အခြေခံလူတန်းစားတွေ မှီခိုအားထားရာ အပေါင်ဆိုင်တွေ

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးက မြို့နယ်ပေါင်း ၄၅ ခုထဲမှာ အပေါင်ဆိုင်ပေါင်း ၂၅၀ ကို မြို့တော်စည်ပင်က တရားဝင် ခွင့်ပြုပေးထားပြီး တစ်နေရာနဲ့ တစ်နေရာ လိုင်စင်ကြေး မတူကြပါဘူး

ဟိန်းကိုစိုး ရေးသားသည်။

တစ်နိုင်ငံလုံးက အခြေခံလူတန်းစားအများစုက ဘဏ်လုပ်ငန်းဆိုတဲ့အရာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိကြတဲ့အတွက် ဝင်ငွေနည်း ပြည်သူတွေအတွက်တော့ အပေါင်ဆိုင်တွေကသာ သူတို့လိုအပ်တဲ့အချိန် အမြန်ရရှိနိုင်တဲ့ ငွေကြေး တစ်စုံတစ်ရာကို ထောက်ပံ့ပေးနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

ငွေကြေး အမြန်လိုအပ်နေတဲ့ မဇာခြည်ဟာ သူနေထိုင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က အပေါင်ဆိုင်တစ်ခုမှာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ သူရဲ့ပစ္စည်းတစ်ချို့ကို သွားရောက်ပေါင်နံှခဲ့ပါသေးတယ်။

“ကျွန်မဘဏ်ကို မသိပါဘူး။ အပေါင်ဆိုင်ပဲသိတယ်။ ကျွန်မမိသားစုအတွက် ငွေလိုတဲ့အခါ အပေါင်ဆိုင်ကိုလာပြီး အဝတ်အစားတွေပေါင်ရင် ငွေအမြန်ရနိုင်တယ်။ အပေါင်ဆိုင်မှာ ပေါင်နံှရတာ ငွေရဖို့အတွက် အဆင်ပြေပါတယ်” လို့ မဇာခြည်က ဆိုပါတယ်။

မဇာခြည် အပေါင်ဆိုင်မှာ သူတို့ရဲ့  အဝတ်အစားတွေကတစ်ဆင့် ငွေကြေးအဖြစ် ပြောင်းလဲရယူခဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်းမှာ ဖွင့်လှစ်ထားတဲ့အပေါင်ဆိုင်တွေမှာ ရန်ကုန်အပြင်ဖက် ဆင်ခြေဖုံးရပ်ကွက်တွေက ဆိုင်တွေကသာ အဝတ်အစားတွေကို အပေါင်ခံလေ့ရှိပါတယ်။ အဲဒီလိုအပေါင်ခံတဲ့အခါမှာလည်း အပေါင်ဆိုင်က သက်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပေါင်ထားတဲ့ပစ္စည်းကို ပြန်လည်ရွေးယူရမှာ ဖြစ်ပါတယ်။

အဲဒီလို ပြန်လည်ရွေးယူတဲ့အခါမှာတော့ နှစ်ဖက်သဘောတူထားတဲ့ အတိုးနှုန်းကို ထပ်ဆောင်းပေးသွင်းပြီး ရွေးယူရတာလည်း ဖြစ်ပါတယ်။ အတိုးနှုန်းတွေကတော့ အဝတ်အစားတွေဆိုရင် ၁၀ ရာခိုင်နှုန်း၊ ရွှေထည်ပစ္စည်းကတော့ သုံးရာခိုင်နှုန်းနဲ့ တစ်ခြား စက်ပစ္စည်း၊ စက်ဘီးတွေကိုတော့ ၁၅ ရာခိုင်နှုန်း အထိရှိပါတယ်။

ရန်ကုန်မြို့တွင်းက အပေါင်ဆိုင်တွေကတော့ အဝတ်အစားတွေကို လက်မခံပါဘူး။ ရွှေထည်ပစ္စည်း တစ်မျိုးတည်းကိုသာ အဓိကထား လက်ခံပါတယ်။ ရန်ကုန်ပြင်ပက ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံတောင်တို့လို မြို့နယ်တွေကဆိုင်တွေသာ အဝတ်အစားလို ပစ္စည်းမျိုးစုံကို အပေါင်ပစ္စည်းအဖြစ် လက်ခံတာဖြစ်ပါတယ်။

ဓာတ်ပုံ- အန်းဝမ်

ဓာတ်ပုံ- အန်းဝမ်

“ကျွန်တော်တို့က အဝတ်အစားတွေကို လက်မခံပါဘူး။ ရွှေထည်ပစ္စည်းမျိုးတွေ၊ လက်ကောက်၊ ဆွဲကြိုးစတဲ့ ပစ္စည်းတွေကိုပဲ လက်ခံပါတယ်” လို့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းပေါ်က အပေါင်ဆိုင်တစ်ခုက တာဝန်ရှိသူ ကိုဇော်လွင်က ပြောပါတယ်။

အဲဒီလို အဝတ်အစားတွေကို လက်ခံရာမှာလည်း လာရောက်ပေါင်နံှတဲ့ပစ္စည်းရဲ့ သစ်လွင်မှုအပေါ် မူတည်ပြီး ကျပ် ၁,၀၀၀ ကနေ ၄,၀၀၀ အတွင်းကို ချေးငွေအဖြစ်ပေးအပ်တာ ဖြစ်ပါတယ်။

စက်ဘီးနဲ့ အခြားစက်ပစ္စည်းတွေကိုတော့ အမျိုးအစားပေါ်မူတည်ပြီးတော့ ကျပ် ၁၀,၀၀၀ ကနေ စပြီး အပေါင်ငွေအဖြစ် ထုတ်ချေးပေးပါတယ်။

အဲဒီလိုပစ္စည်းတွေအပေါင်ခံပြီး ငွေထုတ်ချေးပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဆိုင်လိုင်စင်ကြေးအနေနဲ့ တစ်နှစ်ကို ကျပ်သိန်း ၄၀ ပေးသွင်းရတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက အပေါင်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဦးဇော်လွင်က ဆိုပါတယ်။

အဲဒီနှုန်းထားတွေက မြို့နယ်အပေါ်မူတည်ပြီးတော့ ကွဲပြားပါသေးတယ်။ “ဒဂုံဆိပ်ကမ်းမြို့နယ်ကပဲ သိန်း ၄၀၊ ဒါပေမယ့် တစ်နှစ်ကို သုံးရာခိုင်နှုန်းတိုးတယ်။ တစ်ခြားမြို့နယ်တွေ ဒဂုံတောင်ဆိုရင် သိန်း ၁၀၀ ကျော်ပေးရတယ်။ မြို့နယ်ကွဲသလို လိုင်စင်ကြေးလည်း ကွဲတယ်” လို့ ဦးဇော်လွင်က ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးက မြို့နယ်ပေါင်း ၄၅ ခုထဲမှာ အပေါင်ဆိုင်ပေါင်း ၂၅၀ ကို မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုပေးထားတယ်လို့ မြို့တော်စည်ပင် အခွန်ဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက Frontier ကို ပြောပါတယ်။

“အပေါင်ဆိုင်တွေရဲ့ လိုင်စင်ကြေးတွေကွဲပြားတာက မြို့နယ်တိုင်းက မတူဘူးလေ။ တစ်ချို့ မြို့နယ်တွေက လူဦးရေသိပ်သည်းသလို၊ တစ်ချို့ကျတော့နည်းတယ်။ အဲဒီလိုပဲ အဝတ်အစားပဲ ပေါင်နိုင်တဲ့မြို့နယ်တွေရှိ သလို ရွှေထည်ပစ္စည်းတွေ ပေါင်နိုင်တာလည်း ရှိတယ်။ အဲဒီလိုအခြေခံပြီး လိုင်စင်ကြေးတွေက ကွဲပြားတာပါ။” လို့ သူက ဆိုပါတယ်။

အခြေခံလူတန်းစာအများစု သိပ်သည်းစွာ နေထိုင်တဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်တဲ့ အပေါင်ဆိုင်တွေက မြို့တွင်းမှာ ဖွင့်လှစ်တဲ့အပေါင်ဆိုင်တွေထက် ဆိုင်လိုင်စင်ကြေး ပိုမိုပေးဆောင်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- အန်းဝမ်

ဓာတ်ပုံ- အန်းဝမ်

မြို့တော်စည်ပင်ကို အခွန်အခအဖြစ် ပေးဆောင်ရသလို စည်ပင်ကလည်း အပေါင်ဆိုင်တွေနဲ့ ပက်သက်တဲ့ ကိစ္စတွေအပေါ် တာဝန်ယူမှု ရှိစေချင်တယ်လို့ ဒဂုံဆိပ်ကမ်းက အပေါင်ဆိုင်ပိုင်ရှင် ဦးဇော်လွင်က ပြောပါတယ်။

“တစ်ခါတစ်လေ ခိုးရာပါပစ္စည်းတွေကို အပေါင်ခံမိရင် ပိုက်ဆံကနည်းနည်းလေနဲ့ အလုပ် လုံးဝရှုပ်စေတယ်။ အဲဒီအခါကျရင် စည်ပင်ဘက်ကလည်း တာဝန်သိသိနဲ့ ရဲနဲ့ပူးပေါင်းပြီး သေချာလိုက်ဖြေရှင်း ပေးသင့်တယ်။ အဲဒီလိုမဟုတ်တော့ ရဲပြောသမျှ၊ ရဲလုပ်သမျှကိုပဲ ခံနေရတယ်” လို့ သူကဆိုပါတယ်။

အဲဒီလိုကိစ္စတွေ မဖြစ်ပေါ်ဖို့၊ အပေါင်ဆိုင်လုပ်ငန်း ရေရှည်ဆောင်ရွက်နိုင်ဖို့အပြင် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ အပေါင်ဆိုင်လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်မှု မရှိစေဖို့အတွက်ကို သက်ဆိုင်ရာ စည်ပင်လို အဖွဲ့တွေအပြင် အစိုးရက ပြင်ဆင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်တယ်လို့ သူက ထပ်ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပေါင်ဆိုင်လုပ်ငန်းတွေလို အသေးစား ငွေချေးတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာ မဟုတ်သလို အပေါင်ဆိုင်လုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းရဲ့ သဘောသဘာဝတွေကလည်း ကွဲပြားခြားနားတယ်လို့ အာရှစိမ်းလမ်းဖွံ့ဖြိုးရေးဘဏ် (AGD) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ ဦးရဲမင်းဦးက ဆိုပါတယ်။

“ဘဏ်နဲ့ အပေါင်ဆိုင်ဆိုတာ မတူပါဘူး။ အပေါင်ဆိုင်က အလွန်နည်းပါးတဲ့ ငွေကြေးပမာဏကို ထုတ်ချေးပေးနိုင်တာပါ။ ဘဏ်ကတော့ ငွေကြေးပမာဏ ကြီးကြီးတွေကို ချေးနိုင်ပါတယ်။ ဒါပေမယ့် ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေကတော့ အလွှာပေါင်းစုံသော လူတန်းစားတွေအတွက် ဖြစ်သင့်ပါတယ်” လို့ သူကဆိုပါတယ်။

ဘဏ်နဲ့ အပေါင်ဆိုင်တွေက ရင်းနှီးမြှပ်နံှရတဲ့ ငွေကြေးပမာဏတွေက အလွန် ကွာခြားပါတယ်။ ဘဏ်တွေက ကြီးမားတဲ့ ငွေကြေးရင်းနှီးမြှတ်နှံမှု လိုအပ်ပြီး အပေါင်ဆိုင်တွေကတော့ ဘဏ်တွေရဲ့ ရင်းနှီးမြှပ်နှံမှုလို ပဏာမကြီးကြီး မလိုအပ်ဘူးလို့လည်း သူကပြောပါတယ်။

“ပြည်သူတွေက ဘဏ်စနစ်ထက် အပေါင်ဆိုင်ကို ပိုပြီး အသုံးများကျပါတယ်။ အပေါင်ဆိုင်က သူတို့အတွက် ငွေအမြန် ရဖို့ ကူညီပါတယ်။ ဒါပေမယ့် ဘဏ်နဲ့ အပေါင်ဆိုင်ကတော့ လုံးဝကွဲပြားပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်ကို ဖွင့်လှစ်ခွင့်ပြုထားပြီး တစ်နိုင်ငံလုံးမှာ သူတို့ရဲ့ ရုံးချုပ် အပါအဝင် ဘဏ်ခွဲပေါင်း ၆၉၅ ခု ရှိပါတယ်။ အဲဒီဘဏ်ခွဲတွေထဲကမှာ ဘဏ်ခွဲ ၁၅၉ ခုက ရန်ကုန်မှာရှိပါတယ်။

ဒဂုံတောင်ပိုင်းမှာ နေထိုင်တဲ့အသက် ၅၀ အရွယ် ဒေါ်ဌေးဌေးကတော့ “ရွှေနဲ့ အဝတ်အစားတွေကို အပေါင်ဆိုင်မှာ သွားပေါင်လို့ ရပါတယ်။ ဒါပေမယ့် ဘဏ်မှာတော့ အဲဒီလို သွားယူလို့မရနိုင်ဘူး” လို့ပြောပါတယ်။

ဒေါ်ဌေးဌေးက ပြီးခဲ့တဲ့နှစ်ကပဲ သူမိသားစုအတွက် ငွေကြေးလိုအပ်လို့ သူ့ရဲ့ ဆွဲကြိုးကို အပေါင်ဆိုင်တစ်ခုမှာ ပေါင်ထားပြီး အခုတော့ပြန်မရွေးနိုင်လို့ ဆုံးခဲ့ပြီလို့လဲ ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။

ဘဏ်လုပ်ငန်းတွေ တိုးပွားလာပေမယ့် အသေးစား ငွေကြေး ထောက်ပံ့မှုတွေ မပေးနိုင်သေးတာ၊ နည်းပညာ အဟန့်အတားတွေ ဖြစ်နေသေးတာကြောင့် အပေါင်ဆိုင်လုပ်ငန်းတွေ လက်ရှိ လည်ပတ်မှုက အကျိုးအမြတ်များ ရရှိနေသေးသကဲ့သို့ လာမယ့် အနာဂတ်မှာလည်း အကျိုးအမြတ်ရရှိသည့် လုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်နေနိုင်သေးတယ်လို့ အပေါင်ဆိုင်ပိုင်ရှင် ဦးဇော်လွင်က ဆိုပါတယ်။

“ဒီလိုနေရာမှာ ငွေအလွယ်တကူရဖို့ အပေါင်ဆိုင်တွေက အမြဲလိုအပ်နေတယ်။ အပေါင်ဆိုင်လုပ်ငန်းက လုံးဝမရပ်တန့်သွားနိုင်ပါဘူး” လို့ သူကဆိုပါတယ်။

ဟိန်းကိုစိုး

ဟိန်းကိုစိုး

ဟိန်းကိုစိုးသည် အတွေ့အကြုံရှိ သတင်းထောက်တစ်ဦးဖြစ်ကာ ယခင်က မဇ္ဇျိမတွင် လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar