားရသည်။ 

“ကျွန်တော်ရဲ့ အလုပ်အပေါ်မှာတော့ ဂုဏ်မယူမိပါဘူး။ ဒါပေမယ့် ကျွန်တော်က တာဝန်ဆိုတဲ့ အသိစိတ် ရှိတယ်။ ဝန်ထုပ်ဝန်ပိုးလို ခံစားရပေမယ့် အစိုးရအပေါ် သစ္စာရှိရတယ်လေ။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရလည်း အလုပ်ကိုတော့ လုပ်ရတာပဲ” ဟု ဦးသိန်းဝင်းက ပြောသည်။ 

အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်သည့်နေရာတွင် ပါဝင်ခဲ့ပါသလားဟု မေးမြန်းသောအခါတွင် ဦးသိန်းဝင်းက နှုတ်ဆိတ်နေသည်။ သို့သော် အကျဉ်းသားများအား ရိုက်နှက်နေသည်ကို မကြာခဏ မြင်ဖူးခဲ့သည်ဟု ဆိုသည်။ အဆိုးရွားဆုံး ရိုက်နှက်မှုများမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဟာသသရုပ်ဆောင် ဇာဂနာတို့အား နှိပ်စက်ကြခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ 

သို့သော် သူ၏ စိတ်ထဲတွင် စွဲကျန်ရစ်သော အဖြစ်အပျက်မှာ ၁၉၈၈ ခုနှစ်ထက် ဆယ်စုနှစ်တစ်ခုစောသည့် ကာလက အဖြစ်အပျက်တစ်ခုဖြစ်သည်။ တက်ကြွလှုပ်ရှားသူ ကျောင်းသား ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့က ကြိုးပေးသတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်ဖြစ်သည်ဟု သူက ပြောသည်။ 

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရုပ်အလောင်းကို အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ သယ်ဆောင်လာအပြီးတွင် ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြမှုတွင် တင်မောင်ဦးလည်း ပါဝင်ခဲ့ပြီးနောက် တောခိုသွားခဲ့သည်။ ထို့နောက် သခင်ကိုယ်တော်မှိုင်း နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲ တက်ရောက်ရန် ၁၉၇၆ ခုနှစ်၊ မတ် ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လာချိန်၌ တင်မောင်ဦး အဖမ်းခံရခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသည် ၂၀ ရာစု အစောပိုင်း၏ အပြောင်မြောက်ဆုံး ကဗျာဆရာ၊ စာရေးဆရာနှင့် အမျိုးသားရေး ခေါင်းဆောင်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ ဇူလိုင်လတွင် သေဆုံးခဲ့သည်။ 

စစ်အစိုးရလက်ထက်တွင် တရားဝင် ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် တစ်ဦးတည်းသော တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးဖြစ်သူ တင်မောင်ဦးသည် နောက်ဆုံးအချိန်အထိ အာဏာပိုင်များကို အာခံတော်လှန်သွားခဲ့သည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကို စွန့်လွှတ်ပြီး သူ ပါဝင်ပတ်သက်ခဲ့သော ဆန္ဒပြပွဲများမှာ မှားယွင်းနေကြောင်း ဝန်ခံပါက သူ၏ အသက်ကို ချမ်းသာပေးမည်ဟု အာဏာပိုင်များက ကမ်းလှမ်းခဲ့သော်လည်း သူက လက်မခံခဲ့ပေ။ 

သူ့ကို ကွက်မျက်သော လူများထံ တင်မောင်ဦးက နောက်ဆုံးစကားတစ်ခွန်း ပြောကြားခဲ့သည်။ “ခင်ဗျားတို့ ကျုပ်ရဲ့ ကိုယ်ခန္ဓာကို သတ်လို့ရမယ်။ ကျုပ်ရဲ့ ယုံကြည်ချက်ကိုတော့ သတ်လို့မရဘူး။ ခင်ဗျားတို့ရဲ့ စစ်ဖိနပ်ရှေ့မှာ ကျုပ် ဘယ်တော့မှ ဒူးမထောက်ဘူး” ဟူသည့် စကားပင်ဖြစ်သည်။ 

ထိုဖြစ်ရပ် ဖြစ်ပွားအပြီး နှစ်ပေါင်း ၄၀ အကြာတွင် ဦးသိန်းဝင်းက ထိုနံနက်ပိုင်းက အဖြစ်အပျက်များကို သူအနေဖြင့် မည်သည့်အခါမှ မေ့နိုင်မည်မဟုတ်ကြောင်း ပြောရင်း မျက်ရည်များ ကျဆင်းလာသည်။ 

ပြန်လည်လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများအား ကြိုဆိုနေသည့် ဆွေမျိုးတစ်ဦးကို အင်းစိန်ထောင်အပေါက်ဝတွင် ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အန်းဝမ်

ပြန်လည်လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများအား ကြိုဆိုနေသည့် ဆွေမျိုးတစ်ဦးကို အင်းစိန်ထောင်အပေါက်ဝတွင် ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-အန်းဝမ်

“မနက် ၄ နာရီလောက်မှာ စစ်သားတွေက သူရဲ့ အကျဉ်းခန်းထဲ ဝင်လာပြီး ရိုက်နှက်ကြတယ်။ စစ်သားတွေက အသံမထွက်နိုင်အောင် သူရဲ့ ပါးစပ်ကို အဝတ်နဲ့စည်းပြီး ကြိုးပေးမယ့် အခန်းကို ဒရွတ်တိုက် ဆွဲခေါ်သွားတယ်” ဟု ဦးသိန်းဝင်းက ပြောသည်။

ထောင်မှူးချုပ် တာဝန်ကို နှစ်အတန်ကြာ ဆက်လက်တာဝန်ယူခဲ့သော ဦးသိန်းဝင်းက ထောင်အတွင်း အကျဉ်းသားများကို နှိပ်စက်မှုများကြောင့် သူ့အနေဖြင့် အရှက်ရမိသည်ဟု ဆိုသည်။ 

“ပထမတော့ အစိုးရ အရာရှိတစ်ဦးအနေနဲ့ လုပ်ကိုင်ရတာကို ဂုဏ်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ ရှက်လာမိတယ်” ဟု သူက ဆိုသည်။ သို့သော် အကျဉ်းသား အတော်များများကို သူက ကူညီခဲ့သောကြောင့် ယနေ့တိုင် သူအား လာရောက် ကန့်တော့လေ့ရှိကြကြောင်း သူကပြောသည်။ 

နိုင်ငံခြားသား အကျဉ်းသားတစ်ယောက်၏ အတွေ့အကြုံ 

မကြာသေးမီ နှစ်များအတွင်း အင်းစိန်ထောင်တွင် နေထိုင်ခဲ့ရသည့် နာမည်ကြီး နိုင်ငံခြားသား အကျဉ်းသားတစ်ဦးမှာ နယူးဇီလန် နိုင်ငံသား မစ္စတာဖေးလ်ဘလက်ဝုဒ် ဖြစ်သည်။ သူသည် ဗဟန်းမြို့နယ်ရှိ ဘားတစ်ခု၏ အထွေထွေ မန်နေဂျာ ဖြစ်သည်။ 

ဘလက်ဝုဒ်နှင့် သူ၏ မြန်မာနိုင်ငံသား လုပ်ဖော်ကိုင်ဖက် နှစ်ဦးဖြစ်သူ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်တို့ သုံးဦးကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးပြီး ထောင်နှစ်နှစ်ခွဲ ချမှတ်ခဲ့သည်။ ဘား၏ အရောင်းမြှင့်တင်သည့် အွန်လိုင်းကြော်ငြာတွင် ဗုဒ္ဓ၏ပုံတော်ကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သုံးဦးသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လွတ်လာခဲ့သည်။  

ဘလက်ဝုဒ်၏ အမှုအား တရားစီရင်မှုကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ ဦးစားပေးထားရှိသော အကျဉ်းသား ဖြစ်သောကြောင့် သူက ကိုယ်ပိုင်အကျဉ်းခန်းတစ်ခန်းဖြင့် နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ 

“ပထမဆုံး လအနည်းငယ်ကတော့ အရမ်းခက်ခဲခဲ့တယ်” ဟု နယူးဇီလန်နိုင်ငံမှ ဘလက်ဝုဒ်က တယ်လီဖုန်းဖြင့် Frontier ကို ပြောသည်။ “ပထမဆုံးအထဲကို ဝင်ရတဲ့အချိန်မှာ ကျွန်တော်ကို ရိုက်နှက်တာ ရှိလာနိုင်တယ်လို့ ပြောကြတယ်။ ကျွန်တော်က အဲဒါကို အတော်လေး အလေးအနက်ထားခဲ့ပြီး ကျွန်တော်တစ်ယောက်ထဲပဲ များသောအားဖြင့် နေခဲ့တယ်” ဟု သူကပြောသည်။

သို့သော် သူ၏ ထောင်တွင်းဘဝမှာ တဖြည်းဖြည်းနှင့် နေသားကျလာသည်ဟု ဆိုသည်။ အထူးသဖြင့် ထောင်အစောင့်များနှင့် မိတ်ဆွေဖြစ်သွားသောအခါတွင် သူ၏ အခြေအနေကလည်း ပိုမို သက်တောင့် သက်သာဖြစ်လာသည်ဟု ဆိုသည်။ 

တစ်နေ့လျှင် ရှစ်နာရီခန့်အား အကျဉ်းခန်း အပြင်ဘက်ရှိ ထောင်သားများ လေ့ကျင့်ခန်းလုပ်သည့် ကွင်းထဲတွင် နေထိုင်နိုင်သည်ဟု ဆိုသည်။ 

သူ၏ အကျဉ်းခန်းတံခါးကို တစ်နေ့လျှင် နှစ်ကြိမ် ဖွင့်ထားပေးကြသည်ဟု ဆိုသည်။ နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် ဖွင့်ပေးထားကြသည်။ “ကျွန်တော်ကို အခန်းတံခါး ပိတ်ထားတဲ့ နှစ်နာရီက အန္တရာယ်ရှိတဲ့ အကျဉ်းသားတွေ လမ်းထွက်လျှောက်ရတဲ့ အချိန်ဖြစ်တယ်” ဟု ဘလက်ဝုဒ်က ဆိုသည်။ 

စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုကလည်း သူကို စိတ်ဓါတ်မကျအောင် အားဖြည့်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ သူသည် အစောင့်များက အကျဉ်းခန်း တံခါးကို ဖွင့်ပေးချင်းချင်း အပြင်သို့ မထွက်ခဲ့ပေ။ ထို့ပြင် တံခါး ပြန်ပိတ်မည့်အချိန် မတိုင်မီကတည်းက အခန်းထဲကို ပြန်ဝင်နေခဲ့သည်။ 

“ဒီလိုလုပ်တာ ရယ်စရာတော့ ကောင်းပေမယ့် ကျွန်တော် ဝင်မယ့်၊ ထွက်မယ့် အချိန်ကို သူတို့က ထိန်းချုပ်နေတာ မဟုတ်ဘဲ ကျွန်တော်ဘာသာ ဆုံးဖြတ်နေရသလို ခံစားရစေပါတယ်” ဟု ဘလက်ဝုဒ်က ဆိုသည်။ 

အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်ခြင်းမျိုးကို သူတစ်ခါမှ မတွေ့ခဲ့ရဟု သူက ဆိုသည်။ သို့သော် ထောင်ထဲသို့ အမျိုးသားအုပ်စုတစ်စု ရောက်ရှိလာခဲ့ပြီးနောက် တစ်ပတ်အတွင်းမှာပင် ထိုအုပ်စုထဲမှ လူလတ်ပိုင်း အမျိုးသား တစ်ဦး၏ အခြေအနေ ဆိုးရွားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ထိုအုပ်စုက ဘယ်သူဘယ်ဝါ ဆိုသည်ကို Frontier က မသိရှိနိုင်ခဲ့ပေ။ 

“ထိုလူက တစ်ပတ်အတွင်း ကျန်းမာရေး အရမ်းဆိုးရွားသွားခဲ့တယ်။ ထိုလူက ထောင်ကျနေတာ ၁၃ နှစ်ရှိပြီ။ နောက်တစ်ပတ်အကြာမှာပဲ သူသေပြီလို့ ကြားလိုက်ရတယ်” ဟု ဘလက်ဝုဒ်က ဆိုသည်။ 

အင်းစိန်ထောင်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ။

အင်းစိန်ထောင်အတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ။

“ကျန်းမာတဲ့ လူတောင် ဒီထဲမှာ နေရတာ ခက်ခဲတယ်။ ဒီလူက နေကောင်းပုံမရဘူး။ အပူဒဏ်နဲ့ စိတ်ဖိစီးမှုကြောင့် သေသွားတာ ထင်တယ်” ဟု သူက ဆိုသည်။ 

သူထောင်ထဲရောက်ရှိသွားချိန်တွင် သူ၏ မိသားစုဝင်များက လာရောက်တွေ့ဆုံကြသည်။ သူက ဖခင်ဖြစ်သူနှင့် တစ်ဦးတည်း စကားပြောဆိုနိုင်ရန် ဇနီးနှင့် မွေးချင်းများအပြင် မိခင်ကိုပါ ခေတ္တ ဘေးဖယ်ခိုင်းခဲ့သည်။ 

“ကျွန်တော် ဒီထောင်ထဲမှာ တစ်ခုခုဖြစ်သွားရင် ကျွန်တော် အလောင်းကို နယူးဇီလန်ကို မရောက်ရောက်အောင် ပြန်သယ်ဆောင်ပေးဖို့ အဖေကို မှာတာပါ” ဟု သူက ပြောသည်။ 

“ဒါပေမယ့် ကျွန်တော်ထင်တယ်။ ကျင့်သားရသွားပါတယ်” ဟု သူက ဆိုသည်။ 

သူအား တရားစီရင် အမှုစစ်ခဲ့ပုံကိုမူ ဘလက်ဝုဒ်က ရှုတ်ချပြောဆိုသည်။ 

“မြန်မာနိုင်ငံမှာ ပြောင်းလဲဖို့ လိုတာက ထောင်မချခင် တရားစီရင်ပုံ လုပ်ငန်းစဉ်ပဲ။ တရားစီရင်တဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးနေတယ်” ဟု ၎င်းကပြောသည်။ 

ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်

ဘလက်ဝုဒ်နှင့် အခြားနှစ်ယောက်တို့သည် အင်းစိန်ထောင်နှင့် ဗဟန်းမြို့နယ် တရားရုံးသို့အား တစ်ပတ်လျှင် တစ်ကြိမ် ခေါက်တုန့်ခေါက်ပြန်ဖြင့် သုံးလခန့်ကြာအောင် သွားလာခဲ့ရသည်။ 

ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦး၏ အမှုအား တရားစီရင် ကြားနာမှုကို ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားခဲ့ကြပြီး ၎င်းတို့နှစ်ဦးမှာလည်း အင်းစိန်ထောင်မှ အင်းစိန်မြို့နယ် တရားရုံးသို့ ခေါက်တုန့်ခေါက်ပြန် သွားလာနေရသည်။ 

ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ပြင်တစ်နေရာတွင် ဖမ်းဆီးခံရပြီးကတည်းက ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သတင်းရယူနေစဉ် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထိုဥပဒေသည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

လျှို့ဝှက် စာရွက်စာတမ်းများကို လက်ဝယ် ပိုင်ဆိုင်ထားသည်ဟုဆိုကာ တရားစွဲခံရပြီး တရားစီရင် ကြားနာမှု စတင်ကတည်းက တရားရုံးသို့ အကြိမ် ၂၀ ကျော် သွားရောက်ရပြီး ဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို ထောင်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ယောက်၏ ထွက်ဆိုမှုလည်း ရှိထားသည်။ 

သတင်းထောက် ကိုဝလုံးအား သြဂုတ် ၇ ရက်နေ့က ရုံးချိန်း၌တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

သတင်းထောက် ကိုဝလုံးအား သြဂုတ် ၇ ရက်နေ့က ရုံးချိန်း၌တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ကိုဝလုံးနှင့် ကျော်စိုးဦးတို့က သူတို့အား အင်းစိန်ထောင်ထဲတွင် မည်သို ပြုမူဆက်ဆံသည်ကို ဖော်ပြပြောဆိုခြင်း မရှိသော်လည်း ရိုက်တာ သတင်းတစ်ပုဒ်၏အဆိုအရ တရားခံများကို သုံးရက်ဆက်တိုက် မအိပ်ခိုင်းဘဲ စစ်ဆေး မေးမြန်းခဲ့သလောဟု ရဲမှူးမြင့်လွင်ကို တရားခံရှေ့နေ ဦးသန်းဇော်အောင်က ဇွန်လ ၁၁ ရက်နေ့ ကြားနာမှုတွင် မေးမြန်းခဲ့သည်။ 

ကိုကျော်စိုးဦးအား စစ်ဆေးမေးမြန်းခဲ့ရာတွင် သုံးနာရီဆက်တိုက် ဒူးထောက်ခိုင်းခဲ့သလောဟုလည်း ဦးသန်းဇော်အောင်က တရားလို သက်သေကို မေးမြန်းခဲ့သည်။ 

ရဲမှူးမြင့်လွင်ကမူ တရားခံများကို မအိပ်ခိုင်းခြင်းနှင့် ဒူးထောက်ခိုင်းခြင်းတို့ မရှိကြောင်းနှင့် သူ့လက်အောက်မှ ရဲများကို ထိုသို့ စစ်ဆေးခွင့် မပေးထားကြောင်း ပြောကြားသည်။ 

သတင်းထောက်များကို ဖမ်းဆီးအပြီးတွင် အထူးစစ်ဆေးမေးမြန်းရေး ဌာနသို့ ပို့ဆောင်ခဲ့ခြင်းမျိုးလည်း မရှိကြောင်း၊ ၎င်းတို့ကို အစပိုင်းတွင် ရန်ကုန်မြို့ မြောက်ပိုင်းရှိ ရဲစခန်း တစ်ခုတွင်သာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးမြင့်လွင်က ဆိုသည်။ 

ရိုက်တာသတင်းတွင် ဖော်ပြထားချက်အရ ၎င်းတို့အား ဖမ်းဆီးအပြီးတွင် နှစ်နာရီကြားတစ်ခါ စစ်ဆေး မေးမြန်းခြင်းများအား သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး သူလျှိုများလားဟုလည်း အထပ်ထပ် မေးခဲ့ကြသည်ဟု ကိုဝလုံးနှင့် ကျော်စိုးဦးတို့က သတင်းထောက်များကို ပြောကြားသည်။

၎င်းတို့အား သာမန်ရဲစခန်းတွင်သာ စစ်ဆေးမေးမြန်းခဲ့သည် ဆိုသည်မှာ လုံးဝမမှန်ကန်ကြောင်း ကိုဝလုံးက ပြောကြားသည်။ 

သတင်းထောက်နှစ်ဦးအပေါ် ပြုမူဆက်ဆံပုံမှာ စိတ်ပိုင်းနှင့် ရုပ်ပိုင်း နှိပ်စက်ညှင်းပန်းမှု ဖြစ်သည်ဟု ဦးခင်မောင်ဇော်က ကြားနာမှု အပြီးတွင် ရိုက်တာသတင်းဌာနကို ပြောကြားသည်။

AAPP မှ ဦးဘိုကြည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

AAPP မှ ဦးဘိုကြည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ထိုအချိန်အတောအတွင်းတွင် နိုင်ငံရေး အကျဉ်းသာများကို လွှတ်ပေးရေးအတွက် လှုံ့ဆော်မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ 

“ဒီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ပြဿနာက မပြီးဆုံးသေးဘူး” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် AAPP ကို တည်ထောင်သူ ဦးဘိုကြည်က ပြောသည်။ “အစိုးရက ဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်။ အကျဉ်းသားတွေက လူသားတွေပါ။ သူတို့က အကျဉ်းထောင်မှာ လွတ်လွတ်လပ်လပ် နေနိုင်ရမယ်။ အာဟာရရှိတဲ့ အစားအသောက်တွေ ရရှိရမယ်။ ဆေးဝါးကုသမှုလည်း ရရှိနိုင်ရမယ်။ သူတို့ကို လူလိုဆက်ဆံရမယ်။ အစိုးရမှာ ဒီတာဝန် ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။

“ပထမဆုံး လုပ်ရမှာက တရားဥပဒေကို စိုးမိုးအောင်လုပ်ပြီး အကျဉ်းသား အရေအတွက် လျှော့ချဖို့ပဲ။ ပြစ်မှု တစ်ခုနဲ့ တရားစွဲ ခံရသူကလည်း တရားမျှတတဲ့ တရားစီရင်မှုမျိုး ရရှိဖို့ လိုအပ်တယ်” ဟု ဦးဘိုကြည်က ပြောသည်။ 

“အားလုံးက အပြန်အလှန် ဆက်နွယ်နေတာပဲ။ အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်။ ရဲတွေကို ပြုပြင် ပြောင်းလဲမှု လုပ်ရမယ်။ တရားစီရင်ရေးကို ပြုပြင်ပြောင်းလဲရမယ်” ဟု သူက ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်ကို ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar