အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးဟာ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းက ဓာတ်ဆီဗုံးဖြင့် အပစ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့လည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Argo Yuwono က ပြောပါတယ်။
သံရုံးအနောက်ဘက် ဒုတိယထက်လျှောက်လမ်းမှာ မီးလောင်နေတာကို ကင်းလှည့်နေတဲ့ ရဲအရာရှိတစ်ဦးက တွေ့ရှိပြီးနောက် သံရုံးကို စောင့်ကြပ်နေတဲ့ ရဲကို ချက်ချင်းအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
“ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေဆဲဖြစ်ပါတယ်” ဟု Yuwono က အေအက်ဖ်ပီကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကြောင့် မူဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စိုးရိမ်ပူပန်မှုတွေ ပြန်လည် တိုးမြင့်လာတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က စတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေအကြား ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ဒုက္ခသည် ၆၀,၀၀၀ လောက် ထွက်ပြေးခဲ့ကြပါတယ်။
တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအထဲက ၃၇၀ က စစ်သွေးကြွတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ဂျကာတာရှိ မြန်မာသံရုံးအပြင်ဘက်မှာ လူဒါဇင်ပေါင်းများစွာ စုဝေးပြီး ရခိုင်ပြည်နယ်က အကြပ်အတည်းတွေ ရပ်ဆိုင်းစေဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်က ပေးအပ်ထားတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပြန်လည်ရုပ်သိမ်းဖို့အတွက်လည်း သူတို့က နိုဗယ်ဆုကော်မတီကို တောင်းဆိုခဲ့ကြပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း လူအုပ်စုအချို့ဟာ ဂျကာတာက ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ဧရိယာမှာ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာသံရုံးကို ဗုံးခွဲဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံရတဲ့ အိုင်အက်စ်အုပ်စုနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ပါသေးတယ်။
၂၀၁၄ ခုနှစ်ကလည်း သံရုံးကို တိုက်ခိုက်ဖို့အတွက် စီစဉ်ရာမှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်အစွန်းရောက် ဗုံးပြုလုပ်သူတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။
သတင်း-အေအက်ဖ်ပီ