_mg_0245-001.jpg
title=
နေပြည်တော်၊ ဇန်နဝါရီ ၂၉
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)နှင့် ၎င်းအကြား သဘောတူညီမှုနှင့် ကမ်းလှမ်းထားမှု တစုံတရာမရှိသေးဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အခုထိတော့ ဘယ်နေရာ၊ ဘယ်တာဝန်ဆိုပြီး ကမ်းလှမ်းထားတာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အပါအဝင်ပေါ့လေ” ဟု ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏ နောက်ဆုံးနေ့အဖြစ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ဘယ်နေရာပေးပေး လုပ်မယ်လို့တော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ (ဒေါ်အောင်ဆန်းစုကြည်အနေနဲ့) အမေ ျှာ်အမြင်ရှိတယ်။ သူကိုယ့်ကို ခိုင်းတတ်လိမ့်မယ်။ အသုံးချတတ်လိမ့်မယ်။ တာဝန်မပေးခဲ့ဘူးဆိုရင်တော့ ကလေးလို ပြောရမယ်ဆိုရင်တော့ ပိုသက်သာတာပေါ့” ဟု ၎င်းကပြောသည်။
အင်န်အယ်လ်ဒီက ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော သူရဦးရွှေမန်းအား သမ္မတ၊ ဒုသမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကဲ့သို့ ရာထူးမျိုးကို ကမ်းလှမ်း ပေးအပ်ဖွယ်ရှိသည်ဟု လေ့လာသူအချို့က ခန့်မှန်းထားမှုများလည်း ရှိနေသည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့က တစ်စုံတရာ ထုတ်ဖော်ပြောကြားကြခြင်းမရှိကြပေ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ခဲ့သူ သူရဦးရွှေမန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ပါတီတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပါတီထိပ်ပိုင်းရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ ထိုသို့ ဖယ်ရှားခြင်းခံရသည့် အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေးကြောင့်ဟု အများက ထင်ကြေးပေးကြသလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးမှ သူရဦးရွှေမန်း အနားယူရချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ရန် အစီအစဉ်လည်း ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ပထမအကြိမ် လွှတ်တော်အစည်းအဝေးများသည် ယနေ့ပြီးစီးသွားပြီဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်သစ်များ တက်ရောက်ရမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများသည် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်တော့မည် ဖြစ်သည်။
လွှတ်တော် သက်တမ်း ငါးနှစ်တာကာလအတွင်း လွှတ်တော်လုပ်ငန်းများ အောင်မြင်ရေး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ကာ ကျေနပ်မိသည်ဟု သူရဦးရွှေမန်းက ဇန်နဝါရီ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် နှုတ်ဆက် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
‘‘ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ အများကြီးရပါတယ်။ အဲဒီလိုပဲ ကျွန်တော်နဲ့နီးစပ်သူတွေလည်း ဒဏ်ရာဒဏ်ချက်တွေ အများကြီးရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကျေနပ်တယ်။ ကျွန်တော်မှန်ကန်စွာ ကြိုးစားတယ်။ စေတနာထားတယ်’’ဟု ၎င်းကပြောသည်။
“ကျွန် တော်ကိုယ့်တာဝန် ကိုယ်ယူရတဲ့အချိန်မှာ နိုင်ငံရေးလုပ်မယ်ဆို နိုင်ငံရေးသမားဖြစ်ရမှာပေါ့။ စစ်သားဆို စစ်သားဖြစ်ရမှာပေါ့။ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝရမှာပေါ့။ ဒါကြောင့် ဘာပဲလုပ်လုပ် အသွင်သဏ္ဌာန်ရော အနှစ်သာရရော ယုံကြည်ချက်၊ ခံယူချက်နဲ့ ဟန်ပြမလုပ်ဖို့လိုတယ်။ ဟန်ပြလုပ်ရင်တော့ ဟန်ပြပဲဖြစ်သွားလိမ့်မယ်’’ဟု သူရဦး ရွှေမန်းကပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်သစ်များနှင့် အဟောင်းများ တက်ရောက်ကြသည့် ယနေ့ နေ့လည်စာ စားပွဲတွင်လည်း သူရဦးရွှေမန်းက “ဒီနေ့ဟာ ကျနော်တို့လွှတ်တော်ရဲ့ အောင်ပွဲပါပဲ” ဟုလည်း ပြောကြားသွားသည်။
သတင်း- မြတ်ကျော်သူ