National League for Democracy supporters ride in trucks during a campaign rally in Nay Pyi Taw on October 21. (Thet Aung | AFP)
အင်န်အယ်လ်ဒီပါတီထောက်ခံသူများသည် ယခုနှစ်၊ အောက်တိုဘာ၂၁ရက်တွင် နေပြည်တော်တွင် ယာဉ်တန်းဖြင့် မဲဆွယ်စည်းရုံးခဲ့စဉ်။ (သက်အောင် | အေအက်ဖ်ပီ)

အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲ အသုံးစရိတ်ကို လေ့လာခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ထပ်မံအနိုင်ရရန် သဒ္ဓါတရား ထက်သန်စွာ ငွေကြေးထောက်ပံ့ကူညီခဲ့သူများရှိခဲ့သည့်တိုင် ထိုငွေစာရင်းများသည် ရွေးကောက်ပွဲအသုံးစရိတ်စည်းမျဉ်းများ၏ အားနည်းချက်ကြောင့် မည်မျှရှိခဲ့သည်ကို မသိရှိနိုင်ပေ။

ဆွေလဲ့မွန် နှင့် ထင်လင်းအောင် ရေးသားသည်။

မန္တလေးတိုင်းဒေသကြီးတောင်ပိုင်းရှိ မိတ္ထီလာမြို့တွင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​ (အင်န်အယ်လ်ဒီ)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့၏  လူထောင်ချီပါဝင်သော မဲဆွယ်စည်းရုံးပွဲများသည်  နိုဝင်ဘာရွေးကောက်ပွဲအကြိုကာလ၏ ရင်ခုန်ဖွယ် နိုင်ငံရေးရာသီဥတုကို ထင်ဟပ်စေသည်။

ခွပ်ဒေါင်းအလံများလွှင့်ထူထားသည့် မော်တော်ယာဉ်များပေါ်က ကြီးမားသော အသံချဲ့စက်များက အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး တေးသီချင်းများကို ကျယ်လောင်စွာ ဖွင့်ထားသည်။ အဆိုပါယာဉ်တန်းများပေါ်တွင် အနီရောင်တီရှပ် ဆင်တူဝတ်ဆင်ထားသူများက တေးသွားများကို စိတ်လက်မာန်ပါ ဟစ်ကြွေးနေကြသည်။

အားမာန်အပြည့်သီဆိုနေသည့် ၎င်းတို့၏ဟန်ပန်သည် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို အနိုင်ပိုင်းရန် စိတ်ပိုင်းဖြတ်ထားသည်မှာ သိသာထင်ရှားလှသည်။ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရန် မဲဆွယ်မှုစည်းရုံးရာတွင် လူ၅၀ထက်မကျော်လွန်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည်။ သို့သော် နိုင်ငံရေးပါတီများသည် ယင်းကန့်သတ်ချက်ကို ရှောင်လွှဲရန် မဲဆွယ်စည်းရုံးပွဲများကို “ပါတီဝန်းရံသူများ”က ပြုလုပ်သည်ဟု ခေါင်းစဉ်တပ်ခဲ့ကြသည်။

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး၏အမာခံနယ်မြေများ၌ အင်န်အယ်လ်ဒီက သိမ်းကျုံးအနိုင်ရရှိမှုအတွက် ရောင်စုံမဲဆွယ်ယာဉ်တန်းများဖြင့် တရုန်းရုန်း မဲဆွယ်ခဲ့ခြင်းက အဓိကျကသည်ဟု အတိအကျမပြောနိုင်ပေ။ သို့သော် သေချာသည်က ကော်မရှင်သို့ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရာတွင် ပါတီဝန်းရံသူများပြုလုပ်သည်ဟု ခေါင်းစဉ်တပ်သော မဲဆွယ်စည်းရုံးပွဲများ၏ ကုန်ကျစရိတ် မပါဝင်ခဲ့ပေ။

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၇)တွင် အနိုင်ရခဲ့သူ အင်န်အယ်လ်ဒီအမတ် ဦးဘုန်းကျော်က အဆိုပါမဲဆွယ်စည်းရုံးမှုအတွက် ကုန်ကျစရိတ်များကို ၎င်း၏ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းတွက်ချက်ခဲ့ခြင်း မရှိပေ။ ပါတီနှင့်ကိုယ်စားလှယ်များက ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ ပါတီကို “ထောက်ခံသူများ”က ကူညီဝန်းရံခဲ့ခြင်းဖြစ်သဖြင့် မထည့်သွင်းခဲ့ဟု ၎င်းကဆိုသည်။

“ဒါတွေက ကျွန်တော်တို့နဲ့ လုံးဝပတ်သက်တာမဟုတ်ဘူးလေ။ ဝန်းရံသူတွေက သူတို့ဘာသာသူတို့ အင်န်အယ်ဒီကို နိုင်စေချင်လို့လုပ်သွားတဲ့ကိစ္စပါ”ဟု ဦးဘုန်းကျော်က ပြောသည်။ ထို့ပြင် ဝန်းရံသူများပြုလုပ်ခဲ့သော မဲဆွယ်လှုပ်ရှားမှုများ၏ ကုန်ကျစရိတ်ကို တွက်ချက်ရန်မဖြစ်နိုင်ဟု သူကပြောသည်။ 

“ကျွန်တော်တို့လည်း မသိတဲ့ကိစ္စတွေကို ဒီအထဲမှာ(အသုံးစရိတ်)လာထည့်ရင်တော့ ဘယ်သူပဲဖြစ်ဖြစ်သဘာဝမကျဘူး ထင်ပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိ၎င်း၏တရားဝင် ရွေးကောက်ပွဲအသုံးစရိတ်သည် အဆိုပါယာဉ်တန်းမဲဆွယ်မှုများ မပါဝင်ပါက ကျပ်သိန်း၁၀၀ထက်မကျော်နိုင်ဟု ဦးဘုန်းကျော်ကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်သည်လည်း အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုးကို မဲကွာဟချက်အနည်းငယ်ဖြင့် သူနိုင်ကိုယ်နိုင်အပြိုင်ကြဲ၍ အနိုင်ယူခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ ပါဝင်သည့် မဲဆွယ်ယာဉ်တန်းများသည်လည်း ပျော်ဘွယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ ပျားပန်းခပ် စီတန်းလှည့်လည်ခဲ့ကြသည်။

သို့သော် ထိုမြို့နယ်များတွင်လည်း ယင်းသို့စီတန်းလှည့်လည်ရာတွင် ကုန်ကျသည့် ငွေကြေးပမာဏကို ကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းဖော်ပြခြင်းမပြုကြပေ။

ငွေကြေးချမ်းသာသော ပါတီထောက်ခံသူများသည် မဲဆွယ်လှည့်လည်ပွဲများတွင် ပါတီအမှတ်တံဆိပ်ပါအင်္ကျီများနှင့် အစားအသောက်များကို ၎င်းတို့ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်၍ လှူဒါန်းခဲ့ကြသည်ဟု အင်န်အယ်လ်ဒီပါတီဝင် ဦးညီညီလွင်က ဆိုသည်။ ၎င်းသည် ပျော်ဘွယ်နှင့်ရမည်းသင်းတို့ပါဝင်သော မန္တလေးတိုင်းဒေသကြီး၊ အမျိုသားလွှတ်တော်မဲဆန္ဒနယ်(၁၀)တွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။

“ကိုယ့်အသုံးစရိတ်တွေတောင်မှ ခြိုးခြံချွေတာပြီး သမာအာဇီဝကျကျနဲ့ ကော်မရှင်ကထုတ်ပြန်ထားတဲ့ နည်းဥပဒေနဲ့အညီ ကျွန်တော်တို့သုံးခဲ့တယ်”ဟု ၎င်းကပြောသည်။

ရိုးရိုးရှင်းရှင်းမဲဆွယ်ခဲ့သဖြင့် ၎င်း၏ရွေးကောက်ပွဲအသုံးစရိတ်သည် ကျပ်၃၅သိန်းနှင့် သိန်း၄၀အကြားတွင်သာရှိသည်ဟု ရွာပေါင်း၅၀၀ကျော်သို့ နယ်မြေဆင်း၍ မဲဆွယ်ခဲ့သည့် ဦးညီညီလွင်ကဆိုသည်။

“ကျွန်တော်အင်္ကျီဝေတာမရှိဘူး။ ဆန်ဝေတာမရှိဘူး။ ဘာသာရေးအကြောင်းပြပြီး ငွေကြေးလှူဒါန်းတာတွေ မရှိဘူး။ အဲဒီတော့ ကုန်ကျစရိတ်ဆိုတာ အင်မတန်နည်းတယ်။ ကိုဗစ်ရှိတဲ့အတွက် ချင့်ချိန်ပြီးသွားရတာဆိုတော့ ကုန်ကျစရိတ်မှာလည်း နည်းတာပေါ့။ သိပ်မများဘူး”ဟု ၎င်းကပြောသည်။

သို့သော်မိတ္ထီလာတွင် ပါတီမဲဆွယ်စည်းရုံးရေးအတွက် မော်တော်ယာဉ်တစ်စီး စီစဉ်ပေးခဲ့သည့် အင်န်အယ်လ်ဒီဝန်းရံသူတစ်ဦး၏ အဆိုအရ အဆိုပါကုန်ကျစရိတ်ကိုပါ ထည့်တွက်ပါလျှင် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်သည် ကော်မရှင်ကသတ်မှတ်သော ကျပ်သိန်း၁၀၀နား ကပ်သွားနိုင်သည်ဟူ၍ ဖြစ်၏။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေနံဓာတ်ငွေ့ရည် (LPG) တင်သွင်းဖြန့်ဖြူးသည့် ဩရထရိတ်ဒင်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်သည် မိတ္ထီလာတွင် အင်န်အယ်လ်ဒီ​၏ မဲဆွယ်စည်းရုံးမှုများကိုပံ့ပိုးရန် အခြားထောက်ခံသူများနှင့် “နှောင်ကြိုးမဲ့ဝန်းရံသူများအဖွဲ့” (Union State Success-National League for Democracy, USS-NLD)ကို တည်ထောင်ခဲ့သည်။

၎င်းသည် ပါတီအမှတ်တံဆိပ်များအလှဆင်ထားသည့် ကုန်တင်ကားတစ်စီးဖြင့် မိတ္ထီလာနှင့် အနီးတစ်ဝိုက်မြို့နယ်များ၊ မကွေး၊ ပဲခူး၊ မွန်နှင့်ကရင် စသည့် တိုင်းနှင့်ပြည်နယ်များသို့ပါ သွားရောက်၍ အင်န်အယ်လ်ဒီကို မဲဆွယ်စည်းရုံးရာတွင် တက်တက်ကြွကြွကူညီခဲ့သည်။

မဲဆွယ်စည်းရုံးရေးကာလ အဆိုပါ ကုန်တင်ကားနှင့် လှည့်လည်သွားရောက်ရာတွင် အထွေထွေကုန်ကျစရိတ်မှာ ကျပ်သိန်း၃၅၀ခန့်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“အဓိက ကုန်ကျစရိတ်ကတော့ ခရီးသွားတွေတဲ့အခါ ဆီဖိုးတွေ၊ နောက်ကျွန်တော်တို့နဲ့ အတူတူလိုက်ပါတဲ့သူတွေရဲ့ စားသောက်ရေးတွေအတွက် အဓိကကုန်တာပေါ့”ဟု ဦးကျော်မျိုးနိုင်က ပြောသည်။

စက်တင်ဘာ၉ရက်က ရန်ကုန်မြို့တွင် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များကို မြင်တွေ့ရစဉ်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

မရှင်းလင်းသော စည်းမျဉ်းများ

ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပါတီထောက်ခံသူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မဲဆွယ်စည်းရုံးရာတွင်သုံးစွဲသည့် ငွေကြေးအကြား ရှင်းလင်းတိကျစွာ ခွဲခြားထားသော ပြဋ္ဌာန်းချက်မရှိခြင်းသည် လက်ရှိရွေးကောက်ပွဲဥပဒေများ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ယင်းကြောင့်ပင် ရွေးကောက်ပွဲအသုံးစရိတ်ကို ထိထိရောက်ရောက် စိစစ်ကြပ်မတ်နိုင်ခြင်းမရှိပေ။

ဝင်ပြိုင်သည့်ကိုယ်စားလှယ်လောင်းအားလုံးသည် ရလဒ်ကြေညာသည့် နေ့မှစ၍ ရက်ပေါင်း၃၀အတွင်း သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲများထံသို့ ရွေးကောက်ပွဲအသုံးစရိတ်ကို ဥပဒေအရ အသေးစိတ်တင်ပြရသည်။ ရလဒ်များကို ကော်မရှင်အဖွဲ့ခွဲများသည် နိုဝင်ဘာ၈ရက် နောက်ပိုင်းရက်သတ္တပတ်ကျော်အထိ ကြေညာခဲ့ရာ ကိုယ်စားလှယ်လောင်းများသည် အသုံးစရိတ်များကို ဒီဇင်ဘာ၁၀ရက်မှ ၁၅ရက်အကြားတွင် နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်သည်။

ယင်းအသုံးစရိတ်များတွင် မြေပြင်မဲဆွယ်မှုများသာမက အွန်လိုင်းမဲဆွယ်မှုများအတွက် သုံးစွဲမှုများကိုပါ ထည့်သွင်းရမည်ဖြစ်သည်။ မဲဆွယ်ရာနယ်မြေကျယ်ဝန်းသဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ယှဉ်ပြိုင်သူများသည် ကျပ်သိန်း၁၅၀အထိ သုံးစွဲခွင့်ရှိပြီး ကျန်ကိုယ်စားလှယ်လောင်းများအားလုံးသည် ကျပ်သိန်း၁၀၀အထိသာ သုံးစွဲခွင့်ရှိသည်။ သို့တိုင်ကိုယ်စားလှယ်လောင်းအများစုကမူ ယင်းသတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်သုံးစွဲခြင်းမရှိဟု ဆိုကြသည်။

၂၀၁၅ရွေးကောက်ပွဲအပြီးတွင် အမေရိကန်အခြေစိုက် နိုင်ငံတကာရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာသည့် “ကာတာစင်တာ” က အားနည်းချက်များရှိနေသည့် ရွေးကောက်ပွဲအသုံးစရိတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန် ရွေးကောက်ပွဲကော်မရှင်သို့ အကြံပြုခဲ့သည်။

အဓိကအချက်မှာ ပွင့်လင်းရိုးသားသည့် အလေ့အကျင့်များကို လိုက်နာမှုရှိ၊ မရှိ စစ်ဆေးနိုင်သည့်စနစ်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။ လက်ရှိဥပဒေပြဋ္ဌာန်းချက်များအရ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များကိုစောင့်ကြည့်ခြင်း သို့မဟုတ် စာရင်းအင်းများကို စစ်ဆေးရန်  တိကျသေချာသော လုပ်ထုံးလုပ်နည်းများ မရှိပေ။ သို့ဖြစ်ရာ သတ်မှတ်ရက်အတွင်း တင်သွင်းလာသည့် ကိုယ်စားလှယ်လောင်းတိုင်း၏ အသုံးစရိတ်တင်ပြမှုများသည် သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်ခြင်းမရှိပါက အသုံးစရိတ်ဆိုင်ရာစည်းမျဉ်းများကို လိုက်နာသည်ဟု အလိုအလျောက် သတ်မှတ်သကဲ့သို့ဖြစ်နေကြောင်း ကာတာစင်တာက ဆိုသည်။

သို့သော် ကော်မရှင်က မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းများကို တိကျရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသေးပေ။ ယင်းသို့မတိကျသည့် စည်းမျဉ်းများကြောင့် အချို့ကိုယ်စားလှယ်လောင်းများသည် သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်သုံးစွဲရန် အခွင့်ရရှိနေကြသည်။

ဥပမာအားဖြင့် အမတ်လောင်းများသည် တရားဝင်မဲဆွယ်ကာလမတိုင်ခင်က သုံးစွဲခဲ့သည့် ငွေများကို ကော်မရှင်ထံ အစီရင်ခံရန် မလိုအပ်ပေ။ အထူးသဖြင့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် သုံးစွဲသည့်ငွေပမာဏကို အသုံးစရိတ်တွင် ထည့်သွင်းတွက်ချက်ရသော်လည်း ပါတီကသုံးစွဲသည့် အသုံးစရိတ်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရန် မလိုအပ်ပေ။

ဥပဒေတွင်တားမြစ်ထားသည့် ပြည်ပနိုင်ငံ အဖွဲ့အစည်းများကလွဲ၍ လူတစ်ဦးတစ်ယောက်ချင်းစီ၏ လှူဒါန်းမှုများကိုလည်း အကန့်အသတ်မဲ့ လက်ခံနိုင်သည်။ ထို့ပြင် အဆိုပါလှူဒါန်းမှုအတွက် ဝင်ငွေရလမ်းကို ဖော်ပြရန်လည်း မလိုအပ်ပေ။ အရေးကြီးဆုံးအချက်မှာ ရွေးကောက်ပွဲအသုံးစရိတ်အစီရင်ခံစာများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာရန် မလိုအပ်ခြင်းဖြစ်သည်။

ပါတီများနှင့်ကိုယ်စားလှယ်လောင်းများသည် ပါတီဝင်များနှင့် အများပြည်သူ၏ ထည့်ဝင်ငွေထက် ပုဂ္ဂလိကလှူဒါန်းငွေများအပေါ် လုံးလုံးမှီခိုနေရသည်။ ထို့ကြောင့် အလှူငွေများ၊  အသုံးစရိတ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် အကျင့်ပျက်ခြစားမှု ဖြစ်ပေါ်လာစေရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေပြီး ဒီမိုကရေစီစနစ်၏ အနှစ်သာရတစ်ခုဖြစ်သော တာဝန်ယူမှု၊ တာဝန်ခံမှုကို ခြိမ်းခြောက်နေသည်ဟု ကာတာစင်တာက ဝေဖန်ထောက်ပြခဲ့သည်။

ကာတာစင်တာက ပွင့်လင်းမြင်သာမှုမြှင့်တင်ရန် လက်တွေ့ပြုပြင်ပြောင်းလဲနိုင်သည့် အချက်အလက်များကို တင်ပြခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွန်ခဲ့သည့် ငါးနှစ်အတွင်း ရွေးကောက်ပွဲဥပဒေပါ မဲဆွယ်အသုံးစရိတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခဲ့ခြင်းမပြုပေ။

ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲအသုံးစရိတ် စည်းမျဉ်းများတွင် ဥပဒေအားနည်းချက်များ၊ ဥပဒေကိုလက်တစ်လုံးခြားလုပ်နိုင်သည့် ဟာကွက်များရှိနေကြောင်း သုံးသပ်သည်။ အထူးသဖြင့် အွန်လိုင်းတွင် မဲဆွယ်စည်းရုံးလှုံ့ဆော်ရေးအတွက် ရှင်းလင်းသည့်ညွှန်ကြားချက်များနှင့် ပါတီများကလက်ခံနိုင်သည့် အလှူငွေပမာဏ ကန့်သတ်ချက်မရှိခြင်းတို့ ပါဝင်သည်။

“သာမန်လူတစ်ယောက်က ပါတီ,တီရှပ်ဝတ်ပြီး မဲဆွယ်ပွဲတွေမှာဝင်အားပေးတာကို ဝန်းရံသူလို့ ခေါင်းစဉ်တပ်တာဆိုရင် ပြဿနာမရှိဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တစ်ယောက်က ငွေကြေးတွေ အများအပြားအကုန်ခံပြီး လူထောင်ပေါင်းများစွာပါတဲ့ မဲဆွယ်စည်းရုံးရေး လုပ်ပေးတယ်ဆိုရင် ဒီလူကို ဝန်းရံသူလို့ခေါ် လို့မရတော့ဘူး။ ဒါတွေကလည်း တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိတော့ ကိုင်တွယ်ရခက်တဲ့ အခြေအနေဖြစ်နေတာ”ဟု ဦးစိုင်းရဲကျော်စွာမြင့်ကပြောသည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၇အရ ပါတီများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းတစ်ခု ပြုစုရန်လိုအပ်သည်။ ကော်မရှင် နှင့်၎င်း၏အဖွဲ့ခွဲများသည် ပုဒ်မ၁၈အရ လိုအပ်ပါက အဆိုပါဘဏ္ဍာရေးရှင်းတမ်းကို စစ်ဆေးခွင့်ရှိသည်။ သို့သော် အကြောင်းအရင်း တစ်စုံတစ်ရာမရှိဘဲ စစ်ဆေးခွင့်မရှိသလို ပါတီများ၏ ဘဏ္ဍာရေးငွေစာရင်းရှင်းတန်းများကို အများပြည်သူသိရှိအောင် ထုတ်ပြန်ရမည်ဟု ဥပဒေကပြဋ္ဌာန်းထားခြင်းလည်းမရှိပေ။

ဦးစိုင်းရဲကျော်စွာမြင့်က ၎င်းတို့အဖွဲ့သည် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေးအသုံးစရိတ်အပေါ် ပိုမိုစနစ်ကျသည့် စည်းမျဉ်းများဖြင့် ကွပ်ကဲရန်လိုအပ်ကြောင်း ကော်မရှင်ထံသို့ ရွေးကောက်ပွဲအစီရင်ခံစာ တင်သွင်းသည့်အခါ အကြံပြုသွားမည်ဟု ဆိုသည်။ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်များကို အသေးစိတ်လေ့လာဆန်းစစ်ခြင်းသည် အလွန်ရှုပ်ထွေး၊ ခက်ခဲသည့် ကိစ္စဖြစ်သည်ဟု သူကဆိုသည်။

“ကျွန်တော်တို့မှာ ကိုယ်စားလှယ်လောင်းအသုံးစရိတ်ကို သေချာ အသေးစိတ် မလေ့လာနိုင်ဘူး။ ဒါမျိုးလုပ်ဖို့ဆိုရင် ကျွန်တော်တို့အဖွဲ့ဝင်တွေကို သေချာသင်တန်းတွေ၊ ဂိုက်လိုင်းတွေ ပေးနိုင်မှဖြစ်မယ်”ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

PACE အဖွဲ့ကမူ နိုဝင်ဘာရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများသည် အစိုးရပိုင်ပစ္စည်းများအသုံးပြု၍ မဲဆွယ်ခဲ့ခြင်းရှိ၊ မရှိကို အဓိကထား၍ အသေးစိတ် လေ့လာသုံးသပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အစိုးရပိုင်ပစ္စည်းသုံးပြီးမဲဆွယ်တာမတွေ့ရဘူး။ ဒါပေမဲ့ အစိုးရကလုပ်နေတဲ့ စီမံကိန်းတွေကိုပြောပြီး မဲဆွယ်တာမျိုးရှိခဲ့တယ်”ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

တရားဝင်မဲဆွယ်စည်းရုံးရေးကာလကို စတင်သည့်အနေဖြင့် အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ၈ရက်က နေပြည်တော်ရှိ ပါတီယာယီဌာနချုပ်တွင် ပါတီအလံကို လွှင့်ထူနေစဉ်။ (သက်အောင် | အေအက်ဖ်ပီ)

ပါတီဘဏ္ဍာရန်ပုံငွေယန္တရား

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက ထပ်မံ၍ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ဝင်ပြိုင်သည့် ပါတီအမတ်လောင်း ၁,၁၀၆ဦး အနက် ၉၂၀ဦးသည်  ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် အနိုင်ရခဲ့သည်။ အင်န်အယ်လ်ဒီသည် ပြည်ထောင်စုလွှတ်တော်အတွက် ၃၉၆နေရာ အနိုင်ရရှိခဲ့ရာ ၂၀၁၅က ၃၉၀နေရာနိုင်သည့် အနိုင်ရလဒ်ထက် ခြောက်နေရာပိုခဲ့သည်။ အစိုးရဖွဲ့နိုင်ရန်လိုအပ်သည့် ၃၂၂နေရာကို ရရှိခဲ့ပြီဖြစ်ရာ အင်န်အယ်လ်ဒီပါတီကပင် ဦးဆောင်၍ အစိုးရဖွဲ့စည်းရတော့မည်ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီကသုံးစွဲခဲ့သော ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောဆိုရန်မူ ပါတီပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ငြင်းဆန်ခဲ့သည်။ မည်သည့်ပါတီမျှ ယင်းသို့ထုတ်ဖော်ပြောဆိုလေ့မရှိဟု ၎င်းကဆိုသည်။

“ဒါပေမဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေက ဆင်းစစ်မယ်ဆိုရင်တော့ ကျွန်တော်တို့က စာရင်းတွေကို ပြသဖို့အဆင်သင့်ပါပဲ”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီက ရွေးကောက်ပွဲအောင်မြင်ရန် ပါတီခေါင်းစဉ်အောက်က သုံးစွဲခဲ့သည့် ငွေကြေးပမာဏနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ သုံးစွဲသည့် အသုံးစရိတ်အကြား ခွဲခြားရန်မှာ ခက်ခဲရှုပ်ထွေးသည့် ကိစ္စရပ်တစ်ခုဖြစ်နေသည်။ ပါတီဘဏ္ဍာရန်ပုံငွေလည်ပတ်ပုံ​ ယန္တရားနှင့်ပတ်သက်၍ ဖရွန်းတီးယားမြန်မာက အင်န်အယ်လ်ဒီပါတီအတွင်းက သတင်းရင်းမြစ်များစွာကို ဆက်သွယ်မေးမြန်းခဲ့သည်။

အင်န်အယ်လ်ဒီသည် ပါတီရန်ပုံငွေအတွက် ဘဏ္ဍာရေးရင်းမြစ်အစုံကို မှီခိုသည်။ လွန်ခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများထံမှ ကောက်ခံသည့် လစဉ်အချိုးကျထည့်ဝင်ငွေ၊ ပါတီဝင်များ၏ အသေးစားအလှူငွေများ၊ စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးများနှင့် ပုဂ္ဂလိကအလှူရှင်များ၏လှူဒါန်းငွေများကို အားထားရသည်။ သို့သော် ပြည်ခိုင်ဖြိုးနှင့် အခြားပါတီများကဲ့သို့ ပါတီကိုထောက်ပံ့ရန် စီးပွားရေးလုပ်ငန်းများ ထူထောင်ထားခြင်းမရှိကြောင်း ပါတီတာဝန်ရှိသူများကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများသည် စီးပွားရေးလုပ်ငန်းများထူထောင်ခွင့်ရှိပြီး ရရှိသည့်အကျိုးအမြတ်များကို ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနိုင်သည်။ သို့သော် အင်န်အယ်လ်ဒီသည် ၎င်းတို့၏ ပါတီဘဏ္ဍာရန်ပုံငွေယန္တရားအတွက် လူတစ်ဦးတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုကို မမှီခိုပေ။

ဥပမာအားဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ပါတီဘဏ္ဍာရန်ပုံငွေအတွက် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်း၏ ချမ်းသာကြွယ်ဝမှုကို ကြီးစွာမှီခိုရသည်။ သူရဦးရွှေမန်းသည် တပ်မတော်အကြီးအကဲဟောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်ပြီး မိသားစုပိုင်လုပ်ငန်း အမြောက်အမြားဖြင့် ကြွယ်ဝချမ်းသာသူလည်းဖြစ်သည်။

အင်န်အယ်ဒီကမူ ပါတီဝင်များကထည့်ဝင်သည့် ငွေကြေးဖြင့်ရပ်တည်သောကြောင့် အခြားပါတီများနှင့်မတူကြောင်း မုံရွာအောင်ရှင်ကဆိုသည်။ အင်န်အယ်လ်ဒီတွင် ပါတီဝင်အင်အား တစ်သန်းကျော်ရှိပြီး တစ်ဦးကို နှစ်စဉ်ပါတီဝင်ကြေး ကျပ်၁,၀၀၀ ကောက်ခံရာ နှစ်စဉ် ရန်ပုံငွေ ကျပ်တစ်ဘီလျံခန့် ရရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၏လစာမှ လစဉ်အချိုးကျ ကောက်ခံခြင်းဖြင့် တစ်လလျှင် ကျပ်သိန်း၂,၀၀၀ခန့် ပါတီပင်မရန်ပုံငွေအဖြစ် ရရှိနေသည်ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ်လွှတ်တော်စတင်သည့် ၂၀၁၆အစောပိုင်းကစ၍ တစ်လလျှင် လစာကျပ်၁၀သိန်းရရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ပါတီရန်ပုံငွေအတွက် လစာ၏၂၅ရာခိုင်နှုန်းကောက်ခံခဲ့သည်။ တစ်လကျပ်ငါးသိန်း လစာရသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကမူ လစာ၏၂၀ရာခိုင်နှုန်းကို ပါတီသို့ လစဉ်ပုံမှန်ပေးသွင်းရသည်။

အလားတူ သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း ၎င်းတို့၏ လစဉ်လစာမှ ၂၅ရာခိုင်နှုန်းကို ပါတီရန်ပုံငွေသို့ ထည့်ဝင်ရသည်။

သို့သော် ယင်းမူဝါဒကို ကျယ်ပြန့်သည့် မဲဆန္ဒနယ်များအား ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များက မနှစ်သက်ပေ။ ဥပမာအားဖြင့် မြို့နယ်တစ်ခုထက်ပို၍ ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်များသည် မဲဆန္ဒနယ်အတွင်းနယ်မြေအစုံသို့ သွားရောက်ရသည်ဖြစ်ရာ ပါတီရန်ပုံငွေထည့်ဝင်ပြီး လက်ကျန်လစာငွေမှာ မလုံလောက်သဖြင့် အိတ်စိုက်သုံးစွဲကြရသည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း လစာအချိုးကျရန်ပုံငွေ မပေးသွင်းသည့် ကိုယ်စားလှယ် ၁၀ဦးအထိရှိခဲ့ပြီး ၎င်းတို့ကို နိုဝင်ဘာရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု၍ ထပ်မံယှဉ်ပြိုင်ခွင့်မပေးတော့ကြောင်း မုံရွာအောင်ရှင်ကဆိုသည်။

“သူတို့က အင်န်အယ်ဒီအမှတ်အသားအောက်မှာ ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ပါတီစည်းမျဉ်းတွေကို ဆန့်ကျင်သူတွေကို ထပ်မရွေးချယ်နိုင်ပါဘူး”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီပါတီဗဟိုက ပြည်နယ်နှင့်တိုင်းဒေသကြီးအမတ်များထံက လစဉ်ရန်ပုံငွေကောက်ခံသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပါတီရုံးခွဲများသည် ကုန်ကျစရိတ်အားလုံးကို ကိုယ်ပိုင်ငွေဖြင့်သာ ကျခံကြရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင်မူ မြို့နယ်ပါတီအသုံးစရိတ်များ ကာမိအောင် ပါတီဝင်၅၀၀ကျော်ထံက လစဉ်ရန်ပုံငွေကောက်ခံကြောင်း အင်န်အယ်လ်ဒီ၏ ပျော်ဘွယ်မြို့နယ်ဥက္ကဋ္ဌဦးအေးချိုကဆိုသည်။

“အသုံးစရိတ်အတွက် လစဉ်ရိုးရိုးပါတီဝင်တွေဆီက ကျပ် ၂,၀၀၀၊ ငွေကြေးတတ်နိုင်တဲ့ ပါတီဝင်တွေဆီက ကျပ်၅,၀၀၀ကောက်တယ်။ ဒီလမှာ ကျွန်တော်တို့အခုငှားထားတဲ့ ခြံဝင်းပိုင်ရှင်က တစ်လကို တစ်သိန်းကနေ နှစ်သိန်းတိုးတောင်းလို့ ရုံးပြောင်းတော့မှာ”ဟု ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များထံက ကောက်ခံရရှိသည့် ရန်ပုံငွေများဖြင့် မြို့နယ်၂၀၀ နီးပါးတွင် ပါတီရုံးခန်းများ၊ ပြည်နယ်နှင့်တိုင်းအဆင့်ရုံးခန်း ၁၆ခု တည်ဆောက်နိုင်ခဲ့ကြောင်း မုံရွာအောင်ရှင်က ဆိုသည်။

“အရင်က နိုင်ငံအနှံ့က ကျွန်တော်တို့ပါတီရုံးခန်း အားလုံးလိုလိုက ငှားထားတာ။ အပိုင်မရှိဘူး။ အခုတော့ ရုံးခန်းထက်ဝက်လောက်က အပိုင်ဖြစ်လာပါပြီ”ဟု ၎င်းက ပြောသည်။

မုံရွာအောင်ရှင်၏ပြောဆိုချက်အရ မကြာသေးမီနှစ်များအတွင်း ပါတီကသုံးစွဲခဲ့သည့် ငွေကြေးပမာဏသည် အလွန်များပြားသည်။ အင်န်အယ်လ်ဒီပါတီသည် ထင်ရှားသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးဇော်ဇော်၏ ဧရာဝတီဘဏ်တွင် ကျပ်၄ဒသမ၄ဘီလျံကျော်နှင့် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်တွင် ကျပ်သန်း၄၀၀ကျော် အပ်နှံထားသည်ဟု ဝါရင့်ပါတီဝင် မရမ်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေးဝင်းမြင့်က ဇွန်တွင် Myanmar Now သတင်းဌာနအား ပြောကြားခဲ့ဖူးသည်။

ယင်းအပ်နှံငွေများအနက်က အချို့ကို ပါတီကရွေးကောက်ပွဲအတွက် အသုံးပြုခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် အင်န်အယ်လ်ဒီက ပါတီ၏ကိုယ်စားလှယ်လောင်းများကို မဲဆွယ်အသုံးစရိတ်များ ကာမိအောင် တစ်ဦးလျှင် ကျပ်၁၀သိန်းစီ ထောက်ပံ့ခဲ့သည်။ ပါတီကဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဦးရေ ၁,၀၀၀ကျော်ရှိခဲ့ရာ အင်န်အယ်လ်ဒီသည် ကျပ် ၁ဒသမ၁ဘီလျံကျော် ရွေးကောက်ပွဲအတွက် အသုံးပြုခဲ့သည်။

မဲဆွယ်ကာလမတိုင်ခင်က စည်းရုံးရေးကုန်ကျစရိတ်အဖြစ် ပါတီဗဟိုဌာနချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးများနှင့် မြို့နယ်ရုံးများကို တစ်ရုံးလျှင် ကျပ်သိန်း၃၀နှင့် ခရိုင်ရုံးတစ်ခုလျှင် ကျပ်၁၀သိန်းစီ ထောက်ပံ့ခဲ့သည်ဟု ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က Myanmar Now သတင်းဌာနကို ဇွန်တွင် ပြောသည်။ သို့သော် ထောက်ပံ့ငွေဖြင့် သုံးစွဲခဲ့သည့် ကုန်ကျစရိတ်များသည် ပါတီကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်တွင် ထည့်သွင်းဖော်ပြရန် မလိုအပ်ပေ။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နိုင်ငံအတွင်း အချို့ဒေသများတွင် မြေပြင်မဲဆွယ် စည်းရုံးမှုများကို ကော်မရှင်က ကန့်သတ်ခဲ့သဖြင့် လူမှုကွန်ရက်သည် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် လူအမြောက်အမြားသို့ မဲဆွယ်ရန် အရေးပါသည့်နယ်ပယ်သစ်တစ်ခု ဖြစ်လာသည်။

သို့သော် ပါတီနှင့် ကိုယ်စားလှယ်လောင်းများ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မဲဆွယ်ရေးသားချက်များကို အခကြေးငွေပေး၍ ကြော်ငြာခြင်းမပြုရန် အင်န်အယ်လ်ဒီက တင်းကျပ်စွာတားမြစ်ခဲ့သည်ဟု ပါတီဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ လူမှုကွန်ရက်စာမျက်နှာများပေါ်က ရွေးကောက်ပွဲကြော်ငြာများအတွက် သုံးစွဲသည့် ငွေကြေးပမာဏကို ဖော်ပြသော Ads Library ကို ဖေ့စ်ဘွတ်ခ်က မိတ်ဆက်ခဲ့သည်။ Ads Library သို့ ဝင်ရောက်ကာ မိမိရှာဖွေလိုသည့် နိုင်ငံရေးပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းအမည်ကို ရိုက်ထည့်၍ ၎င်းတို့၏ရွေးကောက်ပွဲကြော်ငြာများနှင့် သုံးစွဲသည့်ငွေကြေးပမာဏကို ကြည့်ရှုနိုင်သည်။

ဖေ့စ်ဘွတ်ခ်ပေါ်က ရွေးကောက်ပွဲ ကြော်ငြာဆိုသည်မှာ သုံးစွဲသူအမြောက်အမြား မြင်တွေ့နိုင်ရန် ၎င်းတို့၏ မဲဆွယ်သတင်းစကားများကို နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများက ဖေ့စ်ဘွတ်ခ်သို့ အခကြေးငွေပေး၍ ကြော်ငြာခြင်းဖြစ်သည်။

Ads Library တွင် ဖော်ပြထားချက်အရ အင်န်အယ်လ်ဒီနှင့် ၎င်း၏ အမတ်လောင်းများသည် မဲဆွယ်စည်းရုံးရေးကာလအတွင်း လူမှုကွန်ရက်သုံးစွဲသူ အမြောက်အမြား သိရှိလာအောင် အခကြေးငွေပေးသည့် ကြော်ငြာမှုမျိုး မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဥက္ကဋ္ဌဦးရွှေမန်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာအတွက် အမေရိကန်ဒေါ်လာ ၂၈၀နီးပါး(ကျပ် ၃၇၀,၀၀၀ဝန်းကျင်) နှင့် ပါတီ၏တရားဝင်စာမျက်နှာအတွက် ၅,၆၁၀ဒေါ်လာ (ကျပ် ၇၄သိန်းကျော်) သုံးစွဲခဲ့သည်။ ပြည်သူ့ရှေ့ဆောင်ပါတီကလည်း ဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်၏ ကိုယ်ပိုင်စာမျက်နှာအတွက် ၂,၂၇၄ဒေါ်လာ (ကျပ်သိန်း၃၀ ဝန်းကျင်)နှင့် ပါတီစာမျက်နှာအတွက် ၁,၈၇၇ဒေါ်လာ (ကျပ်၂၅သိန်းနီးပါး) သုံးစွဲခဲ့သည်။

အင်န်အယ်လ်ဒီကို အခိုင်အမာထောက်ခံသည့် ထင်ရှားသော ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုသည်လည်း အခကြေးငွေပေးကာ ကြည့်ရှုသူများအောင်ပြုလုပ်ခဲ့သည်။ “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ”ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် စက်တင်ဘာ ၁၅ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကြည့်ရှုသူပရိသတ် (Followers) ၁၄၀,၀၀၀ ကျော်ရှိနေသည်။

ယင်းစာမျက်နှာတွင် သရုပ်ဆောင်ဇဏ်ခီနှင့် ၎င်း၏ဇနီး ဒါရိုက်တာခရစ္စတီးနားခီတို့၏ (Kyi Couple Production)က ရိုက်ကူးသည့် “NLDအစိုးရလက်ထက်ဆောင်ရွက်နိုင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများ” ခေါင်းစဉ်နှင့် ရုပ်သံအစီအစဉ် ထုတ်လွှင့်ခဲ့သည်။ ယင်းရုပ်သံအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်း မြို့ပြနှင့်ကျေးလက်ဒေသများက အင်န်အယ်လ်ဒီ အစိုးရလက်ထက် ပြောင်းလဲလာသည့်အခြေအနေများကို မီးမောင်းထိုးပြပြီး ပါတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုများကို ရိုက်ကူး၊ ထုတ်လွှင့်၊ ပြသခဲ့သည်။

အောက်တိုဘာ၃၁ရက်အထိ သိရှိရသော အချက်အလက်များအရ ယင်းစာမျက်နှာသည် (ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာကြော်ငြာများခေါင်းစဉ်အောက်တွင်) ဒေါ်လာ ၄,ဝဝဝကျော် (ကျပ် ၅၃သိန်းကျော်) အထိ သုံးစွဲထားပြီး၊ အောက်တိုဘာ၂၆ရက်မှ နိုဝင်ဘာ ၁ရက်အထိ ရက်သတ္တပတ်တစ်ခုအတွင်းမှာပင် ဒေါ်လာ၂,၄ဝဝကျော် (ကျပ် ၃၂သိန်းနီးပါး) သုံးစွဲခဲ့သည်ဟု မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy-Myanmar) ၏ “၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦးဆန်းစစ်ခြင်း” ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ပါတီ၏တရားဝင်စာမျက်နှာများတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးကြော်ငြာများ မရှိသည့်တိုင် ပါတီဝန်းရံသူများက ငွေကြေးအမြောက်အမြားသုံးစွဲ၍ အင်န်အယ်လ်ဒီအတွက် ကြော်ငြာပေးခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဦးကြည်တိုးကမူ အင်န်အယ်လ်ဒီကိုထောက်ခံသူများ ဖွင့်လှစ်သည့် ဖေ့ဘွတ်ခ်စာမျက်နှာများကို ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း မှတ်ချက်ပြုသည်။

Soe Electric & Machinery ကုမ္ပဏီပိုင်ရှင် ဦးကျော်မင်းထွန်းသည် အင်န်အယ်လ်ဒီပါတီ မဲဆွယ်ရေးအတွက် ငွေကြေးလှူဒါန်းခဲ့သည့် စီးပွားရေးသမားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ရန်ကုန်နှင့် နေပြည်တော်တို့တွင် အင်န်အယ်လ်ဒီပါတီအောင်နိုင်ရေးအတွက် ငွေကျပ်သိန်း၆၀၀ကျော် သုံးစွဲခဲ့ကြောင်း ၎င်းကဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ခွပ်ဒေါင်းကိုဝန်းရံသည့် စီးပွားရေးသမားများ

ပါတီစည်းရုံးရေးနှင့် ရွေးကောက်ပွဲမဲဆွယ်မှုများအတွက် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ချမ်းသာကြွယ်ဝသူများ၏ ပါတီအတွက်လှူဒါန်းမှုများကိုမူ အင်န်အယ်လ်ဒီက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမပြုပေ။

၂၀၁၁နောက်ပိုင်း လွှတ်တော်နိုင်ငံရေးသို့ ပြန်လည်ဝင်ရောက်လာသည့်အချိန်ကစ၍ အင်န်အယ်လ်ဒီပါတီသည် ယခင်စစ်အစိုးရလက်ထက်တွင် ကြီးပွားလာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိလာရုံမက ၎င်းတို့ထံမှ အကူအညီအချို့လည်း ရယူခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၅တွင် တောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် ဦးတေဇပိုင်သည့် ရွှေအိမ်စံဟိုတယ်တွင် အင်န်အယ်လ်ဒီက လွှတ်တော်ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်သင်တန်းပေးခဲ့သည်။

ယင်းစီးပွားရေးလုပ်ငန်းရှင်များအနက်က အချို့သည် ၂၀၁၅ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အင်န်အယ်လ်ဒီကို အလှူငွေများ ထောက်ပံ့ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် အင်န်အယ်လ်ဒီအစိုးရဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အစိုးရ၏ ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင်လည်း ငွေကျပ်ဘီလျံနှင့်ချီ၍သုံးစွဲ၍ ပါဝင်ကူညီခဲ့ကြသည်။

ချမ်းသာကြွယ်ဝသူများကလည်း ၂၀၂၀ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် တစ်ဦးချင်းစီ ပါဝင်လှူဒါန်းခဲ့ကြသည်။ သို့သော် လှူဒါန်းငွေပမာဏ အတိအကျကိုမူ ပါတီကထုတ်ပြန်ခြင်းမရှိပေ။ လူသိရှင်ကြားလှူဒါန်းမှုတစ်ခုမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရေးသည့် ကဗျာတစ်ပုဒ်၏ မူရင်းလက်ရေးမူကို စက်တင်ဘာတွင် လေလံတင်ရောင်းချခဲ့ရာ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း၂,၄၀၀ကျော်ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါကဗျာ၏ လက်ရေးမူရင်းကို ရုပ်ရှင်ဒါရိုက်တာနှင့်တက်ကြွလှုပ်ရှားသူ မင်းထင်ကိုကိုကြီးကပိုင်ဆိုင်ပြီး ယင်းလေလံပွဲကရရှိသည့်ငွေကို ၎င်းက အင်န်အယ်လ်ဒီပါတီသို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။ 

ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “အင်န်အယ်လ်ဒီကို ယုံကြည်ထောက်ခံသူများ”ထံမှအလှူငွေများလက်ခံရရှိခဲ့သည်ဟု ဝန်ခံထားသည်။

ပါတီက လက်ခံသည့်အလှူငွေပမာဏကို ကန့်သတ်မထားဘဲပေ။ သို့သော် လှူဒါန်းသူသည် မြန်မာနိုင်ငံသားဖြစ်ရန်လိုအပ်ပြီး လှူဒါန်းငွေသည် မြန်မာကျပ်ငွေသာဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း ဒေါက်တာမျိုးညွန့်က ဖရွန်တီးယားမြန်မာကို ပြောသည်။

စီးပွားရေးကုမ္ပဏီများအမည်ဖြင့်လှူဒါန်းပါက အလှူငွေများသည် အခွန်ဆောင်ထားပြီးဖြစ်ကြောင်း ထောက်ခံချက်လိုအပ်သည်ဟု ၎င်းကဆိုသည်။

“ပုဂ္ဂလိကတစ်ဦးချင်းဆိုရင်တော့ တရားဝင်ပိုင်ဆိုင်တဲ့ငွေကို တရားဝင်ကြိုက်သလောက် လှူဒါန်းလို့ ရပါတယ်”ဟု ၎င်းကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်ဦးကျော်မင်းထွန်းသည် ၎င်း၏ဖခင်ဖြစ်သူ ၁၉၉၃တွင်တည်ထောင်ခဲ့သည့် Soe Electric & Machinery ကုမ္ပဏီကို ဦးဆောင်နေသူဖြစ်ပြီး ၂၀၁၅တွင် အိမ်သုံးပစ္စည်းများထုတ်သည့် ဂျပန်ကုမ္ပဏီ Hitachi နှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည်။ ၎င်းသည်လည်း အင်န်အယ်လ်ဒီကို အင်တိုက်အားတိုက် ထောက်ခံသူတစ်ဦး ဖြစ်သည်။ 

ယမန်နှစ်၊ ဒီဇင်ဘာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည်ကို သွားရောက်ရင်ဆိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြန်ခရီးတွင် နေပြည်တော်လေဆိပ်၌ ဝန်းရံသူများပါဝင်သည့် ကြိုဆိုထောက်ခံပွဲတစ်ခုကို ဦးကျော်မင်းထွန်းက စီစဉ်ပေးခဲ့သည်။

ထို့ပြင် ၂၀၁၉နှစ်ဆန်းပိုင်းက စိုးလျှပ်စစ်ဖောင်ဒေးရှင်းက နေပြည်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတည်ဆောက်ရန် ကျပ်သိန်း၅၀၀ကျော် တန်ကြေးရှိသည့် ကြေးဝါခုနှစ်တန် လှူဒါန်းခဲ့သည်။ စိုးလျှပ်စစ်ဖောင်ဒေးရှင်းသည် နေပြည်တော်တစ်ဝိုက်တွင် အခြေခံလူတန်းစားများကို မကြာခဏ ငွေကြေးလှူဒါန်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဦးကျော်မင်းထွန်းသည် အင်န်အယ်လ်ဒီအစိုးရကဦးဆောင်သော စီးပွားရေးနှင့် ကျန်းမာရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၎င်းသည် ရန်ကုန်တွင် ဖွဲ့စည်းထားသော တောင်ဒဂုံစက်မှုဇုန်အဆင့်မြှင့်တင်ရေးကော်မတီတွင် ဥက္ကဋ္ဌရာထူးကိုလည်းကောင်း၊ နေပြည်တော်ရှိ‌ ကိုဗစ်-၁၉ကာကွယ်ရေးပရဟိတလူငယ်များအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူထားသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ၏ နေပြည်တော်တွင် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများအတွက် စုစုပေါင်း ကျပ်သိန်း၆၀၀ကျော် ၎င်းကလှူဒါန်းခဲ့သည်။ နေပြည်တော်တွင် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း၁၀ဦးအတွက် တစ်ဦးလျှင် ကျပ်သိန်း၂၀စီလှူဒါန်းခဲ့ပြီး ပါတီ၏နေပြည်တော်အောင်နိုင်ရေးကော်မတီသို့ ကျပ်သိန်း၁၀၀လှူဒါန်းခဲ့သည်။

ဦးကျော်မင်းထွန်းက သူသည် အင်န်အယ်လ်ဒီပါတီကို ယခင်ကတည်းက ထောက်ခံဝန်းရံခဲ့သူဖြစ်ပြီး နေပြည်တော်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအဖွဲ့တွင် မပါဝင်သော်လည်း ကော်မတီကို လူအင်အား၊ ငွေအားနှင့် အကြံဉာဏ်များပေးခဲ့သည်ဟု ဆိုသည်။

“တချို့လွှတ်တော်ကိုယ်စားလှယ်တွေက ကျွန်တော်တို့နဲ့ ဟိုးအရင်ကတည်းက သူငယ်ချင်း၊ မိတ်ဆွေတွေလို ရင်းနှီးကြတယ်။ နောက်တစ်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ပါတီပေါ့။ သူ့ကို ကြည်ညိုတယ်။ ချစ်ခင်တယ်။ လေးစားတယ်ပေါ့။ သူဦးဆောင်တဲ့ပါတီက နိုင်ငံအကျိုးပြုလုပ်ငန်းလုပ်တာလေ။ ကျွန်တော်တို့ စိုးဖောင်ဒေးရှင်းကလည်း နိုင်ငံ့အကျိုးပြုလုပ်ငန်းလုပ်တာဆိုတော့ ပေါင်းဖြစ်တာပေါ့။ ဒါကြောင့် လှူဒါန်းဖြစ်တာပါ”ဟု ဦးကျော်မင်းထွန်းက ပြောသည်။

၎င်း၏လှူဒါန်းမှုများအတွက် မည်သည့်အကျိုးရလဒ်မျှ မျှော်လင့်ခြင်းမရှိဘဲ တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ဆောင်နေသော အစိုးရကို တတ်နိုင်သည့်ဘက်က ကူညီခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

မိတ္ထီလာမြို့တွင် အင်န်အယ်လ်ဒီရွေးကောက်ပွဲအောင်နိုင်ရေးအပါအဝင် ကျေးရွာလေးရာနီးပါးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်၍ပါတီကို ကူညီခဲ့သူ အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးကျော်မျိုးနိုင်ကလည်း ယင်းသို့ကူညီခြင်းအတွက် အကျိုးတစ်စုံတစ်ရာမမျှော်လင့်ကြောင်း ဆိုသည်။

“ပါတီထက် တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးအတွက် ကိုယ်တတ်နိုင်တာ လုပ်ပေးနေတာပါ”ဟု ၎င်းက ပြောသည်။

သို့သော် နိုင်ငံအတွင်းဒေသအချို့တွင်မူ စီးပွားရေးလုပ်ငန်းရှင်များသည် လှူဒါန်းမှုကို အကြောင်းပြု၍ အခွင့်အလမ်းရရှိရန် ကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲနေ့အပြီး များမကြာမီတွင် အင်န်အယ်လ်ဒီ၏ ချင်းပြည်နယ်အဖွဲ့ခွဲတွင် ပြဿနာတစ်ခု ပေါ်ပေါက်ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရသည့် လွှတ်တော်အမတ်တစ်ဦးက ပညာရေးဦးစီးဌာန တင်ဒါဝင်ပြိုင်ပြီး အင်န်အယ်လ်ဒီကို ငွေကြေးလှူဒါန်းခဲ့သည့် ဒေသခံကုမ္ပဏီခြောက်ခုအတွက် ထောက်ခံစာတစ်စောင် ရေးသားပေးခဲ့သည်။ ယင်းစာသည် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပေါက်ကြားခဲ့ရာ ယင်းနောက်တွင် ပါတီက စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

၎င်းသည် ထန်တလန်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ခံရသူ ဦးစီဇာကျုံးဖြစ်ပြီး အင်န်အယ်လ်ဒီ၏ ထန်တလန်မြို့နယ်ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၎င်းကို ပါတီကစုံစမ်းစစ်ဆေးနေသည်ဟု အင်န်အယ်လ်ဒီ၏ ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

“စစ်ဆေးတွေ့ရှိချက်ကိုလည်း ဗဟိုကိုတင်ပြပြီးသွားပြီ။ မကြာခင်ပါတီဗဟိုကနေ လိုအပ်တဲ့ အဆုံးအဖြတ်တွေ၊ အရေးယူဆောင်ရွက်ချက်တွေချလိမ့်မယ် ထင်ပါတယ်”ဟု ၎င်းကပြောသည်။

လူမှုကွန်ရက်တွင် ပေါက်ကြားခဲ့သည့် ယင်းစာတွင် ဖော်ပြထားချက်အရ ယင်းကုမ္ပဏီများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်အချို့သည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကျပ်ငါးသိန်းမှ ကျပ်၁၀သိန်းအထိ အင်န်အယ်လ်ဒီကို လှူဒါန်းခဲ့ကြသည်။

“ကျွန်တော်တို့က အလှူမခံဘူးနော်။ တချို့က လာလှူတဲ့အခါမှာ ညွန်ကြားချက်အတိုင်း အနှောင်အဖွဲ့ပါနိုင်တဲ့ဟာမျိုးဆို ယူခွင့်မရှိဘူး။ ဒါက ပါတီမူဝါဒနဲ့လည်း ဆန့်ကျင်တယ်။ ဒါမျိုးကို ပါတီအနေနဲ့ ဘယ်လိုမှလက်မခံနိုင်ဘူး။ အဲဒီလိုမျိုးကိုလည်း ပိုပြီးတော့ ကြပ်မတ်ထိန်းသိမ်းသွားဖို့ရှိတယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ပါတီကလက်ခံခြင်းမရှိသေးသော်လည်း ဦးစီဇာကျုံးသည် အင်န်အယ်လ်ဒီမှ နုတ်ထွက်ခဲ့ကြောင်း အလဲဗင်းနေ့စဉ်သတင်းစာက ဒီဇင်ဘာ၁၅တွင် ဖော်ပြခဲ့သည်။

ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အဆိုပါဖြစ်စဉ်ကို စစ်ဆေးနေပြီး ဦးစီဇာကျုံးအနေဖြင့် ပါတီစည်းကမ်းဖောက်ဖျက်ကြောင်း ထင်ရှားပါက အရေးယူခံရမည်ဟု အင်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကပြောသည်။

ချင်းပြည်နယ်ကဲ့သို့ အပေးအယူကိစ္စရပ်များသည် အခြားပြည်နယ်နှင့်တိုင်းများတွင် ဖြစ်ပွားခဲ့ကြောင်း ပေါ်ပေါက်လျှင် ပါတီက တင်းတင်းကျပ်ကျပ် အရေးယူသွားမည်ဟု ၎င်းကဆိုသည်။

“စည်းကမ်းချက်တွေ ချမှတ်ထားပြီးသားပါ။ စည်းကမ်းဖောက်ဖျက်တာက လူပုဂ္ဂိုလ်အလိုက် ပေါ်ပေါက်လာနိုင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ်မှာပဲဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်အရေးယူမှာဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar