အဂတိလိုက်စားမှု သံသယရှိစရာ အကောင်းဆုံး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန

ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ West Corporation ဟာ အဲဒီ တင်ဒါခေါ်တဲ့ ရထားတွဲဆိုင်းတွေကို တင်ဒါ မခေါ်ခင် လ အနည်းငယ်ကတည်းက ပြည်ပကနေ ဝယ်ယူတင်သွင်းထားခဲ့ပြီး သီလဝါ ဆိပ်ကမ်းကိုတောင် ရောက်နေပြီ ဆိုတာပါပဲ။

စည်သူအောင်မြင့် ရေးသားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ကိုယ် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် မဆောင်ရွက်နိုင်ရုံမက အဂတိ လိုက်စားမှုလို့ သံသယ ဖြစ်ဖွယ် ကိစ္စတွေ ဆောင်ရွက်ခဲ့တဲ့ ဝန်ကြီးဌာန အများအပြား ရှိပါတယ်။

အဲဒီထဲမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနလည်း ပါဝင်တာတွေ့ရပါတယ်။ ဘယ်လို လုပ်ငန်းကိုင်ငန်းမျိုးလဲ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ မအောင်မမြင် ဖြစ်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကရော ဘာတွေလဲ၊ ဘာကြောင့် အဲလိုဖြစ်ရတာလဲ ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က ရထားပို့ဆောင်ရေး ဝန်ကြီးဌာနဟာ ပြည်တွင်းမှာ အသုံးပြုဖို့ ဒေါ်လာ ၂ သန်းနီးပါး တန်ဖိုးရှိ ရထားတွဲဆိုင်းတွေ ဝယ်ယူမယ့် ကိစ္စ တင်ဒါခေါ်ယူပါတယ်။ အဲလို တင်ဒါခေါ်ယူရာမှာ West Corporation ကုမ္ပဏီ တစ်ခုပဲ တင်ဒါ တင်သွင်းတာ တွေ့ရပါတယ်။

ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ West Corporation ဟာ အဲဒီ တင်ဒါခေါ်တဲ့ ရထားတွဲဆိုင်းတွေကို တင်ဒါ မခေါ်ခင် လ အနည်းငယ်ကတည်းက ပြည်ပကနေ ဝယ်ယူတင်သွင်းထားခဲ့ပြီး သီလဝါ ဆိပ်ကမ်းကိုတောင် ရောက်နေပြီ ဆိုတာပါပဲ။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက တင်ဒါခေါ်တဲ့အချိန် တခြားကုမ္ပဏီတွေ တင်ဒါအပြိုင် မတင်သွင်းကြတာကလည်း တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် မကြေငြာဘဲ ထားတာ၊ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း လက်ဝါးချင်း ရိုက်ထားပြီးသားမို့ တင်ဒါ သွားပြိုင်လည်း မထူးပါဘူး ဆိုပြီး သဘောထားကြတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ တင်ဒါ ခေါ်ယူမှုပုံစံဟာ အဂတိလိုက်စားမှု အဖြစ် အတော်လေး သံသယ ဖြစ်ဖွယ် ကောင်းပါတယ်။

အလားတူပါပဲ။ သိပ်မကြာသေးခင်တုန်းက ရထားဝန်ကြီးဌာနဟာ West Corporation ကို အမေရိကန် ဒေါ်လာ ၃ သန်းကျော် တန်ကြေးရှိတဲ့ လျှပ်စစ်ရထား ပြေးဆွဲရေး စီမံကိန်းကို ခွင့်ပြုပေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က စပြီး ပြေးဆွဲတဲ့ အဲဒီ လျှပ်စစ်ရထားဟာ လင်းစဒေါင်းကနေ ဝါးတန်း ဘူတာအထိ ကမ်းနားလမ်း တစ်လျှောက် ပြေးဆွဲပါတယ်။ စ ပြီး ပြေးဆွဲဆွဲချင်း အချိန်ကပဲ စီးသူ နည်းနည်းပါးပါး ရှိပြီး နောက်ပိုင်း စီးသူ မရှိသလောက် နည်းသွားတာ တွေ့ရပါတယ်။

ရန်ကုန်မှာ နေ့စဉ် ခရီးသွားပြည်သူ သန်းနဲ့ချီ ရှိနေပေမယ့် ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိတဲ့ အဲဒီ ခရီးစဉ် တစ်နေ့ ပြည်သူ ၁၀၀ လောက်တောင် အသုံးမပြုတာကတော့ လိုအပ်တဲ့ ခရီးစဉ် တစ်ခု မဟုတ်လို့ပဲ ဖြစ်ပါတယ်။

တစ်ဖြောင့်တည်း ကားမှတ်တိုင် ၄-၅ မှတ်တိုင်စာလောက် အတွက် ဒေါ်လာ ၃ သန်းကျော် အကုန်အကျခံပြီး လျှပ်စစ်ရထား စက်ခေါင်း ဝယ်ယူအသုံးပြုသင့်သလား ဆိုတာ မေးခွန်းထုတ်ဖို့ အလွန်ကောင်းပါတယ်။ ဒီနေရာမှာ ပုဂ္ဂလိကတွေကို ဘတ်စ်ကား ပြေးဆွဲခွင့်ပေးလိုက်ရင် ပြည်သူ့ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှ ကုန်စရာ လိုမှာ မဟုတ်ပါဘူး။

ပျမ်းမျှ ကားတစ်စီး ကျပ် သိန်း ၂၀ နှုန်းနဲ့ တွက်ရင်ပဲ ၄ နှစ်အတွင်း မှတ်ပုံတင်ခ ကနေ ဝင်ငွေ ကျပ် ဘီလျံ တစ်ထောင်ကျော်လောက် ရခဲ့ပြီးပါပြီ။ ဒေါ်လာနဲ့ တွက်ရင် ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနိုင်ပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ်ကလည်း ရထားဝန်ကြီးဌာနဟာ ပုဇွန်တောင် ဘူတာကနေ ဆူးလေ- ဒလ ကူးတို့ ဆိပ်ကမ်းနားအထိ ရထားလမ်း တစ်ခုဖေါက်ပြီး RBE ရထားတွဲတွေ ဝယ်ယူ ပြေးဆွဲစေခဲ့ပါသေးတယ်။ အဲဒီ ခရီးစဉ်ဟာလည်း ပထမ ပိုင်း တစ်နေ့ အသွားအပြန် ၅-၆ ခေါက်လောက် ဆွဲနေရာကနေ နောက်ပိုင်း စီးနင်းသူ မရှိလို့ ၁ ခေါက်လောက်ပဲ ဆွဲတဲ့ အဆင့်ထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ရထားဝန်ကြီးဌာနဟာ ဒီ ခရီးစဉ် ပြေးဆွဲဖို့ ဆိုပြီး RBE ရထားတွဲ အဟောင်းတွေကို ဝယ်ယူ တင်သွင်းခဲ့ပါသေးတယ်။

တကယ်တော့ ရထားဝန်ကြီးဌာနမှာ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်- နေပြည်တော်- မန္တလေး၊ ရန်ကုန်- ပုဂံ လို ပြည်သူတွေ အသုံးများပြီး အမြတ်အစွန်း ရနိုင်တဲ့ ခရီးစဉ်တွေ ရှိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ခရီးစဉ်တွေမှာလည်း ပြေးဆွဲချိန်နဲ့ ပတ်သက်ပြီး ခရီးသည်တွေ အဆင်မပြေတာ၊ သတ်မှတ် ဈေးနှုန်း မြင့်မားနေတာ၊ လက်မှတ် ရောင်းချမှု ပုံစံ ခေတ်မမီတာ၊ ဒီဇယ် ခိုးယူရောင်းချခြင်းလို မသမာမှုတွေ ဖြစ်ပေါ်နေတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ စတဲ့ အကြောင်းကြောင်းကြောင့် အမြဲတန်း အရှုံးပေါ်နေတဲ့ လုပ်ငန်း ဖြစ်နေခဲ့ပါတယ်။

ခုလို အရှုံးတွေ ပေါ်နေပါလျက်၊ အလုပ်မဖြစ်တဲ့ ခရီးစဉ်တွေ သတ်မှတ်၊ တွဲအဟောင်းတွေ စက်ခေါင်းအဟောင်းတွေ ဝယ်ယူနိုင်အောင် ရထားဝန်ကြီးဌာနဟာ ဘယ်က ဝင်ငွေတွေ ရနေသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အများပြည်သူတွေ သတိမထားမိတဲ့ အချက်တစ်ခုကတော့ ရထားဝန်ကြီးဌာန လက်အောက်မှာ ကညန လို့ခေါ်တဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရှိနေတယ် ဆိုတာပါ။ အဲဒီ ဌာနဟာ ပြည်ပက တင်သွင်းလာတဲ့ ကားတွေကိုရော၊ ပြည်တွင်းက ထုတ်လုပ်တဲ့ ကားတွေကိုပါ မှတ်ပုံတင် ပြုလုပ်ပေးပြီး မှတ်ပုံတင်ခ ဝင်ငွေ ရနေတာပါ။

မှတ်ပုံတင်ခ ကလည်း နည်းနည်း နောနော မဟုတ်ပါဘူး။ ၂၀၁၁ အကုန် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကားတင်သွင်းခွင့် ဖွင့်ပေးလိုက်ချိန်က စ ရင် ဒီကနေ့အချိန်ထိ ၄ နှစ်တာ အတွင်း ကားအစီးရေ ၅ သိန်း၃ သောင်းကျော် တင်သွင်းပြီးခဲ့ပါပြီ။ ကားတစ်စီးကို ကညန ကနေ မှတ်ပုံတင်ကြေး အနည်းဆုံး ကျပ် ၁၆ သိန်းယူနေတာမို့၊ ပျမ်းမျှ ကားတစ်စီး ကျပ် သိန်း ၂၀ နှုန်းနဲ့ တွက်ရင်ပဲ ၄ နှစ်အတွင်း မှတ်ပုံတင်ခ ကနေ ဝင်ငွေ ကျပ် ဘီလျံ တစ်ထောင်ကျော်လောက် ရခဲ့ပြီးပါပြီ။ ဒေါ်လာနဲ့ တွက်ရင် ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနိုင်ပါတယ်။ ဒီငွေတွေကနေ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အသုံးမတည့်တဲ့ စီမံကိန်းတွေမှာ အသုံးပြုနေတာ၊ အရှုံးပေါ်စေတဲ့ စက်ခေါင်း၊ ရထားတွဲတွေ ဝယ်ယူရာမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ် တက်လာပါတော့မယ်။ ဒီအခါ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အဂတိလိုက်စားမှု အဖြစ် သံသယ ဖြစ်ဖွယ် စီမံကိန်းတွေ၊ တင်ဒါ ခေါ်ယူမှုတွေ၊ ကုန်ပစ္စည်း ဝယ်ယူတင်သွင်းမှုတွေကို ပြန်လည် စိစစ် စစ်ဆေးသင့်ပါတယ်။

ဒါမှသာ နောင် အဂတိလိုက်စားမှု ကင်းစင်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမယ့် စီမံကိန်းတွေ ချမှတ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်သလို ဝန်ကြီးဌာန ဘတ်ဂျက်ကိုလည်း ပြည်သူတွေ အတွက် ထိထိရောက်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar