မြန်မာနိုင်ငံတွင် စတုတ္ထမြောက်အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံများကို ပိုမိုရရှိလာစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲကို ဟောင်ကောင်တွင် အောက်တိုဘာ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပသည့် ထိုဆွေးနွေးပွဲသို့ ဟောင်ကောင်၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းဝန် Mr. Edward Yau နှင့် ဟောင်ကောင် အစိုးရအဖွဲ့ဝင် အရာရှိများ၊ ဥပဒေပြု ကောင်စီ အဖွဲ့ဝင်များ၊ ဟောင်ကောင် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီနှင့် ဟောင်ကောင် ထုတ်ကုန်တိုးတက်ရေး ကောင်စီ၊ ဟောင်ကောင်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ၁၃၀ ကျော်နှင့် ဟောင်ကောင်နိုင်ငံအခြေစိုက် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
“မြန်မာနဲ့ ဟောင်ကောင်တို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အခုပွဲကို တက်ရောက်ကြသူတွေ အနေနဲ့ မြန်မာနိုင်ငံအကြောင်းကို သေချာ နားလည်သွားမယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေအနေဖြင့် မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကိုလည်း စိတ်ဝင်စား စောင့်ကြည့်နေကြတယ်လို့လည်း ထင်မြင်မိပါတယ်” ဟု ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ပေးအပ်သွားရန် အားစိုက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံပြီးလျှင် ဟောင်ကောင်သည် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။
“ဟောင်ကောင်က အစိုးရ အကြီးတန်းအရာရှိများ၊ ကိုယ်စားလှယ်များနဲ့ စီးပွားရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိတဲ့အတွက် ကျေနပ်အားရမိပါတယ်” ဟုလည်း ဦးသောင်းထွန်းက ပြောသည်။
ထိုဆွေးနွေးပွဲသို့ ဦးသောင်းထွန်းဦးဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ DICA ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဒါရိုက်တာ ဦးမျိုးသူ၊ DICA မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ UMFCCI ၏ ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်ခဲ့ကြသည်။
ဟောင်ကောင်သည် ကမ္ဘာပေါ်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဗဟို အချက်အခြာတစ်ခုဖြစ်ပြီး ကုန်သွယ်ရေးဌာန တစ်ခုလည်း ဖြစ်ကာ အာရှဒေသအတွက် ဥပဒေရေးရာနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် နေရာ တစ်ခုဖြစ်သည်။ ထို့ကြောင့် ဟောင်ကောင်သည် မြန်မာ အပါအဝင် အာဆီယံဒေသအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ရေစီးကြောင်းကို ပိုမိုကောင်းမွန်လာစေရန် အဓိကကျသည့် နေရာမှ ပါဝင်လာမည် ဖြစ်သည်။