ရန်ကုန်၊ ဧပြီ ၂၅
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်တံဆိပ်ခေါင်း မကပ်သော ဆိုင်ပေါင်း ၅၀၇ ဆိုင်ကို အရေးယူခဲ့ကာ ဒဏ်ငွေ ကျပ် ၁၃၃ သန်း ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
“ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁(စ)အရ ဒါဏ်ငွေတပ်ရခြင်း ဖြစ်ပါတယ်။ ပြေစာထုတ်မပေးတဲ့ လုပ်ငန်းများ၊ ပြေစာထုတ်ပေးပေမယ့် တံဆိပ်ခေါင်း အပြည့်အဝမကပ်သော လုပ်ငန်းများကို သတ်မှတ်ထားတဲ့ ဒဏ်ငွေများချတာ ဖြစ်ပါတယ်”ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဧပြီ ၂၄ ရက်နေ့က ပြောကြားသည်။
လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက အခွန်တံဆိပ်ခေါင်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်မှုကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။
“တချို့ဆိုင်များဟာ အခွန်တံဆိပ် လုံးဝကပ်မပေးခြင်းလည်း တွေ့ရ့ပါတယ်။ တချို့ဆိုင်များက ကပ်ပေးရင်တောင် အလွယ်တကူ ခွာယူလို့ရအောင် ကပ်ပါတယ်။ စားသုံးသူများကလည်း တော်တော်များများဟာ ဘောက်ချာတွေကို ယူမသွားတဲ့အတွက် ဒီအခွန်တံဆိပ်ခေါင်းတွေကို ပြန်အသုံးချတယ်လို့လည်း ဆိုင်ဝန်ထမ်းတွေ ပြန်ပြောတာ သိရပါတယ်။ အခွန်တံဆိပ်များကို ပေးပြီးကြောင်း တံဆိပ်နှိပ်ရပါတယ်၊ နောက်တခါ ဘောပင်နဲ့ ခြစ်ရပါတယ်။ ဒါတွေကိုလည်း လုပ်ဆောင်ထားတာ မတွေ့ရပါဘူး။ ဒါတွေဟာ အစိုးရနဲ့ ပြည်သူ စားသုံးသူကြား အခွန်တွေကို အလွဲသုံးစားရယူနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပဲ ကျွန်တော်တို့ဟာ ဆိုင်ပိတ်သိမ်းတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူဖို့သင့်ပါတယ်”ဟု အဆိုတင်သွင်းသူ ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲသည့် ဆိုင်ပေါင်း ၂,၂၆၅ ဆိုင်ရှိကြောင်းနှင့် ဆိုင်ခန်းများ အမှန်တကယ် စနစ်တကျ အခွန်တံဆိပ်ခေါင်းကပ်ခြင်းရှိ၊ မရှိကို ပြည်တွင်းအခွန်ဦးစီးဌာနu စီစစ်ရေးအဖွဲ့သုံးဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေး အရေးယူနေကြောင်း သိရသည်။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအောက်တွင် အခွန်တံဆိပ်ခေါင်းများကပ်သည့် လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်က စတင်ဆောင်လုပ်ခဲ့သည်။ အခွန်ပေးခြင်းဆိုင်ရာ ပညာပေး ဇာတ်လမ်းတိုများကို ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ရိုက်ကူးထုတ်လွှင့်မှုများ ရှိခဲ့သော်လည်း စားသုံးသူပြည်သူအများစုက ဘောင်ချာများ တောင်းယူခြင်း အားနည်းနေသေးသဖြင့် အခွန်များ လေလွင့်မှုများဖြစ်နေကြောင်း သိရသည်။
သတင်း-ထူးထက်နိုင်