အခြေခံပညာ ဆရာ၊ ဆရာမများကို လစာတိုးပေးရန် စီစဉ်နေ

ပညာသင်ကြားရေးတာဝန်ထမ်းဆောင်နေတဲ့ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေကို လစာတိုးမြှင့်ပေးနိုင်ဖို့ စီမံဆောင်ရွက်နေပေမယ့် ဘယ်အချိန်မှာ တိုးပေးနိုင်မယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ် ဦးအောင်သန်းဦးက ပြောလိုက်ပါတယ်။

“ကျောင်းတွေမှာ သင်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် စီစဉ်လျက်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ သြဂုတ် ၂၃ ရက်နေ့က ပြုလုပ်တဲ့ အစိုးရသစ် ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောလိုက်တာပါ။

အခြေခံပညာဦးစီးဌာနက ရရှိတဲ့ဘတ်ဂျက်ရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဆရာဆရာမတွေရဲ့ လစာဖြစ်တာကြောင့် တိုးပေးဖို့ဆိုရင် ပမာဏများများ လိုအပ်နိုင်တဲ့အတွက် စီစဉ်မှုတွေ ပြုလုပ်နေတုန်းပါလို့ ဦးအောင်သန်းဦးက ရှင်းပြပါတယ်။

လက်ရှိ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ ပညာရေးဝန်ကြီးဌာနကို ကျပ်သန်းပေါင်း ၁၃ သိန်းကျော် သုံးစွဲဖို့ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားပြီး ဒါဟာ စုစုပေါင်း ဘတ်ဂျက်ပမာဏရဲ့ ၇ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံက ဧပြီလအတွင်းမှာ လွှဲပြောင်းရရှိတဲ့ တယ်လီဖုန်းပြောဆိုခရဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၇ ဒသမ ၅ ဘီလျံထဲက သုံးစွဲဖို့ အစိုးရအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အတိအကျကို သူက ထုတ်မပြောပေမယ့် “ခွင့်ပြုမယ်ဆိုရင် ဆရာ၊ ဆရာမတွေအတွက် သုံးစွဲသွားနိုင်ပါတယ်” လို့ ပြောသွားပါတယ်။

ဒါပေမဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေပဲ လစာတိုးဖို့ရှိတာလားဆိုတာနဲ့ အဆင့်မြင့်နဲ့ အခြားသော ပညာရေးဝန်ထမ်းတွေပါ ခံစားခွင့်ရှိမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အခြေခံပပညာ မူလတန်းကျောင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုသူ ဆရာမတစ်ဦးကတော့ “တိုးပြီလို့ ကြေညာချက်ထွက်တဲ့နေ့မှပဲ ပျော်ပါမယ်”လို့ Frontier ကို ပြောပါတယ်။ လစာမလုံလောက်တဲ့ ဆရာ၊ ဆရာမတွေ ကျူရှင်နဲ့ အပိုဝင်ငွေ မရှာစေချင်ရင် လစာတိုးပေးတာ အသင့်တော်ဆုံးပဲလို့ သူက သုံးသပ်ပြပါသေးတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ အခြေခံပညာ ဦးစီးဌာနလက်အောက်မှာ ဆရာ၊ ဆရာမ သုံးသိန်းခုနှစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar