ပွင့်ဖြူ၊ ဇန်နဝါရီ ၁၁
တရားခံများထံမှ လာဘ်ငွေရယူပြီး တရားစီရင်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ စုံစမ်း စစ်ဆေးရေးအဖွဲ့၏ စွပ်စွဲမှုကို ခံထားရသည့် တရားသူကြီးသည် ယခုအခါ ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးသွားပြီဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ယစ်မျိုးဥပဒေအရ တရားစွဲခံရသူများအနက် ၎င်းအား ငွေမပေးသူများကို ထောင်ဒဏ် ချမှတ်ပြီး ငွေပေးသူများအား ငွေဒဏ်သာ ချမှတ်ခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားခံခဲ့ရသူဖြစ်သည်။
ဒေါ်အဉ္ဇလီ မြရှိန်သည် တရားခံများ၏ မိသားစုဝင်များထံမှ ငွေကြေးလက်ခံရယူခဲ့ပြီး လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဖြစ်ကာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနများက ယနေ့ ရေးသားထားသည်။
ပွင့်ဖြူမြို့နယ် တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ်(၂၁၉/၂ဝ၁၆)၊ ယစ်မျိုး ဥပဒေပုဒ်မ ၃ဝ(က) အမှုတွင် အမှုပြီးပြတ်စေရေးအတွက် အဆိုပါအမှုအား လိုက်ပါဆောင်ရွက်သော အထက်တန်းရှေ့နေမှတစ်ဆင့် ကျပ် ငါးသိန်းတောင်းခံ ရယူခဲ့ခြင်းနှင့် ပွင့်ဖြူမြို့နယ် တရားရုံး၏ ရာဇဝတ်ကြီးမှု အမှတ် (၂၉၄/၂ဝ၁၆)၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က) အမှုတွင် တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာ စဉ်းစားပေးနိုင်ရန် တရားခံ၏ ဇနီးဖြစ်သူထံမှ ကျပ်ငါးသိန်းကို အဆိုပါ တရားသူကြီးက လက်ခံရယူခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။
ယခုအခါ ဒေါ်အဉ္ဇလီ မြရှိန်သည် မြန်မာနိုင်ငံ ပြင်ပနိုင်ငံဖြစ်သည့် ထိုင်း(သို့မဟုတ်) တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်ဟု ပွင့်ဖြူဒေသခံများက ပြောသည်။
နောက်ဆုံးအခြေအနေအရ တရားသူကြီး ဒေါ်အဉ္ဇလီ မြရှိန်ကို တရားရုံးတော်သို့ မပို့ဆောင်နိုင်သေးပဲ ထွက်ပြေး တိမ်းရှောင်နေသည်မှာ မှန်ကန်ကြောင်း ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
“ကျွန်တော်လဲကြားတယ်။ သူပြည်ပကို ထွက်ပြေးသွားတယ်လို့”ဟု ဦးထွန်းထွန်းက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေသည့်တရားသူကြီးနှင့် ပတ်သတ်ပြီး ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းက တစ်စုံတရာ မှတ်ချက်ပေးရန်နှင့် အမှုအခြေအနေကို အသေးစိတ်ရှင်းပြရန် ငြင်းဆန်ခဲ့သည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တရားသူကြီးနှင့် တရားရေးအရာရှိများက ငွေကြေးတောင်းခံကာ တရားစီရင်သည်ဟူသည့် စွပ်စွဲချက်များမှာ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ထွက်ပေါ်ခဲ့သော်လည်း အနည်းငယ်မျှသော တရားရေးဝန်ထမ်းများသာ အရေးယူခံခဲ့ရသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပေါ်ပေါက်သည့်အတွက် ဟုမ္မလင်း မြို့နယ်တရားသူကြီးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်းအပါအဝင် အနည်းဆုံးတရားသူကြီး ၃၈ ဦးကို အရေးယူခဲ့ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဦးမြင့်အောင် (တရားသူကြီး)က ပြည်သူ့လွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အစိုးရက တရားဝင်မထုတ်ပြန်သော်လည်း ပွင့်ဖြူမြို့နယ်အပါအဝင် အလှမ်းဝေးသောဒေသများမှ အုပ်ချုပ်ရေးနှင့် တရားရေးဆိုင်ရာဝန်ထမ်းများကို အရေးယူမှုများရှိကြောင်း ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
“အပေါ်ပိုင်းမှာ ဒီလို(အဂတိ)ကိစ္စတွေ ရှင်းသွားပေမဲ့ အောက်ခြေမှာ ရှိနေဆဲဆိုတာ ငြင်းလို့မရဘူး။ ဒါတွေရှိနေသေးလို့လဲ ဒီပြဿနာတွေ ဖြစ်ပေါ်နေတာပဲ”ဟု ၎င်းကပြောကြားသည်။
သတင်း-ထွန်းခိုင်