Photo: Nyein Su Wai Kyaw Soe | Frontier
ကယားပြည်နယ်၊ ရှားတောမြို့အဝင်က ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အကြိတ်အနယ်ပြိုင်ကြရမယ့် ကယားမြေကရွေးကောက်ပွဲ

နိုင်ငံရေးပါတီ ၁၃ခုမှ ရာနှင့်ချီသည့် ကိုယ်စားလှယ်လောင်းများသည် နိုဝင်ဘာတွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲတွင်အနိုင်ရရန် ယုံကြည်ချက် မြင့်မားနေသည်။

အိအိတိုးလွင် ရေးသားသည်။

သြဂုတ်လလယ်မှစ၍ ကယားပြည်နယ်မြို့တော်လွိုင်ကော်မြို့သို့ ရောက်ရှိလာသော ခရီးသည်များကို လူစည်ကားရာ အဝေးပြေးကားဂိတ်ရှေ့တွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ဆိုင်းဘုတ်ကြီးတစ်ခု ကြိုဆိုနှုတ်ဆက်နေသည်။

ဆိုင်းဘုတ်ပေါ်တွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပါသည်” ဟုရေးသားထားသည်။‌ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံရန်‌ လူထုကို နှိုးဆော်နေသည့် အမှတ်အသားသည် ဩဂုတ်လဆန်းတွင် ရုတ်ချည်းထွက်ပေါ်လာခြင်းဖြစ်သည်။ ကယားပြည်နယ်တွင် ရွေးကောက်ပွဲအတွက် ပြိုင်ပွဲများက စတင်နေပြီဖြစ်သည်။

ဖရွန်းတီးယားမြန်မာသည် ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်ခုအနက် လွိုင်ကော်၊ ရှားတော၊ ဘောလခဲ၊ မယ်စဲ့မြို့နယ်များသို့ ဩဂုတ်လလယ်တွင် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း နိုင်ငံရေးပါတီများ၏ သစ်လွင်သော ရုံးခန်းများကို နေရာအနှံ့တွေ့ရှိခဲ့သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (ယူဘီပီ) နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(ယူဒီပီ) တို့သည် ပါတီအောင်နိုင်ရေးအတွက် အင်တိုက်အားတိုက်လုပ်ဆောင်နေကြသည်။ 

အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးနှင့် ယူဘီပီပါတီတို့သည် ကယားပြည်နယ်တွင်းရှိ မဲဆန္ဒနယ်များတွင် အလှုငွေများပေးအပ်ခြင်း၊ ပါတီရုံးခန်းသစ်များဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်နှင့် အလံများစိုက်ထူခြင်းအတွက် ဒေသခံများအား လက်ဆောင်ပစ္စည်းနှင့် ငွေကြေးထောက်ပံ့မှုများကို ပေးအပ်ခဲ့သည်။

ရှားတောမြို့နယ်၊ တောင်ပိုင်းစုစည်းကျေးရွာတွင်နေထိုင်သူ ကယန်းအမျိုးသမီး ဒေါ်မာလုသည် သူ့ပိုင်ခြံဝင်းအတွင်း ပါတီဆိုင်းဘုတ်စိုက်ထူရန် ယူဘီပီပါတီထံက ငွေကျပ် ၆၀,၀၀၀ လက်ခံရရှိခဲ့သည်။

“၃၀,၀၀၀ က ဆိုင်းဘုတ်ထူတာကို လက်ခံပေးလို့၊ နောက် ၃၀,၀၀၀ က ကလေးအတွက်ပေးတာလို့ ပြောတယ်” ဟု နေအိမ်၏ ဝါးခင်းဝရန်တာပေါ်တွင် ကလေးချီပိုးရင်း ပြောသည်။ ကလေးငယ်သည် အသက်ငါးနှစ်ရောက်သည့်တိုင် အရိုးပျော့ရောဂါကြောင့် လမ်းမလျှောက်နိုင်ပေ။

အိမ်ခြံဝင်းအတွင်း ပါတီဆိုင်းဘုတ်ထောင်ခွင့်ပြုသဖြင့် ဦးရွှေမန်းဦးဆောင်သည့် ယူဘီပီပါတီက သူ့ကို ငွေကျပ် ၆၀,၀၀၀ ပေးခဲ့ကြောင်း ရှားတောမြို့၊ တောင်ပိုင်းစုစည်းရွာက ဒေါ်မာလု (လက်ယာဘက်မှအမျိုးသမီး)က ဆိုသည်။
(ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

တစ်ချိန်က ကရင်နီပြည်နယ်ဖြစ်ခဲ့သော ကယားပြည်နယ်သည် ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့အကြား တည်ရှိနေပြီး တိုင်းပြည်၏ အမေ့လျော့ခံနေရာတစ်ခုလည်းဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကာလများတွင်မူ ကယား၏ထူးခြားသောလက္ခဏာများသည် အရွယ်အစားသေးငယ်မှုနှင့် လူဦးရေနည်းပါးမှုဖြစ်ပြီး အလွယ်တကူအနိုင်ရနိုင်သဖြင့် နိုင်ငံရေးပါတီများအထူးအာရုံစိုက်ရာ မဟာဗျူဟာမြောက်ဒေသတစ်ခုဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်ခုနစ်နေရာအနက် ငါးနေရာတွင် မဲဆန္ဒရှင်ဦးရေ ၂၀,၀၀၀ အောက်သာရှိသည်။ အလားတူ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာအနက် ရှစ်နေရာတွင်လည်း မဲဆန္ဒရှင်ဦးရေ ၆,၀၀၀ အောက်သာရှိသည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ပုံမှန်မဲဆန္ဒရှင်ဦးရေ ၁၅၀,၀၀၀ နှင့် ၂၀၀,၀၀၀အကြား ရှိသည့်မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခြင်းထက် ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခြင်းက မဲအနည်းငယ်ဖြင့် အနိုင်ရနိုင်ခြေပိုမိုမြင့်မားသည်။

ယင်းအချက်ကြောင့်ပင် ကယားပြည်နယ်တွင် အနိုင်ရရေးသည် ပါတီများအတွက် ကြီးမားသည့် မျှော်လင့်ချက်ကို ဖြစ်လာသည်။ နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၂၇၂ ဉီးသည် ပြည်နယ်၏ မဲဆန္ဒနယ်စုစုပေါင်း ၃၄နေရာတွင် ယှဉ်ပြိုင်ရန်လျှောက်ထားကြသည်ဖြစ်ရာ မဲဆန္ဒနယ်တစ်ခုလျှင် ပျမ်းမျှအားဖြင့် ကိုယ်စားလှယ်လောင်း ရှစ်ဦးခန့် ဝင်ပြိုင်ကြမည့်သဘောဖြစ်သည်။

ပါတီ ၁၃ခုအနက် အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တို့သည် ၃၄ နေရာအပြည့်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများဖြစ်သည်။ 

“ယူပီဘီနဲ့ ယူဒီပီလည်း နေရာအများစုဝင်ပြိုင်မယ်။ အရေအတွက် အတိအကျကတော့ အခုမှ စာရင်းလုပ်နေတုန်းမို့ သေချာမပြောနိုင်သေးဘူး”ဟု  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးကျော်ဆန်းဝင်းက သြဂုတ်၁၀ ရက်က လွိုင်ကော်ြမို့ရှိ ကော်မရှင်ရုံး၌ ဖရွန်းတီးယားမြန်မာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်းများကို ကြေညာခဲ့ပြီးဖြစ်သည်။ ယင်းကြေညာချက်အရ ယူဘီပီနှင့် ယူဒီပီပါတီတို့သည်လည်း ကယားပြည်နယ်အတွင်းက ပြည်သူ၊ အမျိုးသားနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အားလုံးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပါ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအခြေစိုက်ရာ နေအိမ်တစ်ခုကို ဤသို့ မြင်တွေ့ခဲ့ရသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

“မဲစာရင်းကြည့်တာ အချိန်ကုန်တယ်” 

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုက မယုံကြည်နိုင်လောက်အောင် မြင့်တက်နေသည်။ သို့သော် လူထုကမူ နိုင်ငံရေးပါတီများနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ရွေးကောက်ပွဲတဖြည်းဖြည်းနီးလာပြီဖြစ်သော်လည်း လူအများစုသည် လက်ရှိအချိန်တွင် မဲစာရင်းကြည့်ရန်ပင် စိတ်မဝင်စားကြပေ။ မဲဆန္ဒရှင်စာရင်းကို စစ်ဆေးရန်စိတ် ဝင်စားမှုနည်းပါးသောကြောင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မဲဆန္ဒရှင်များ၏ မဲစာရင်းပါအချက်အလက်များ မှန်ကန်ကြောင်းအတည်ပြုနိုင်ရန် တစ်အိမ်တက်ဆင်း စစ်ဆေးရသည့် အခြေအနေပင်ဖြစ်သည်။

“သူတို့အိမ်တွေရှေ့မှာ အသံချဲ့စက်နဲ့ သတိပေးရင်တောင် ဆင်းလာကြည့်ဖော်မရဘူး”ဟု ဦးကျော်ဆန်းဝင်းကပြောသည်။  သြဂုတ်၉ရက်အထိ (ပထမအကြိမ် မဲစာရင်းကြေညာသည့်ကာလမကုန်မီငါးရက်အလို) တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ၄၀ရာခိုင်နှုန်းခန့်သာ မဲစာရင်းစစ်ကြသည်ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

ခရီးစဉ်အတွင်း ဒေသခံများနှင့် စကားစမြည်ပြောဆိုရာတွင် လူအများစုမှာ မဲစာရင်းစစ်ရန် စိတ်မဝင်စားကြပေ။ ထို့အတူ စားသောက်ဆိုင်များနှင့် စျေးဆိုင်များတွင် ရွေးကောက်ပွဲအကြောင်းပြောဆိုခြင်းမရှိသလောက် ဖြစ်သည်။ မဲပေးရန် စိတ်ဝင်စားမှုရှိ၊ မရှိ မေးသည့်အခါ  အများစုက မဲပေးမည့် ပါတီကိုမဆုံးဖြတ်ရသေးဟု ပြန်လည်ဖြေကြားသည်။ မဲမပေးမည့်သူလည်း အနည်းငယ်ရှိသည်။

“ကျွန်မဘဝမှာ နိုင်ငံရေးပါတီတစ်ခုအတွက် ဘယ်တော့မှမဲမပေးခဲ့ဘူး။ မဲစာရင်းစစ်ဖို့လည်း မစိတ်ဝင်စားဘူး။ အချိန်ကုန်တယ်။  ကျွန်မရဲ့ စီးပွားရေးကို အာရုံစိုက်နေတာ မဲစစ်ဖို့အချိန်မရှိပါဘူး” ​​ဟု လွိုင်ကော်မြို့ နောင်ယားကန်အနီးတွင် ရာသီပေါ်နှင်းသီးများရောင်းချသူ အသက် ၆၀ အရွယ် ဒေါ်ခင်ချိုဝင်းက ပြောသည်။

ကယားလူထုသည် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိသေးကြောင်း နိုင်ငံရေးပါတီများနှင့် ရပ်ရွာအခြေပြုအဖွဲ့များက သဘောတူကြသည်။ သို့သော် ယင်းသည် ရွေးကောက်ပွဲနေ့တွင် လူများစုက မဲမပေးဟု မမှတ်ယူသင့်ပေ။ ၂၀၁၅ ရွေးကောက်ပွဲမှတ်တမ်းများအရ ကယားပြည်နယ်တွင် ထိုစဉ်က မဲပေးသူ ၇၄ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးစံချိန်တင်မဲပေးသည့် ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။

ကိုဗစ်- ၁၉ ကန့်သတ်ချက်များသည်နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို မဲဆန္ဒရှင်အသိပညာပေးရေးအစီအစဉ်များ ပြုလုပ်ရန် အဟန့်အတားဖြစ်စေသည်ဟု လွိုင်ကော်အခြေစိုက် LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာနော်ဖောဝါးကပြောသည်။

သုံးဘီးယာဉ်မောင်း ကိုအောင်ဆန်းဝင်းသည် သြဂုတ်လဆန်းက နိုင်ငံရေးပါတီတစ်ခု၏ ရုံးခန်းဖွင့်ပွဲကို တက်ရောက်ခဲ့သည့်အတွက် တီရှပ်နှင့်ဦးထုပ်များ လက်ဆောင်ရရှိခဲ့သည်။ ပါတီအမည်ကို သူ မမှတ်မိတော့ပေ။ ပါတီအဆောက်အဦးတစ်ခုလုံးကို အဝါရောက်ဆေးသုတ်ထားသည့်အတွက် အဝါပါတီဟုသာ ၎င်းက မှတ်သားထားသည်။ အဝါပါတီဟု လူသိများသည့်ပါတီက သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင် (ခေါ်) ယူဘီပီပါတီဖြစ်နေသည်။

ကယားပြည်နယ်၊ မြို့တော်လွိုင်ကော်ရှိ ဈေးတစ်ခုကို ဤသို့မြင်တွေ့ရသည်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အဆိုအရ ကယားပြည်နယ်အတွင်းက မဲဆန္ဒရှင်အများစုသည် ၎င်းတို့၏ မဲစာရင်းများကို လာရောက်စစ်ဆေးခြင်းမရှိသဖြင့် ကော်မရှင်ကပင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးပေးခဲ့သည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

လွိုင်ကော်မြို့၊ ရတနာပုံရပ်ကွက်တွင်အနှစ် ၂၀ ကျော်နေထိုင်လာသည့်တိုင် ကိုအောင်ဆန်းဝင်းသည် ရွေးကောက်ပွဲတွင် တစ်ကြိမ်မျှ မဲပေးခဲ့ခြင်းမရှိပေ။

“ဘယ်အစိုးရပဲတက်တက် ကျွန်တော့်အတွက်ဘာမှမတတ်နိုင်ပါဘူး။ ကိုယ့်ဘာသာ ရှာစားရတာပဲလေ” ဟုသူ ကပြောသည်။ ယင်းသို့ဆိုသည့်တိုင် ပါတီများကပေးသည့် လက်ဆောင်ပစ္စည်းများကို လက်ခံရန်မည်သည့်အခါမျှ မငြင်းဆန်ခဲ့ဟု သူကဆိုသည်။ 

နိုင်ငံရေးပါတီများ၏ အကြိုမဲဆွယ်စည်းရုံးလှုံ့ဆော်လှုပ်ရှားမှုများသည် ပိုမိုထိရောက်ပုံရသည်။

ကိုဗစ်-၁၉ကြောင့် အခက်တွေ့နေသည့် အခြေခံလူထုကို ကူညီရန်အစိုးရသည် ၎င်းတို့၏ သတ်မှတ်ချက်နှင့် ပြည့်မီသူများအား တစ်ကြိမ်လျှင် ငွေကျပ်၂၀,၀၀၀ ခန့်ကူညီရန် ဆုံးဖြတ်ခဲ့သည်။ အင်န်အယ်လ်ဒီပါတီဦးဆောင်သည့် ပြည်နယ်အစိုးရသည် ယင်းထောက်ပံ့ရေးအစီအစဉ်ကတစ်ဆင့် နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းနေပုံရသည်။

“အစိုးရရုံးမှာခေါ်ပြီး အင်န်အယ်လ်ဒီက ပိုက်ဆံ ၂၀,၀၀၀ ပေးတယ်။ ကျွန်မတို့ ငတ်နေတဲ့အချိန်မှာထောက်ပံ့တဲ့ပါတီကိုပဲ ကျွန်မတို့ကမဲပေးမယ်”ဟု ပါလောင်းကျေးရွာသူ ဒေါ်မိုးသိမ်းက ကျောက်တုံးများကို ထုရိုက်ရင်း မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသည်။ ဒေါ်မိုးသိမ်းနှင့်အတူ လူဆယ်ဦးခန့်သည် ဘောလခဲမြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း လမ်းခင်းလုပ်ငန်းတွင် တစ်ရက်လျှင် ကျပ်၆,၀၀၀၊ နေ၊စားစရိတ်ငြိမ်းဖြင့် ကျောက်ထုသမားများအဖြစ် လာရောက်လုပ်ကိုင်နေကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦီးအယ်လ်ဖောင်းရှို ( ယခုဆောင်းပါးအတွက် ဖရွန်းတီးယားမြန်မာက ကယားပြည်နယ်သို့ သွားရောက်ချိန်တွင် လွှတ်တော်က ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်မှုမလုပ်ရသေးသည့်အတွက် ဝန်ကြီးချုပ်ဟုသာ သုံးနှုန်းသွားပါမည်) သည် ဗဟိုအစိုးရ၏ ထောက်ပံ့ငွေကျပ် ၂၀,၀၀၀ကို လူထုသို့လွှဲပြောင်းရာတွင် ပါတီအောင်နိုင်ရေးအတွက် စည်းရုံးမှုလုပ်ဆောင်ခဲ့ပုံရသည်။

သြဂုတ်၁၃ရက် ကယားပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်သည် သူ၏  မဲဆန္ဒနယ်၊ မယ်စဲ့မြို့နယ်ခန်းမ၌ပြုလုပ်သည့် ငွေကျပ်၂၀,၀၀၀ ထောက်ပံ့သည့် အခမ်းအနားတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် မည်သည့်အဖွဲ့အစည်းက ဆက်လက်လုပ်ဆောင်နိုင်မည်ကို သိမြင်ရန်လိုအပ်ကြောင်း ငွေကြေးလက်ခံသည့် ဒေသခံများကို ပြောဆိုခဲ့သည်။

နိုင်ငံရေးပါတီအချို့၏ ငွေကြေးသုံးအားပြိုင်မှုကြောင့် အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီအမာခံများကို လက်လွက်ရသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူး (၁) ဒေါ်မာရီထွန်းက ပြောသည်။ ပြည်နယ်အခြေစိုက်မဟုတ်ဘဲ​ ပြည်နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်‌ ပါတီသစ်များသည် ဒေသတွင်း လူသိများသူများကို ငွေကျပ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိပေးကာ ပါတီသို့ဝင်ရောက်ရန် စည်းရုံးနေသည်ဟု သူကပြောသည်။ ထိုအခြေအနေများကြောင့် မယ်စဲ့တောင်ပိုင်းရှိ ၎င်းတို့ပါတီအတွက်အားကိုးရသူ အမာခံပါတီဝင်တစ်ဦးကို ဆုံးရှုံးခဲ့ရသည်ဟု ဒေါ်မာရီထွန်းက ပြောသည်။ ငွေကြေးပေးစည်းရုံးနေသည့် ပါတီသစ်များ၏အမည်ကို ထုတ်ဖော်ပြောဆိုရန် သူက ငြင်းဆန်ခဲ့သည်။

“ရွာတွေမှာ လူသိများတဲ့သူတွေကို သူတို့က စည်းရုံးတာ။ သူကတစ်ဆင့် ပါတီဝင်တွေရှာပေး။ ပါတီဝင်တွေ များလာတာနဲ့အမျှ သူတို့ကပိုက်ဆံပိုရတာပေါ့။ အခုဆို တစ်ခြားအလုပ်တောင် မလုပ်ကြတော့ဘူး။ အဲဒီလိုမျိုးပဲ လုပ်နေကြတာ။ ပိုက်ဆံလွယ်လွယ်ရတာမျိုးကို လုပ်တဲ့သဘောပဲ”ဟု ဒေါ်မာရီထွန်း‌က စိတ်ပျက်လက်ပျက်ဆိုသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်မျက်နှာသစ်ပါတီမှာ ယူဘီပီဖြစ်ပြီး၊ ၂၀၁၀ကတည်းက တည်ထောင်ခဲ့သည့် ယူဒီပီပါတီအတွက်မူ ယခုနှစ်၊ ကယားတွင်ယှဉ်ပြိုင်ခြင်းသည် ၎င်း၏ ပထမဆုံးအတွေ့အကြုံဖြစ်သည်။

ဘောလခဲမြို့နယ် ယူဘီပီပါတီစည်းရုံးရေးတာဝန်ခံ ဒေါ်ညွန့်မေကမူ ၎င်းတို့ပါတီသည် ငွေကြေးပေးကမ်း၍ စည်းရုံးနေသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချသည်။ 

“ကျွန်မတို့ ပိုက်ဆံပေးစရာမလိုဘူး။ သူတို့တစ်ချိန်က ထောက်ခံခဲ့တဲ့ပါတီကို မကြိုက်လို့ ကျွန်မတို့ ပါတီကို ပူးပေါင်းလာကြတာ။ ပြည်ထောင်စုရဲ့ ကောင်းကျိုးကိုဆောင်မယ်ဆိုတဲ့ ပါတီရဲ့ မူဝါဒကို သဘောကျလို့ ပါတီဝင်ဖြစ်လာကြတာ။ ကျွန်မတို့ကတော့ ဘယ်ပါတီကိုမှ မပုတ်ခတ်၊ မစော်ကားဘူး။ ကျွန်မတို့နဲ့အတူ အလုပ်လုပ်ချင်သူတိုင်းကို ကြိုဆိုတယ်ဆိုတာပဲ ပြောချင်တယ်”ဟု  ဒေါ်ညွန့်မေက တုံ့ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်း ဖော်ပြထားသော လမ်းဘေးဘေလ်ဘုတ်ကို လွိုင်ကော်မြို့တွင်း တစ်နေရာတွင် မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အင်န်အယ်လ်ဒီပါတီက အနိုင်ထပ်ပိုင်းနိုင်မလား 

လာမည့်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရရန်မှာ မလွယ်ကူတော့ဟု ပြောဆိုသုံးသပ်မှုများရှိသည့်တိုင် အစိုးရဖြစ်သည့်အတွက် အားသာချက်များ ရှိနေသည်။ သို့သော် အင်န်အယ်လ်ဒီပါတီအတွက် စိုးရိမ်ဖွယ်ရာ လက္ခဏာများရှိသည်။

အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ မဲဆန္ဒနယ် ၃၄ နေရာတွင် ၂၆ နေရာအနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ခုနစ်နေရာနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက တစ်သီးပုဂ္ဂလအဖြစ် တစ်နေရာအနိုင်ရခဲ့သည်။  

၂၀၁၆၊ မတ်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကယန်း-ရှမ်းလူမျိုး ဦီးအယ်လ်ဖောင်းရှိုကို ခန့်အပ်ခဲ့သည်။ ဝန်ကြီးချုပ်သည် လက်တွေ့တွင် လူအများနှင့် သဘောထားကွဲလွဲသူ တစ်ဦးဖြစ်လာသည်။ 

အထူးသဖြင့် ၂၀၁၉၊ ဇန်နဝါရီနှောင်းပိုင်း လွိုင်ကော်ြမို့လယ်တွင်စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ကြေးရုပ်ကြောင့် ၎င်းအပေါ် ဝေဖန်မှုများ ဆူညံခဲ့ပြီး၊ ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများပါ ဖြစ်ပေါ်ခဲ့သည်။ ဝန်ကြီးချုပ်သည် ကယားပြည်နယ်၏ သမိုင်းနှင့် ဒေသခံများ၏ခံစားချက်များကို လျစ်လျူရှုကာ ၎င်း၏ဆန္ဒအတိုင်း တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ပြိုင်ဘက်ပါတီများက စွပ်စွဲပြောဆိုကြသည်။

၂၀၁၈ နှစ်လယ်ပိုင်းတွင် ရုပ်တုတည်ဆောက်ရန်အစီအစဉ်ကိုကြေညာသောအခါ ကရင်နီလူငယ်ခေါင်းဆောင်များသည် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ထိုနှစ်ဇွန်တွင် လွိုင်ကော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရုပ်တုတည်ဆောက်ရေးအစီအစဉ်ဆန့်ကျင်ရာတွင် လူထုကို ဆူပူရန်အားပေးလှုံ့ဆော်ပြီး အစိုးရကိုအသရေဖျက်သည်ဟုဆိုကာ ကရင်နီလူငယ်ကိုးဦးကို တရားစွဲဆိုခဲ့သည်။

နောက်လတွင် ရုပ်ထုတည်ဆောက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး ဒေသအာဏာပိုင်များက ဆန္ဒပြသူများအနက် လူငယ်၂၂ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေအရ တရားစွဲဆိုခဲ့သည်။ မြင့်တက်လာသည့် တင်းမာမှုကိုဖြေလျှော့ရန် ပြည်နယ်အစိုးရက ရုပ်တုစိုက်ထူမှုကို ဆိုင်းငံ့ကာ  အများပြည်သူနှင့်ဆွေးနွေးညှိနှိုင်းရန် ကော်မတီတစ်ခုကို ဖွဲစည်းခဲ့သည်။ လက်တွေ့တွင်မူ ပြည်နယ်အစိုးရသည်‌ ညှိနှိုင်းဖြေရှင်းလိုစိတ်မရှိခဲ့ပေ။

ကန့်ကွက်မှုများရှိနေသည့်ကြားက ၂၀၁၉၊ ဖေဖော်ဝါရီ၂ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို တရားဝင်စိုက်ထူလိုက်သောကြောင့် ဆန္ဒပြမှုများနှင့်အတူ ဖမ်းဆီးမှုများထပ်မံပေါ်ပေါက်ခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် ရုပ်တုကိုနေရာရွှေ့ပြောင်းပေးရန် ထောင်ပေါင်းများစွာသော လူများက ဆန္ဒပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲခဲ့ရာ လူ၂၀ခန့် ဒဏ်ရာရရှိခဲ့သည်။

တင်းမာမှုများကို ညှိနှိုင်းရန် ပြည်နယ်အစိုးရအရာရှိများ၊ မြို့မိမြို့ဖနှင့် ကရင်နီအသိုင်းအဝိုင်းမှကိုယ်စားလှယ်များအကြား ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ပြည်နယ်အစိုးရက ဆန္ဒပြသူများအား တရားစွဲဆိုမှုများကို ရုတ်သိမ်းပေးခဲ့သည်။ နိုင်ငံသားများ၏ လုံခြုံရေးနှင့်လုံခြုံမှုကိုကာကွယ်စောင့်ရှောက်သောဥပဒေပုဒ်မ ၈အရ ဆန္ဒပြသူလူငယ်ခြောက်ဦးကို ထောင်ခြောက်လချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို အမိန့်အာဏာဖြင့် အတင်းအကျပ်တည်ဆောက်ခဲ့သည့် ဝန်ကြီးချုပ်အယ်လ်ဖောင်းရှို၏ လုပ်ရပ်သည် ဒေသခံအသိုင်းအဝိုင်းများရှိ ကယားတိုင်းရင်းသားများ၏စိတ်ထဲတွင် ယနေ့တိုင်မေ့ပျောက်မရနိင်သည့် အဖြစ်ဆိုးတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ပြည်နယ်အစိုးရနှင့် ပြည်နယ်အတွင်းက အရပ်ဘက်လူ့အဖွဲ့အစည်းများအကြား ဆက်ဆံရေး ပိုမိုယိုယွင်းပျက်စီးခဲ့သည်။၊

၂၀၁၅ အတိုက်အခံဘဝက ကယားပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့စဉ်က လုံခြုံရေးတာဝန်ယူ၍ကူညီခဲ့သော တက်ကြွလှုပ်ရှားသူ မော်မိုးမြာသည် ဘာသာပြန်အဖြစ်လည်း ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ပြည်နယ်အစိုးရအဖွဲ့၏ အရပ်ဘက်အဖွဲ့အစည်းများအပေါ် ထားရှိသည့် သဘောထားကို မနှစ်သက်၍ အင်န်အယ်လ်ဒီပါတီကို အားမပေးတော့ဟု သူကဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရအကြားဆက်ဆံရေးသည် ၂၀၁၇မှစ၍ အက်ကြောင်းများ စတင်ဖြစ်ပေါ်ခဲ့သည်။ ပြည်နယ်အစိုးရသည် အရပ်ဘက်အဖွဲ့အစည်းများနှင့်နိုင်ငံရေးလှုပ်ရှားမှုများ အပေါ်ကန့်သတ်ချက်များစွာချမှတ်ခဲ့ပြီး၊ ယခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ကာကွယ်ရေးကို အကြောင်းပြ၍ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှု မှန်သမျှကို ခွင့်ပြုချက်ပေးရန် ငြင်းဆန်ခဲ့သည်။

“၂၀၁၇ ကစပြီး အဆင်မပြေတော့ဘူး။ ကျွန်မတို့ ပြဿနာကို နားမထောင်ချင်တော့ဘူး။ ကျွန်မတို့ကို ရဲစခန်းကို အတင်းဆွဲခေါ် ခံခဲ့ရတယ်။ တရားစွဲထောင်ချတဲ့အထိ လုပ်ခဲ့တယ်။ လုံးဝပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်လာတယ်။ အရမ်းစိတ်ပျက်ဖို့ ကောင်းလာတာပဲ။ ကျွန်မတို့‌မျှော်လင့်ချက်ထားခဲ့တာတွေ ဖြစ်မလာခဲ့ဘူး”ဟု ကယားပြည်နယ်တွင် လူသိများသော တက်ကြွလှုပ်ရှားသူ မော်မိုးမြာက စိတ်ပျက်လက်ပျက်ပြောဆိုသည်။ သူသည် ကရင်နီအမျိုးသားလူငယ်အစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူးနှင့် ကရင်နီလူငယ်များသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး(၂)အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

အင်န်အယ်လ်ဒီပါတီသည် ဗမာအများစုထောက်ခံသည့်ပါတီဖြစ်သည့်တိုင် ၂၀၁၅အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင် ဗမာများထက် ပြည်နယ်အတွင်းလူများစုဖြစ်သော ကယားလူမျိုးများ၏ထောက်ခံမှုဖြင့် မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သည်မှာ ငြင်း၍မရပေ။ ထိုစဉ် အင်န်အယ်လ်ဒီပါတီအနိုင်မရခဲ့သည့်နေရာအချို့တွင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာပါဝင်သည်။ မဲပေးခွင့်ရှိသူပေါင်း ၂၂,၀၀၀တွင် ၃၀ ရာခိုင်နှုန်းကသာ အင်န်အယ်လ်ဒီပါတီကို မဲပေး၍ အဆိုပါနေရာကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီအတွက်တက်ကြွစွာ စည်းရုံးလှုံ့ဆော်ပေးခဲ့သူ ကရင်နီတက်ကြွလှုပ်ရှားသူများတွင် မော်မိုးမြာလည်း ပါဝင်ခဲ့သည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း စကားပြန်နှင့် လုံခြုံရေးတာဝန်ယူပေးခဲ့သူတစ်ဦး ဖြစ်သည်။

“၂၀၁၅တုန်းက အင်န်အယ်လ်ဒီသာအနိုင်ရရင် တန်းတူညီမျှမှုနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို အကောင်အထည်ဖော်ပေးမယ်လို့ ကျွန်မတို့တိုင်းရင်းသားတွေအားလုံး ယုံကြည်ခဲ့ကြတယ်။ အခုတော့ ဒီမိုကရေစီဆိုတာ စည်းနဲ့ကမ်းနဲ့ဆိုတဲ့ စကားလုံးတွေသုံးပြီး ကျွန်မတို့လိုလားချက်တွေကို မျက်ကွယ်ပြုလာတယ်”ဟု မော်မိုးမြာက ပြောသည်။

လွန်ခဲ့သောငါးနှစ်က အင်န်အယ်လ်ဒီပါတီရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပံ့ပိုးပေးခဲ့သည့် အခြားအဖွဲ့အစည်းတစ်ခုမှာ ၁၉၅၇မှစ၍ သီးခြားကရင်နီပြည်နယ်ပြန်လည်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအင်န်ပီပီ) ဖြစ်သည်။

ကေအင်န်ပီပီသည် ၂၀၁၂တွင် ယခင်ပြည်ခိုင်ဖြိုးအစိုးရနှင့် ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများကို ထောက်ခံပေးခဲ့သည်။

လွိုင်ကော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ကေအင်န်ပီပီသည် တစ်ချိန်က အင်န်အယ်လ်ဒီပါတီကို ထောက်ခံပံ့ပိုးပေးခဲ့သည်ဟု ဆိုသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ် သိန်း၂၅၀ လှူဒါန်းခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ရှားတော မဲဆွယ်စည်းရုံးရေးခရီးစဉ် လုံခြုံရေးအတွက်လည်း ကူညီပေးခဲ့သည်ဟု သူကပြောသည်။ ရှားတောမြို့နယ်မဲဆန္ဒနယ်မြေများတွင် ကေအင်န်ပီပီ၏ပံ့ပိုးမှုက အလွန်အရေးပါခဲ့သည်ဟု ၎င်းကဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့လွှမ်းမိုးမှုကရှိတယ်။ ရွာသားတွေက ချစ်လို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် သူတို့ပြောတာ လက်ခံရတာပဲ။ သူတို့ထောက်ခံမှုကြောင့်ပဲ ကျွန်မတို့နိုင်တာလည်း ပါတယ်”ဟု ဒေါက်တာခင်စည်သူကပြောသည်။

၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စဉ်က ကယားအခြေစိုက်အရပ်ဘက်အဖွဲ့အစည်းများနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့က အင်န်အယ်လ်ဒီပါတီကို ထောက်ခံပေးခဲ့ကြောင်း လွိုင်ကော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦီးမော်ရယ်က ကေအင်န်ပီပီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီအား မဲပေးရန် ဒေသခံများကိုဖိအားပေးခဲ့သည့် သက်သေအထောက်အထားများရှိကြောင်း ပြောသည်။ အလားတူပင် လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်နှင့်ငြိမ်းချမ်းရေးယူပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းလိုက်သည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့ဝင်များကမူ ပြည်ခိုင်ဖြိုးကို ၂၀၁၅က ကဲ့သို့ပင် ဆက်လက်ထောက်ခံမဲပေးမည်ဟု မျှော်လင့်ရသည်။

ယခုတစ်ကြိမ်တွင်အင်န်အယ်လ်ဒီပါတီသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော ကေအင်န်ပီပီ၏ ခိုင်မာသောထောက်ခံမှုကို ယခင်ကလို ထပ်မံရရှိရန်‌ မသေချာတော့ပေ။

ကေအင်န်ပီပီအတွင်းရေးမှူး ခူရ်ဒယ်နီရယ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို လိုလားသောကြောင့် အင်န်အယ်လ်ဒီပါတီကို ယခင်ကထောက်ခံပေးခဲ့သော်လည်း ပြည်နယ်အစိုးရနှင့် ဆက်ဆံရေးသည် မျှော်လင့်ထားသလောက် အဆင်မပြေခဲ့သလို  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း သိသာသောတိုးတက်မှုမရှိကြောင်း ပြောသည်။

“ပြည်နယ်အစိုးရနဲ့က အဆက်အဆံအတော်နည်းတယ်။ သူတို့သွားနေတဲ့ လမ်းကြောင်းက လွဲနေတယ်။ အင်န်အယ်လ်ဒီလက်ထက်မှာ ပြည်နယ်အဆင့်မှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် လမ်းကြောင်းမရှိဘူး။ တစ်ခုခုကဖြစ်လာပြီ၊ ပြောဖို့လိုလာပြီဆို နေပြည်တော်က ဦးဇော်ဌေးကို ဆက်သွယ်ရတယ်။ သူ့ဆီကလည်း တစ်ခါမှ တိကျတဲ့အဖြေမရပါဘူး။ တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ အစိုးရက ဘာမှဝင်မလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ တပ်နဲ့ပဲတိုက်ရိုက်ဖြေရှင်းတယ်” ဟုသူကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူသည့်လုပ်ရပ်သည် ပြည်နယ်အစိုးရ၏ မှားယွင်းသောခြေလှမ်းဖြစ်ပြီး ပါတီပုံရိပ် ထိခိုက်ကျဆင်းစေသည်ဟု သူကဆိုသည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့်တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ခြင်းကလည်း အစိုးရအပေါ်ထားရှိထားသည့် လူထုအမြင်ကို ပြောင်းလဲစေခဲ့သည်ဟု ၎င်းကပြောသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဦးသိန်းစိန်အစိုးရလက်ထက်က ကေအင်န်ပီပီနှင့်ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်ဆောင်ရွက်ရန် လျစ်လျူရှုခဲ့သည်ဟု ခူရ်ဒယ်နီရယ်ကဆိုသည်။

“ဦးသိန်းစိန်အစိုးရလက်ထက်က လုပ်ခဲ့တာဆိုရင် သူတို့မသိဘူး၊ မဆိုင်ဘူးဆိုပြီး ပေါ်တင်ပြောတယ်။ နယ်စပ်မှာနေတဲ့ ကေအင်န်ပီပီမိသားစုဝင်တွေ ပြန်လာရင်နေဖို့ အရင်အစိုးရက မယ်စဲ့မြို့က ဘီပီ၁၃မှာ ဧက‌ ၁၀၀ ပေးခဲ့တယ်။ ကျွန်တော်တို့ ဘာမှတောင်မလုပ်ရသေးဘူး ဝန်ကြီးချုပ်က ပြန်သိမ်းသွားတယ်။ ကျွန်တော်တို့ ဒီမြေကိုလိုချင်လို့ ငြိမ်းချမ်ရေးယူခဲ့တာမှ မဟုတ်တာ ပြန်ပေးလိုက်တယ်”ဟု ခူရ်ဒယ်နီရယ်ကပြောသည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင်မူ တိုင်ရင်းသားပါတီများကို အနိုင်ရစေချင်သည်ဟု ၎င်းကဆိုသည်။ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့်အစိုးရသည် လူထုစကားကို ပိုမိုနားထောင်နိုင်ပြီး ဒေသအကျိုးကိုဆောင်ရွက်နိုင်လိ့မ်မည်ဟု သူကယုံကြည်ထားသည်။ 

“တိုင်းရင်းသားပါတီပဲ ဖြစ်စေချင်တာပေါ့။ သူ့လူထုနဲ့ သူ့အစိုးရနဲ့သူဆိုရင်တော့ လူထုစကားကိုနားထောင်ဖို့ ပိုများတာပေါ့။ ပုဂ္ဂိုလ်ရေးအရ အားပေးတယ်။ ဖြစ်သင့်တယ်လို့ထင်တယ်”ဟု ခူရ်ဒယ်နီရယ်က ပြောသည်။

အချို့သော ဝါရင့်ပါတီဝင်များကမူ ပြည်နယ်အစိုးရကို ဒေသခံများက မနှစ်သက်သည့်အတွက် နိုဝင်ဘာရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် မဲဆန္ဒနယ်များကို ဆုံးရှုံးရဖွယ်ရှိသည်ဟုဝန်ခံကြသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် မတူကွဲပြားတဲ့အုပ်စုတွေအကြား စည်းလုံးမှုကိုတည်ဆောက်နိုင်ဖို့ ကျွန်မကြိုးစားခဲ့တာ။ ပါတီအားကောင်းအောင် တည်ဆောက်တဲ့နေရာမှာ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ ကယားနိုင်ငံရေးက တခြားပြည်နယ်တွေနဲ့ မတူဘူး။ အခုကျွန်မ တည်ဆောက်ခဲ့တဲ့ စည်းလုံးမှုပြိုကွဲသွားပြီ”ဟု ဒေါက်တာခင်စည်သူက ပြောသည်။

၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်ပါတီ၏ ပြည်နယ်ကော်မတီဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး လက်ရှိတွင် လွိုင်ကော်တွင် မြို့နယ်ပါတီအမှုဆောင်ကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ယူထားသည်။

ဦးကျော်ကျော်ထွန်းသည် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု၍ လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
(ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

တိုင်းရင်းသားပါတီတွေ အောင်ပွဲခံမလား

တစ်ချိန်က အင်န်အယ်လ်ဒီပါတီကို အပြည့်အဝထောက်ခံခဲ့သည့် တိုင်းရင်းသားတက်ကြွလှုပ်ရှားသူများသည် ငါးနှစ်တာကာလအတွင်း ခံယူချက်များ ပြောင်းလဲလာပြီး ၎င်းတို့၏ နိုင်ငံရေး သစ္စာခံမှုကို ပြောင်းလဲလိုက်ကြသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ထင်ရှားသောလူငယ်တက်ကြွလှုပ်ရှားသူ ၁၁ဦးသည် ကယားပါတီနှစ်ခုပေါင်းစည်း၍ ၂၀၁၇တွင်တည်ထောင်ခဲ့သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီသည်  ရွေးကောက်ပွဲတွင် နေရာမထပ်စေရန် ကယန်းအမျိုးသားပါတီနှင့် ရွေးကောက်ပွဲမဟာမိတ် ဖွဲ့ထားသည်။ နှစ်ဖက်သဘောတူညီချက်အရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ်  ၃၀တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကယန်းအမျိုးသာပါတီက ကျန်လေးနေရာတွင် ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

“ပြည်နယ်မှာအနိုင်ရရှိရေးကို အဓိကထားပြီး ရွေးကောက်ပွဲမှာ မဟာမိတ်ဖွဲ့လိုက်တယ်။ ၂၀၁၅ တုန်းကလို တိုင်းရင်းသားမဲဆန္ဒရှင်တွေကို မရောထွေးစေရဘူး” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး(၂) စတီဗင်ထွန်းထွန်းကပြောသည်။

ပါတီကိုယ်စားလှယ်လောင်း ၈၀ရာခိုင်နှုန်းသည် လူငယ်နှင့်လူလတ်ပိုင်းများဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းသည် နိုင်ငံရေးအတွေ့အကြုံ ဝါရင့်သူများဖြစ်သည်ဟု ၎င်းကပြောသည်။ ထို့ပြင် ယခင်အစိုးရလက်ထက်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်လည်း ပါတီကိုယ်စားလှယ်လောင်းစာရင်းတွင် ပါဝင်လာသည်။

ဗိုလ်ချုပ်ရုပ်တုဆန့်ကျင်ရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအရေးများတွင် တက်ကြွလှုပ်ရှားသူ မော်မိုးမြာသည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု၍ ရှားတောမြို့နယ်၊ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အင်န်အယ်လ်ဒီပါတီမှ လက်ရှိ ရှားတောပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းကို အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၂၀တွင်လည်း ထပ်မံယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် အခြားထင်ရှားသောတက်ကြွလှုပ်ရှားသူတစ်ဦးမှာ ဒီးဒီ (ခေါ်) စစ်မုန်းဖြစ်သည်။ သူသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် ထောင်ခြောက်လကျခဲ့သူဖြစ်သည်။ ၎င်းသည် ကရင်နီပြည်နယ်လယ်သမားသမဂ္ဂနှင့် ကရင်နီလူငယ်များသမဂ္ဂတို့ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေကို အတည်ပြုရန် ပြုလုပ်ခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆန့်ကျင်ခဲ့သည့်အတွက် ဒီးဒီကို စစ်အစိုးရက ထောင် ၃၂ နှစ်ချမှတ်ခဲ့သည်။ ၂၀၁၈တွင် ကေအင်န်ပီပီ စစ်သားသုံးဦးနှင့်အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုကြောင့် ထောင်ဒဏ်၂၁ရက် ကျခံခဲ့သူလည်းဖြစ်သည်။

“ဒီးဒီတို့ဆိုတာက ဗိုလ်ချုပ်ကို မုန်းတဲ့သူတွေ မဟုတ်ဘူး။ တစ်ချိန်က ဘယ်သူမှ ဘာမှပေါ်တင်မလုပ်ရဲတဲ့အချိန် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ရုပ်ပုံလေးတွေ ဓာတ်တိုင်မှာ လိုက်ကပ်ခဲ့တဲ့သူတွေ။ သူတို့ဗိုလ်ချုပ်ကိုမချစ်လို့  ရုပ်တုကိုဆန့်ကျင်ခဲ့တာမဟုတ်ဘူး။ အစိုးရကပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့”ဟု ဒေါက်တာခင်စည်သူက ပြောသည်။ ယင်းနိုင်ငံရေးအတွေ့အကြုံများကို ဖြတ်သန်းခဲ့သူ ဒီးဒီသည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြု၍ ဖရူဆိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မံဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီသည် ကယားတိုင်းရင်းသားအများဆုံးနေထိုင်သည့် ဖရူဆိုနှင့် ဒီမောဆိုမြို့များရှိ မဲဆန္ဒနယ်အများစုတွင် အနိုင်ရရန်ရည်မှန်းထားပြီး ဒုတိယအများဆုံး မျှော်လင့်ထားသည့် ဒေသမှာ လွိုင်ကော်၊ ရှားတောနှင့် မယ်စဲ့တို့ဖြစ်သည်။ ဘောလခဲနှင့် ဖားဆောင်းတို့သည် တပ်မတော်အခြေစိုက်ဒေသများဖြစ်၍ ၎င်းတို့အတွက် ယှဉ်ပြိုင်အနိုင်ရရန်မှာ မလွယ်ကူလှပေ။

သို့သော်ပါတီအတွက် စိန်ခေါ်မှုတစ်ခုသည် ပါတီလှုပ်ရှားမှုများ လူထုကြား ပိုမိုရောက်ရှိနိုင်ရေးဖြစ်သည်။ ဖရွန်းတီးယားမြန်မာ၏ မေးမြန်းချက်များအရ ဒေသခံအများစုသည် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ အမည်များကိုသာ သိရှိကြပြီး တိုင်းရင်းသားပါတီများကို သိရှိသူဦးရေ အလွန်နည်းပါးနေသေးကို လေ့လာတွေ့ရှိခဲ့ရသည်။ 

ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုသည် ဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးကြိုးပမ်းချက်ကြောင့် တိုင်းရင်းသားများ၏ အပြင်းအထန်ဝေဖန်မှုကို ခံခဲ့ရသော်လည်း လွိုင်ကော်မြို့တွင်မူ ၎င်းနှင့် ပါတီကို ထောက်ခံအားပေးသူအများအပြား ရှိနေဆဲဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သူအများစုမှာ ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်မှ လာရောက်သူများဖြစ်သည်ဟု လွိုင်ကော်ဒေသခံများက ပြောသည်။ တိုင်းရင်းသားတက်ကြွလှုပ်ရှားသူများက ထိုအချက်ကို မငြင်းကြပေ။ လွိုင်ကော်မြို့တွင် နေထိုင်သူအများစုသည် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများဖြစ်၍ ကယားလူမျိုးတို့၏ နိုင်ငံရေးနောက်ခံသမိုင်းနှင့်ခံယူချက်ကို နားလည်ရန် မလွယ်ကူဟု တက်ကြွလှုပ်ရှားသူများကဆိုသည်။

“အင်န်အယ်လ်ဒီအတွက် နောက်တစ်ကြိမ်မဲပေးမယ်ဆိုတာ သေချာပါတယ်။ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ မြို့ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရတယ်။ လမ်းတွေဆိုလည်း အရမ်းကောင်းလာတယ်။ ခုဆို တစ်မြို့နဲ့တစ်မြို့ နေ့ချင်းပြန်ခရီးသွားနိုင်နေပြီ။ ဘာပဲဖြစ်ဖြစ်ကျွန်မတို့က အင်န်အယ်လ်ဒီပဲ”ဟု လွိုင်ကော်မြို့ရှိ ကလေးအသုံးအဆောင်ပစ္စည်းများရောင်းချသော Happy Baby Store ဆိုင်ပိုင်ရှင် မမြတ်သက်မွန်က ပြောသည်။

မကြာသေးမီနှစ်များအတွင်း ခရီးသွားလုပ်ငန်းတိုးတက်လာမှုကြောင့် လွိုင်ကော်မြို့တွင် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူပိုမိုများပြားလာသည်။ သို့သော် ပြည်နယ်၏ အစိတ်အပိုင်းတော်တော်များများသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဝန်ကြီးချုပ်မဲဆန္ဒနယ် မယ်စဲ့အပါအဝင် မြို့အတော်များများတွင် ခရီးသွားများတည်းခိုနိုင်သည့် သင့်တင့်လျောက်ပတ်သော ဟိုတယ်တစ်ခုပင် မရှိသေးပေ။ သို့သော် မယ်စဲ့မြို့တွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၁၆နှစ်ဆန်းပိုင်းကတည်း စတင်၍အရှိန်မြင့်လာသည်။ အဆင့်မြှင့်တင်ထားသည့် လမ်းများ၊ တံတားများ၊ ဆေးရုံများနှင့် အားကစားရုံများလည်း ထွက်ပေါ်လာသည်။

အတိုက်အခံပါတီများကမူ ကယားပြည်နယ်အတွင်း လူဦးရေအနည်းဆုံးဖြစ်သော်လည်း ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၏ မဲဆန္ဒနယ်ဖြစ်သော မယ်စဲ့မြို့နယ်သည် အခြားမြို့နယ်များထက်စာလျှင် ပြည်နယ်အစိုးရဘက်ဂျက်ခွဲတမ်း အများဆုံးရလေ့ရှိသည်ဟု ဆိုကြသည်။ သို့သော် ယင်းအဆိုမှန်ကန်မှုရှိ၊​ မရှိ ဖရွန်းတီးယားမြန်မာက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုသည် တစ်ပတ်တစ်ခါ ၎င်း၏မဲဆန္ဒနယ်မယ်စဲ့မြို့ကို ရောက်လာတတ်ပြီး လူထုနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလေ့ရှိသည်ဟု မယ်စဲ့ဒေသခံများက ပြောသည်။ ထို့ပြင် ဘာသာရေးအဖွဲ့အစည်းများအတွက် လိုအပ်သည့်ငွေကြေးထောက်ပံ့မှုများလည်းပေးအပ်လေ့ရှိပြီး ဘာသာရေးဆိုင်ရာအဆောက်အဦးများ ပြင်ဆင်ရာတွင် တက်ကြွစွာ ပါဝင်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ယခုအခါ သူသည် ဝန်ကြီးချုပ်မဟုတ်တော့သည့်တိုင် နိုဝင်ဘာရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ်ကပင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေသခံများကို မေးမြန်းချက်အရ ဦးအယ်လ်ဖောင်းရှိုသည် ၎င်း၏လုပ်ဆောင်ချက်များကြောင့် လူကြိုက်များနေဆဲဖြစ်ပြီး ပြန်လည်ရွေးကောက်ခံရရန် ရာခိုင်နှုန်းများနေသည်။

“ဝန်ကြီးချုပ်ပဲ မဲထပ်ထည့်မှာ။ ရွာအတွက် သူလုပ်ပေးထားတာ အများကြီး”ဟု မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ဒေသခံ မာတီးတယ်က အခိုင်အမာ ပြောဆိုသည်။

ကန့်ကွက်မှုများရှိနေသည့်ကြားက ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခဲ့ခြင်းကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အင်န်အယ်လ်ဒီပါတီအပေါ် ကယားမဲဆန္ဒရှင်အချို့က မကျေမချမ်းဖြစ်နေဆဲဖြစ်သည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပြည်နယ်လွှတ်တော်အတွင်းက မညီညွတ်မှု

သို့သော် အင်န်အယ်လ်ဒီပါတီသည် ပြည်နယ်အတွင်း အခြားမဲဆန္ဒနယ်များတွင် လွယ်ကူစွာအနိုင်မရနိုင်ပေ။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးတွင် ပြဿနာများပေါ်ပေါက်လာခဲ့ပြီး ပါတီတွင်းစည်းလုံးညီညွတ်မှု ထိခိုက်ခဲ့သည်။ အခြားပြည်နယ်များနည်းတူ ပါတီ၏မြို့နယ်ကော်မတီများက ရွေးချယ်လိုက်သည့် ကိုယ်စားလောင်းအချို့ကို ပြည်နယ်အဆင့်ရွေးချယ်စိစစ်ရေးကော်မတီက ပယ်ချခဲ့ရာ အချင်းချင်းအကြား မကျေနပ်မှုများရှိခဲ့သည်။

ပြည်နယ်နှင့်မြို့နယ်ကော်မတီကြား မပြေလည်မှုများကို ဖြေရှင်းရန် ရန်ကုန်ရှိ ဗဟိုဌာနချုပ်မှ အဖွဲ့ဝင်အချို့ လာရောက်ဖြေရှင်းခဲ့သော်လည်း နောက်ဆုံးတွင်ပြည်နယ်ကော်မတီ၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်သွားခဲ့သည်ဟု ဘောလခဲမြို့နယ်ပါတီဥက္ကဋ္ဌဉီးစိုင်းကြီးက ပြောသည်။

ယင်းပြဿနာများကြောင့်ပင် ပါတီ၏ရှားတောမြို့နယ်ဥက္ကဋ္ဌနှင့် ပြည်နယ်လွတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးလှထွေးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သည်။ မြို့နယ်အလုပ်အမှုဆောင်ကော်မတီနှင့် မြို့မိ၊ မြို့ဖငါးဦးက ပြည်နယ်သို့ တင်ပြခဲ့သည့် ကိုယ်စားလှယ်လောင်းစာရင်း၏ ပထမဦးစားပေးလူစာရင်းတွင် ဦးလှထွေးအမည်ပါဝင်ခဲ့သော်လည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီက အတည်ပြုပြီး၍ထုတ်ပြန်သည့် စာရင်းတွင် ၎င်းပါမလာတော့ပေ။ ဦီးလှထွေးအစား ပါတီက အမျိုးသမီးကိုယ်စားလှယ်လောင်း နော်စေးဂေထူးကို ရွေးချယ်ခဲ့သည်။

“ကျွန်တော်သိသလောက် ဦးလှထွေးကိုယ်တိုင် အခုပါလာတဲ့ ကိုယ်စားလောင်းကို ဦးစားပေးရွေးချယ်ပေးဖို့ ပြည်နယ်မှာအဆိုပြုခဲ့တယ်လို့‌ပြောတယ်။ စာရင်းထွက်တဲ့အထိ သူကပါတီမှာ ဆက်ပြီးတာဝန်ယူပေးမယ်လို့ပဲ ကျွန်တော်တို့သိထားတာ။ အခုတာ့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ်ကြားတယ်။ ကျွန်တော်သိသလောက်ကတော့ ဒီလောက်ပဲ”ဟု ကယားပြည်နယ်၊ အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးက ပြောသည်။ 

ပါတီတွင်းအကွဲအပြဲကို ထင်ရှားစေသည့်ဖြစ်ရပ်သည် စက်တင်ဘာ၁ရက်တွင် သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။ ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရား ငှားရမ်းခများကို ဝန်ကြီးချုပ်က ဘဏ္ဍာရေးစည်းမျဉ်းများနှင့် မညီညွတ်ဘဲသုံးစွဲမှု၊ ပြည်နယ်အစိုးရဘဏ္ဍာငွေကို ပါတီကိစ္စအတွက်သုံးစွဲမှု၊ ကယားပြည်နယ်နေ့ကျင်းပရာမြေနေရာကို အများပြည်သူနှင့် သက်ဆိုင်သည့်မြေအဖြစ်သတ်မှတ်ပေးရန် လွှတ်တော်ကအတည်ပြုထားသည့်အဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို နှစ်ရှည်စာချုပ်များဖြင့် ငှားရမ်းထားသည့်အတွက် စွပ်စွဲပြစ်တင်ဖြုတ်ချရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက လက်မှတ်ရေးထိုးတင်ပြခဲ့သည်။

ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်၂၀ဦးရှိရာ ငါးဦးအရေအတွက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မှုစတင်ရန် လုံလောက်သော ကိုယ်စားလှယ်ဦးရေ လေးပုံတစ်ပုံပမာဏဖြစ်သည်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဩဂုတ်၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ ယင်းကိစ္စကို စတင်စစ်ဆေးစေခဲ့သည်။ ငါးဦးတွင်တစ်ဦးက ၎င်း၏ပါဝင်မှုကို ပြန်လည်ရုတ်သိမ်းခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ပြည်နယ်လွှတ်တော်တွင် စက်တင်ဘာ၁ရက်က ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သည့်အဆိုကို မဲခွဲဆုံးဖြတ်ရာ လွှတ်တော်အမတ်၂၀‌ဦးအနက် ၁၆ ဦးက အဆိုကိုထောက်ခံ၍ ဝန်ကြီးချုပ်သည်တာဝန်ဆက်လက်ထမ်းရွက်ရန် မသင့်လျော်ကြောင်း ဆုံးဖြတ်ခဲ့သည်။ နှစ်ရက်အကြာတွင် ပြည်နယ်လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကို သမ္မတဦးဝင်းမြင့်က တာဝန်ကရပ်စဲခဲ့သည်။

သမ္မတ၏ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးလှထွေးသည် ပါတီက၎င်းကို လာမည့်ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ထပ်မံမရွေးချယ်တော့၍ ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်၍ စွပ်စွဲခဲ့ရာ ပါတီအတွင်း အကွဲအပြဲများက ပြည်သူရှေ့မှောက်သို့ ထင်ရှားစွာထွက်ပေါ်လာသည်။

အင်န်အယ်လ်ဒီပါတီတွင်း အခြေအနေများရှုပ်ထွေးနေချိန်တွင် ၎င်း၏ ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကမူ ၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များအပြင် အခြားနေရာများတွင်လည်း အနိုင်ရရေးကြိုးပမ်းလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီက အဓိကအာရုံစိုက်သည့် ဒေသမှာ ဘောလခဲမြို့နယ်ဖြစ်သည်။ ဘောလခဲမြို့နယ်သည် ပြည်ခိုင်ဖြိုး၏ အမာခံနယ်မြေဖြစ်ပြီး ၂၀၁၅တွင် မြို့နယ်၏ မဲဆန္ဒနယ်ငါးနေရာအနက် လေးနေရာကို အနိုင်ရခဲ့သည်။ ကျန်တစ်နေရာကို ဦးစိုးသိမ်းနှင့် ခွဲယူခဲ့ရသည်။  ဦီးစိုးသိမ်းသည် ၂၀၁၅တွင် ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသူ သူရဉီးရွှေမန်းကြောင့် ပါတီကထွက်၍ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ၎င်းသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ဘောလခဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဘောလခဲတွင် ပါတီ ၁၁ခုက ကိုယ်စားလှယ်လောင်း ၄၅ ဦး ပါဝင်ပြီး၊ အင်န်အယ်လ်ဒီပါတီက လူသိများသော ဒေသခံကိုယ်စားလှယ်လောင်းများကို နေရာချထားခြင်းဖြင့် ပြည်ခိုင်ဖြိုးကို ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။ မဲဆန္ဒရှင် ၈,၀၂၀ သာရှိသည့် ဘောလခဲတွင် ပြည်ခိုင်ဖြိုးသည် တပ်မတော်တပ်ရင်းသုံးရင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့များထံမှ ဆန္ဒမဲများဖြင့် ထပ်မံအောင်ပွဲခံရန် ယုံကြည်ချက် မြင့်မားနေသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ အတိုက်အခံပါတီများသည် ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အင်န်အယ်လ်ဒီပါတီ၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်မှုမရှိကြပေ။

“ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့ပြောပေမဲ့ အင်န်အယ်လ်ဒီကနေရာတော်တော်များများမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ စိုက်နေတာပဲ။ သူတို့ရဲ့လှုပ်ရှားမှုတွေကို တိုင်တန်းတဲ့အခါ ကော်မရှင်က အရေးမယူဝံ့ဘူး”ဟု ပြည်ခိုင်ဖြိုးပါတီ ကယားပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဉီးမော်ရယ်ကပြောသည်။ (မှတ်ချက် – ထိုစဉ်က မဲဆွယ်ကာလမဟုတ်သေးပေ)

“ပါတီချင်း၊ ကိုယ်စားလှယ်ချင်းပြိုင်၊ ကျွန်တော်တို့ မကြောက်ဘူး။ အများကြီး ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ဒိုင်လူကြီးကဒိုင်လူကြီးအလုပ်မလုပ်မှာတော့ စိုးရိမ်တယ်”ဟု ဉီးမော်ရယ်ကပြောသည်။

မြို့တော်လွိုင်ကော်တွင် အခြေစိုက်သည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ စိုးရိမ်မှုမှာ ရွှေ့ပြောင်းအလုပ်သမားများ၏ မဲပေးခြင်းကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် အကျိုးသက်ရောက်နိုင်သည့် အခြေအနေများဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့်‌ ရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒနယ်ပြင်ပရောက်နေသူများသည် မိမိလက်ရှိနေထိုင်သည့် မြို့နယ်တွင် အနည်းဆုံးရက်ပေါင်း၉၀(သုံးလ) နှင့်အထက် နေထိုင်သူဖြစ်ပါက ထိုမြို့နယ်တွင် မဲပေးနိုင်ပြီဖြစ်သည်။ ယခင်ရွေးကောက်ပွဲများတွင် ရက်ပေါင်း၁၈၀နေထိုင်ပြီးသူမှသာ မဲပေးခွင့်ရခဲ့သော်လည်း အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ရက်ပေါင်း၉၀သို့ ကော်မရှင်က ပြင်ဆင်လျှော့ချခဲ့ရာ ကျန်တိုင်းရင်းသားပါတီများအဖို့ စိုးရိမ်စရာဖြစ်လာသည်။

တိုင်းရင်းသားပါတီများက ထိုအချက်ကို ကန့်ကွက်ခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်အများစုရှိသော ပြည်ထောင်စုအဆင့်လွှတ်တော်များက ဥပဒေပြင်ဆင်ချက်ကို အတည်ပြုခဲ့သည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဒေါ်မာရီထွန်းက အင်န်အယ်လ်ဒီပါတီသည် ကယားပြည်နယ်တွင် ရက်ပေါင်း ၉၀ နှင့် မဲပေးနိုင်ရန် အစိုးရစီမံကိန်းများက တစ်ဆင့် ရွေ့ပြောင်းလုပ်သားများ ခေါ်သွင်းကာ ပါတီအတွက် မဲထည့်နိုင်ရန်စီစဉ်နေသည်ဟု သံသယရှိနေသည်။

“ရှားတောသွားတဲ့လမ်းမှာဆို မိုးရာသီမှာ လမ်းတွေပြင်နေတယ်ဆိုတာက ထင်ရှားတယ်။ ဒါကအဓိပ္ပာယ်မရှိဘူး။ မိုးရွာရင် အကုန်ပျက်စီးကုန်မှာပဲ။ သူတို့ကတော့ အခုမှဘက်ဂျက်ကျလို့ လုပ်တယ်လို့အကြောင်းပြချက်ပေးတယ်”ဟု ဒေါ်မာရီထွန်းကပြောသည်။

သြဂုတ်၁၄ရက် လွိုင်ကော်မှရှားတောသို့ သွားရောက်ခဲ့သည့် လမ်းခရီးတစ်လျှောက်တွင် လမ်းဖောက်၊ လမ်းပြင်နေသည့် စီမံကိန်းအချို့ကို မြင်တွေ့ရခဲ့ပြီး ဖရွန်းတီးယားမြန်မာ၏ စုံစမ်းမှုအရ အဆိုပါစီမံကိန်းတွင် လာရောက်လုပ်ကိုင်နေသူများမှာ ပဲခူးတိုင်းဒေသကြီးမှ ဖြစ်ကြသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဉီးကျော်ဆန်းဝင်းကမူ ရွှေ့ပြောင်းအလုပ်သမားများကို ပထမအကြိမ်မဲစာရင်းကြေညာခဲ့ချိန်တွင် ကောက်ယူခြင်းမရှိကြောင်းပြောသည်။

“နေပြည်တော်က ညွှန်ကြားချက်လာမှ လက်ခံဖို့ ကျွန်တော်တို့ကို ပြောထားတယ်”ဟု ၎င်းက ပြောသည်။ မဲစာရင်းများ ဒုတိယအကြိမ်ထုတ်ပြန်ချိန်တွင် ရွှေ့ပြောင်းနေထိုင်သူများ၏ အမည်များကို ထည့်သွင်းသွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကယားပြည်နယ်၏ ၂၀၁၅ရွေးကောက်ပွဲအခင်းအကျင်းသည် ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီပါတီတို့သာ အောင်ပွဲခံခဲ့သည့်တိုင် လာမည့်နိုဝင်ဘာရွေးကောက်ပွဲသည် ပါတီကြီးနှစ်ခုတည်း ယှဉ်ပြိုင်သည့် ကစားပွဲမဟုတ်တော့ပေ။

“၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးနဲ့ အင်န်အယ်လ်ဒီ နှစ်ပါတီကိုပဲ မဲထည့်ခဲ့ကြတာ။ တစ်ခြားပါတီနဲ့ မဲခွဲယူခဲ့ရတာမျိုးမရှိဘူး။ ဒီတစ်ကြိမ်မှာတော့ ကယားဒီမိုကရက်တစ်ပါတီနဲ့ ကျွန်တော်တို့ ခွဲယူရဖို့ သေချာတယ်”ဟု ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဉီးမော်ရယ်က ပြောသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar