ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်ကို သြဂုတ် ၃၁ ရက်နေ့မှ စတင်ကာ နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဟု VietJet က ကြေညာခဲ့သည်။
ရန်ကုန်-ဟနွိုင်းခရီးစဉ်သည် ပျံသန်းချိန် ၁ နာရီ ၅၅ မိနစ် ကြာမြင့်မည်ဖြစ်ကာ ဟနွိုင်းမှ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ထွက်ခွာလာပြီ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ရန်ကုန်မြို့မှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာပြီး ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် ၄ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါလေကြောင်းလိုင်းက ရန်ကုန်-ဟိုချီမင်း နေ့စဉ်ပုံမှန်ခရီးစဉ်ကို ပြီးခဲ့သည်နှစ် သြဂုတ်လက စတင်ပြေးဆွဲခဲ့ပြီးနောက် ယခုခရီးစဉ်သည် VietJet ၏ မြန်မာနိုင်ငံသို့ ဒုတိယမြောက်ခရီးစဉ် ဖြစ်သည်။
“ယဉ်ကျေးမှုအခြေခံတူညီခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာမှုရှိသော နေရာသစ်များ ဖြစ်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယခုကဲ့သို့ ပြေးဆွဲမှုကြောင့် နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာခရီးသည်များ၏ ခရီးသွားမည့် အစီအစဉ်အတွက် ရွေးချယ်စရာများ ပိုမိုရရှိလာစေမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ရန်ကုန်နှင့် ဟနွိုင်းမြို့အကြား တိုက်ရိုက်ခရီးစဉ်ကို ဗီယက်နမ်လေကြောင်းကလည်း နေ့စဉ် ပုံမှန်ပြေးဆွဲလျက်ရှိသည်။