သွေးကစကားပြောခြင်း၊ (ဝါ) လီဆူတို့အသတ်ခံရမှု ကချင်၌ဆန္ဒပြ

လီဆူအရပ်သားများကို ကေအိုင်အေက သတ်ဖြတ်သဖြင့် လီဆူတို့ ကန့်ကွက်ဆန္ဒပြကြခြင်းက ပြည်တွင်းစစ်၏လောင်းရိပ်အောက်တွင် ကချင်ပြည်နယ်မှ တိုင်းရင်းသားလူမျိုးစုများအကြား ဆက်ဆံရေးအခြေအနေကို ထင်ဟပ်နေသည်။

သမ္မာကျမ်းစာသင် ကောလိပ်ကျောင်းမှ အသက် ၂၂ အရွယ် ကျောင်းသား ဒင်နီယဲလ်သည် ဇွန်လ ၃ ရက် အဖြစ်အပျက်မတိုင်မီက နိုင်ငံရေးတွင် ယခုလောက်စိတ်ဝင်စားသူတစ်ယောက် မဟုတ်ခဲ့ချေ။ ထိုနေ့ကတော့ မိဘများ၏ အားပေးတိုက်တွန်းမှုကြောင့် ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားတွင်ပြုလုပ်သော ဆန္ဒပြပွဲ၌ သူ ပါဝင်ဆင်နွှဲခဲ့သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေက လီဆူတိုင်းရင်းသားများအား မတရားနှိပ်စက်ခြင်း၊ သတ်ဖြတ်နေခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်သော လီဆူတိုင်းရင်းသားတို့၏ ဆန္ဒပြကန့်ကွက်ပွဲကြီးဖြစ်လေသည်။ နောက်တစ်နာရီလောက်အကြာတွင် ဒင်နီယဲလ်ကို အော်လံကြီးကိုင်လျက် ကေအိုင်အေ ဆန့်ကျင်ရေးကြွေးကြော်သံများ ဦးဆောင်အော်ဟစ်နေသည်ကို တွေ့မြင်ရသည်။

“ကေအိုင်အေ၊ ကေအိုင်အိုသောင်းကျန်းသူတွေ ကျဆုံးပါစေ”

“လီဆူအမျိုးသားညီညွတ်ရေး ဒို့အရေး၊ ဒို့အရေး”

လီဆူတိုင်းရင်းသား ၃၀၀ ခန့်ပါဝင်သော ဆန္ဒပြလူအုပ်ကြီးသည် မြစ်ကြီးနားမြို့ ကချင်လူမျိုးအများစု နေထိုင်ရာ ရှာတာပရူ Shatapru နှင့် တပ်ကုန်းရပ်ကွက်များတလျှောက် ချီတက်သွားပြီး ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံး KIO Technical Advisory Team Office ကိုဖြတ်ပြီး ချီတက်ခဲ့ကြသည်ဟု ဆန္ဒပြပွဲစီစဉ်သူများက ပြောပြကြသည်။ ထိုဆန္ဒပြပွဲကို မြန်မာလို “ဒူးလေး” ပါတီဟုလူသိများသော လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ LNDP က စီစဉ်ခဲ့ခြင်းဖြစ်သည်။ တိဘက်တိုဘားမင်း Tibeto-Burman ဘာသာစကားပြောသော လီဆူတိုင်းရင်းသားတို့သည် ကချင်ပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်း တောင်ထူထပ်ရာဒေသတွင် အများအပြားနေထိုင်ကြပြီး နယ်စပ်ကို ဖြတ်ကျော်၍ တရုတ်ပြည်တွင်လည်း တရားဝင်အသိအမှတ်ပြု လူမျိုးစုများဖြစ်သည်။

အချို့လီဆူတွေကတော့ ဂျိန်းဖောအပါအဝင် ကချင်မျိုးနွယ်စုကြီးတွင် အပါအဝင်ဖြစ်သည်ဟု ယူဆကြသော်လည်း အချို့ကတော့ သီးခြားမျိုးနွယ်စုဟု ယူဆထားကြသည်။ ထိုမျိုးနွယ်စုတွင် ဂျိန်းဖောတို့သည် ဘာသာစကားအရပါ အများစုဖြစ်သည်။ ၂၀၁၄ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကောက်ယူရရှိထားသော တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက်ပမာဏကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးချေ။

တနင်္ဂနွေဘုရားကျောင်း ဝတ်ပြုဆုတောင်းပွဲ၌ ဆန္ဒပြပွဲလုပ်မည့်အကြောင်း ကြေညာတော့မှ ဒင်နီယဲလ် ထိုကိစ္စကို သိရခြင်းဖြစ်သည်။ အစတွင်တော့ လီဆူးလူကြီးတွေက ဆန္ဒပြပွဲတွင်မပါဖို့ အကြံပေးခဲ့ကြသည်။ ကချင်နှင့်လီဆူသည် ညီအစ်ကိုတွေလိုပဲမို့ ထိုသို့ဆန္ဒပြခြင်းသည် ကချင်လူမျိုးစုညီညွတ်ရေးအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆကြသည်။

“ကျွန်တော် ဆန္ဒပြပွဲကို မသွားခင်က လူတွေချဲ့ကားပြောနေကြတာပါလို့ ထင်ခဲ့တယ်၊ ဆန္ဒပြပွဲမှာပြောကြတဲ့ မိန့်ခွန်းတွေကို နားထောင်လိုက်ရတော့မှ လီဆူတွေဟာ အကြိမ်ကြိမ် အနိုင်ကျင့်ခံနေခဲ့ရတာတွေကို သဘောပေါက်လာပြီး လူငယ်တစ်ယောက်အနေနဲ့ တစ်ခုခုလုပ်သင့်တယ်လို့ မြင်လာတယ်” ဟု ဒင်နီယဲလ်က Frontier ကို ပြောပြပါသည်။

တခဏအတွင်းမှာပင် ဒင်နီယဲလ်သည် အော်လံကိုင်ကာ ကြွေးကြော်သံများကို တိုင်ပေးနေလေတော့သည်။ “ကျွန်တော်အဲ့ဒီရောက်သွားတော့ လူကြီးတွေကမေးတယ်၊ မင်းစာဖတ်တတ်လားတဲ့ ကျွန်တော်က ဖတ်နိုင်ကြောင်းပြောတော့ ကျွန်တော့်ကို အော်လံကြီးထိုးပေးတော့တာပဲ။ ကြွေးကြော်သံတွေ အော်နေရင်း သွေးကစကားပြောလာတယ်၊ ကျွန်တော်စိတ်တွေ လှုပ်ရှားလာတယ်၊ အော်ရင်း အော်ရင်းနဲ့ စိတ်ဓာတ်တွေ တက်ကြွလာတယ်”

သမ္မာကျမ်းစာသင်ကောလိပ်ကျောင်းမှ ၂၂ နှစ်အရွယ် ကျောင်းသားဒင်နီယဲလ်ကို ဇွန်လ ၃ ရက်က မြစ်ကြီးနား၌ ဆန္ဒပြနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - အမ်မီလီဖစ်ရှ်ဘိန်း

သမ္မာကျမ်းစာသင်ကောလိပ်ကျောင်းမှ ၂၂ နှစ်အရွယ် ကျောင်းသားဒင်နီယဲလ်ကို ဇွန်လ ၃ ရက်က မြစ်ကြီးနား၌ ဆန္ဒပြနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ – အမ်မီလီဖစ်ရှ်ဘိန်း

သေဆုံးမှု၊ ကြားဝင်ဖြန်ဖြေမှု၊ နစ်နာကြေးပေးမှု

ယခုကဲ့သို့ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းမှာ မတ်လအတွင်းက ဖားကန့်မြို့နယ်အတွင်း လီဆူအရပ်သား သုံးဦး သေဆုံးသွားခဲ့ရခြင်းကြောင့်ဖြစ်သည်။ မြစ်ကြီးနားမြို့ရှိ နည်းပညာအကြံပေးအဖွဲ့ရုံးမှတဆင့် ကေအိုင်အိုအဖွဲ့နှင့် ဆက်သွယ်ရန် Frontier က ကြိုးစားခဲ့ရာ လီဆူများ သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ပြောကြားမည့်သူ တစ်ယောက်မှ မရှိခဲ့ချေ။

သေဆုံးသူ လီဆူလုပ်သားများ၏ မိသားစုများနှင့် ကေအိုင်အိုအဖွဲ့အကြား ဆက်သွယ်ညှိနှိုင်းပေးသော ‘လမိုင်းဂွမ်ဂျာ’ Lamai Gum Jar ဆိုသူထံမှ ဖြစ်ပျက်ပုံအသေးစိတ်များကို Frontier က ကြားသိခဲ့ရသည်။ ‘လမိုင်းဂွမ်ဂျာ’ သည် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖန်တီးရေးအဖွဲ့”၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကချင်စီးပွားရေးသမားများဖြင့် ဖွဲ့စည်းထားသော ထိုအဖွဲ့သည် တပ်မတော်နှင့် ကေအိုင်အိုတို့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားမှု အဆုံးသတ်သွားပြီး ၂၀၁၁ ခုတွင် တိုက်ခိုက်ပစ်ခတ်မှုများ ပြန်လည်စတင်လာချိန်မှစ၍ တပ်မတော်နှင့် ကေအိုင်အိုအကြား စေ့စပ်ပေးနေသော အဖွဲ့ဖြစ်သည်။

လမိုင်းဂွမ်ဂျာ၏ ပြောကြားချက်များသည် LNDP ၏ ဧပြီ ၈ နှင့် ၂၉ ရက် ထုတ်ပြန်ချက်များနှင့်လည်းကောင်း၊ LNDP အထွေထွေအတွင်းရေးမှူး ဦးလေးမေသာနှင့် ဇွန် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ပြောဆိုချက်များနှင့်လည်းကောင်း ကိုက်ညီမှုရှိပါသည်။ မတ်လ ၁၁ ရက်တွင် လီဆူ လေးဦးကို ကေအိုင်အေစစ်သားများက ဖမ်းဆီးပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကေအိုင်အေတို့၏ မာဂျီဘွမ်စခန်း Maji Bum Camp သို့ ခေါ်ဆောင်သွားသည်ဟူသောအချက်မှာ သူတို့၏ပြောစကားနှင့် ကိုက်ညီပါသည်။

လမိုင်းဂွမ်ဂျာ၏ပြောစကားအရ လီဆူအမျိုးသား လေးဦးသည် အမဲလိုက်ပစ္စည်းများကို ယူဆောင်၍ ကေအိုင်အေကန့်သတ်နယ်မြေထဲ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့ထဲက တစ်ယောက်ကို ယခင်တစ်ကြိမ်ကပင် ဤနယ်မြေထဲသို့ ဝင်မလာရန် သတိပေးဖူးသည်။ LNDP ၏ ဖော်ပြချက်အရ လီဆူ လေးဦးသည် တောထဲမှ သစ်ဥ သစ်ဖုနှင့် ဆေးဖက်ဝင်အပင်များ ရှာဖွေစုဆောင်းပြီးနောက် သူတို့ရွာသို့ ပြန်လာစဉ် အဖမ်းခံကြရခြင်းဖြစ်သည်ဟုဆိုပါသည်။

သူတို့ပြောဆိုချက်များတွင် အချက် တစ်ချက်မှာ ကိုက်ညီနေသည်။ ထိုအချက်မှာ အဖမ်းခံရသူတွေထဲမှ တစ်ဦးမှာ လွတ်မြောက်ထွက်ပြေးလာပြီး ဘန်ကောက်ရွာသို့ ရောက်ရှိလာသည်။ ဝါရာဇတ်ကျေးရွာအုပ်စုဝင် ဘန်ကောက်ရွာမှ သူ့ကို မြစ်ကြီးနား စစ်ဆေးရုံသို့ ခေါ်ဆောင်သွားသည်။ LNDP က သူ့ကို စစ်ဆေးရုံတက်နိုင်အောင် စီစဉ်ပေးခြင်းဖြစ်သည်။ ယခင်ကလည်း မိုင်းနင်းမိသူတွေ၊ နှစ်ဖက်တိုက်ပွဲအတွင်း ကြားမှဒဏ်ရာရသူ အရပ်သားတွေကို LNDP က ဤစစ်ဆေးရုံသို့ ပို့ဆောင်ပေးလေ့ရှိသည်ဟု ‘လေးမေသာ’ က Frontier ကိုပြောပြသည်။

ကျန်ရစ်ခဲ့သော အဖမ်းခံ သုံးဦးမှာမူ မတ်လ ၁၇ ရက်ခန့်တွင် အသက်ရှင်လျက်မရှိကြတော့ ဆိုသည့်အချက်ကို ဤရင်းမြစ်အားလုံးက သဘောတူကြသည်။

ဇွန်လ ၃ ရက်က ပြုလုပ်သော ဆန္ဒပြပွဲတွင် LNDP ဥက္ကဋ္ဌ ဦးရွှေမင်းက မီဒီယာများကို ၂၀၁၆ မှစ၍ ကေအိုင်အေတို့လက်ချက်ဖြင့် အသက်ဆုံးရသူ လီဆူးအရေအတွက်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူများ၊ ယခုသေဆုံးရသူ သုံးဦး အပါအဝင်ဆိုလျှင် ၂၀ ကျော်ရှိသွားပြီဟု ဦးရွှေမင်းကပြောသည်။

ဆန္ဒပြပွဲတွင် အချက် လေးချက်ကိုတောင်းဆိုခဲ့ကြရာ အားလုံးမှာ ကေအိုင်အိုအဖွဲ့ကိုသာ ဦးတည်နေသည်။ တစ်အချက် လီဆူအရပ်သားများ သေဆုံးရမှုတွင် မိမိတို့မှာသာ တာဝန်ရှိပါသည်ဟု ကေအိုင်အိုက တရားဝင်ထုတ်ပြန်ကြေညာပေးရမည်။ နှစ်အချက် လီဆူအရပ်သားများအား သတ်ဖြတ်နေခြင်းကို ရပ်တန့်ပါမည်ဟု ကေအိုင်အိုခေါင်းဆောင်များက အာမခံရမည်။ သုံးအချက် လီဆူအရပ်သားများအား အဓမ္မစစ်မှုထမ်းခိုင်းခြင်းကို အဆုံးသတ်ပါမည်ဟု ကတိပေးရမည်။ လေးအချက် အသတ်ခံရသူများ၏ မိသားစုများကို နစ်နာကြေးပေးပြီး သေဆုံးသူများအား ထုံးတမ်းစဉ်လာအတိုင်း သြင်္ဂိုဟ်ပေးရမည်ဟု ပါရှိပါသည်။

ဆန္ဒပြပွဲရုပ်ပုံများကို လူမှုမီဒီယာ ဖေ့ဘွတ်ပေါ်တွင် ပျံ့နှံ့နေအောင် တင်ထားသည်။ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တစ်ခုတွင် တပ်မတော်အား ကေအိုင်အေ/ ကေအိုင်အိုတို့ကို အမြစ်ပြတ်ချေမှုန်းပေးရန် တောင်းဆိုထားသည်။ ဤဆန္ဒပြပွဲကြောင့် တိုင်းရင်းသားလူမျိုးစု နှစ်ခုအကြား တင်းမာမှုဖြစ်လာမည်ကို စိုးရိမ်ခြင်းနှင့်အတူ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ခိုက်မှုများ အဆုံးသတ်ရန် ကြိုးပမ်းမှုများကို ယခုဆန္ဒပြပွဲက အဟန့်အတားဖြစ်မည်ကိုလည်း စိုးရိမ်မှုများဖြစ်ပေါ်နေသည်။

ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားလာပြီးနောက် နှစ်ဖက်စလုံးက သစ်တောနယ်မြေများကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ကြေညာခဲ့ကြသည်။ လီဆူများအဖို့ ဤသစ်တောများသည် သူတို့ အမဲလိုက်ရာ၊ အစာရှာရာနေရာများဖြစ်သည်။ အရပ်သားများက အမဲလိုက်ဟန်ဆောင်ပြီး သတင်းထောက်လှမ်းမည် စိုးသောကြောင့် ကေအိုင်အေက အရပ်သားလူထုမလာရ ကန့်သတ်နယ်မြေများ သတ်မှတ်ထားကြောင်း လမိုင်းဂွမ်ဂျာက ပြောသည်။

ကေအိုင်အေနှင့် တပ်မတော် နှစ်ဖက်စလုံးက အရပ်သားများမသွားရ ကန့်သတ်နယ်မြေများ သတ်မှတ်ထားကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်မြေသုတေသနဗဟိုဌာန ညွှန်ကြားရေးမှူး ဒန်ဆိုင်းလောန် Dan Seng Lawn က Frontier ကို ပြောပြသည်။ “သူတို့က မိုင်းတွေလည်း မြှုပ်ထားတယ်၊ တွေ့တဲ့နေရာ ပစ်ခွင့်အမိန့်လည်း ပေးထားတယ်” အပစ်ခံရလို့ အရပ်သား သေဆုံးရမှုတွေကို ပြောပြရင်း “ဒါမျိုးတွေက ဖြစ်နေမှာပဲ၊ လီဆူတွေအဖို့ ဒီတောထဲမှာပဲ အမဲလိုက်တယ်၊ စားစရာနဲ့ ဆေးဖက်ဝင်သစ်ပင်၊ သစ်ဖုတွေ ရှာကြတာကိုး” ဟုဆိုသည်။

ဧပြီ ၂၉ ရက်တွင် LNDP က မြစ်ကြီးနားတွင် သတင်းစာကွန်ဖရင့်ကျင်းပပြီး ၎င်းတို့၏ တောင်းဆိုချက် လေးခုကို ကြေညာပါသည်။ ထိုတောင်းဆိုချက်များမရလျှင် ဆန္ဒပြပွဲပြုလုပ်ရန်လည်း ပြောကြားထားသည်။

သေဆုံးသူများနှင့် ကျန်ရစ်သူများ၏ မိသားစုများက မြန်မာလီဆူ ယဉ်ကျေးမှုနှင့် စာပေအသင်းထံ စာရေးပြီး ကေအိုင်အိုနှင့် ကြားဝင်ဆက်သွယ်ပေးရန် တောင်းဆိုခဲ့သည်ဟု လမိုင်းဂွမ်ဂျာက ပြောသည်။ ဤအသင်းကို ရွေးချယ်ရသည်မှာ ယင်းမှာ LNDP လို မဟုတ်ဘဲ နိုင်ငံရေးနှင့်မဆိုင်သော စာပေယဉ်ကျေးမှုအသင်း ဖြစ်သောကြောင့်ဟုပြောသည်။

လီဆူစာပေယဉ်ကျေးမှုအသင်းသည် မေတ္တာရပ်ခံချက်ကို ရရှိပြီးနောက် ငြိမ်းချမ်းရေးဖန်တီးမှုအဖွဲ့ PCG နှင့် မေ ၁၉ ရက်၌ဆက်သွယ်ပြီး ကြားဝင်ဆောင်ရွက်သည်။ မေ ၂၁ ရက်တွင် ကေအိုင်အိုသည် မိသားစုများအား ငွေကြေးအထောက်အပံ့ နစ်နာကြေးပေးသည်။ လူသားချင်းစာနာသော လှူဒါန်းမှုဟုသာပြောပြီး လျော်ကြေးဟု မသုံးစွဲချေ။ ထိုအလှူငွေကိုလက်ခံကြောင်း မိသားစုများက လက်မှတ်ရေးထိုးပြီး ဖေ့ဘွတ်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေး Share လုပ်ပေးသည်။ သေဆုံးသူ တစ်ဦးစီ၏ ကျန်ရစ်သူမိသားစုအတွက် ကျပ် ၁၅ သန်းစီနှင့် အသက်မသေ ကျန်ရစ်သူ၏ မိသားစုအတွက် ၄ သန်းထောက်ပံ့လှူဒါန်းခဲ့သည်။

ဇွန် ၃ ရက် ဆန္ဒပြပွဲတွင် မီဒီယာများကို ဦးရွှေမင်းက ငွေကြေးပေးကမ်းခြင်းသည် LNDP ၏ တောင်းဆိုချက်များအနက် တစ်ခုကိုသာ ဖြည့်ဆည်းပေးသေးကြောင်း “ဒီလိုကြားဝင်ဆောင်ရွက်ပေးတာ၊ အငြင်းပွားမှု ဖြေရှင်းပေးတာတွေကို ကျွန်တော်တို့ ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ ပြဿနာရဲ့ တစိတ်တပိုင်း ဖြေရှင်းပေးတယ်လို့ ယူဆပါတယ်။ ကျန်တဲ့တောင်းဆိုချက်တွေကို ကေအိုင်အိုက ဖြေရှင်းမပေးရင်တော့ ကျွန်တော်တို့က လိုအပ်သလို အရေးယူလုပ်ဆောင်ရမှာပဲ” ဟု ပြောသည်။

ဤဆန္ဒပြပွဲသည် မကြာမီက ဖားကန့်မြို့နယ်ထဲမှ အဖြစ်အပျက်တစ်ခုတည်းအတွက်မဟုတ်ကြောင်း၊ ကေအိုင်အေ၏ သတ်ဖြတ်ညှင်းဆဲမှုခံရသော လီဆူအားလုံးအတွက် ကိုယ်စားပြုကြောင်း ဦးရွှေမင်းက ပြောသည်။ ဝိုင်းမော်မြို့နယ် Sadung တွင် ၂၀၁၆ ခု က လီဆူ လေးဦး သေဆုံးခဲ့ရသဖြင့် LNDP က မြစ်ကြီးနားတွင် ၂၀၁၇ ခု မေလအတွင်းက ဆန္ဒပြခဲ့သည်။ ၂၀၁၇ ဧပြီတွင် ဝိုင်းမော်၌ နောက်တစ်ယောက် အသတ်ခံခဲ့ရပြန်သည်။ အားလုံးမှာ ကေအိုင်အေလက်ချက်ချည်းဖြစ်သည်ဟုဆိုသည်။ ရှမ်းနီအဖွဲ့ကလည်း ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရှမ်းနီတွေမှာလည်း လီဆူများနည်းတူ ကေအိုင်အေတို့၏ အနိုင်ကျင့်ခံများဖြစ်သဖြင့် ဇွန် ၃ ရက် ဆန္ဒပြပွဲတွင်ပါဝင်ရန် ဖိတ်ကြားခံခဲ့ရသည်ဟု ဦးရွှေမင်းက ပြောပြသည်။

ဇွန်လ ၃ ရက်က မြစ်ကြီးနား၌ ကေအိုင်အေ/ ကေအိုင်အိုတို့ကို ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ဖိုးရှိန်း

ဇွန်လ ၃ ရက်က မြစ်ကြီးနား၌ ကေအိုင်အေ/ ကေအိုင်အိုတို့ကို ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – ဖိုးရှိန်း

အပြုသဘောဆက်ဆံရေး

LNDP ပါတီသည် မည်သည့်အုပ်စု၊ ပါတီအဖွဲ့အစည်းနှင့်မျှ တရားဝင် မဟာမိတ်ပြုလုပ်ထားခြင်း မရှိသော်လည်း တရားမဝင်အလွတ်သဘော အဆက်အသွယ်များမူရှိသည်ဟု အထွေထွေအတွင်းရေးမှူးဖြစ်သူ လေးမေးသာ Lay May Thar က Frontier ကိုပြောသည်။ ဦးရွှေမင်းသည် LNDP တွင် မပါဝင်မီက တပ်မတော်၏မဟာမိတ် ဆခုန်တိမ်ယိမ်း Zahkung Ting Ying ဦးဆောင်သော ဒီမိုကရေစီသစ်တပ် – ကချင် New Democratic Army – Kachin တွင် ပါဝင်အမှုထမ်းဖူးသည်။ NDA-K သည် ပြည်နယ်ကိုကိုယ်စားမပြုသော အဖွဲ့ဖြစ်ပြီး ၂၀၀၉ တွင် နယ်ခြားစောင့်တပ်အဖြစ် တပ်မတော်လက်အောက်ခံ တရားဝင်ဖွဲ့စည်းထားသော တပ်ဖြစ်သည်။ LNDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိသည်ဟု လေးမေးသာက ဝန်ခံပါသည်။ USDP သည် တပ်မတော်ကျောထောက်နောက်ခံဖြင့် ၂၀၁၀ တွင် ရွေးကောက်ခံအစိုးရဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီကို အပြတ်အသတ်ရှုံးကာ နေရာဖယ်ပေးခဲ့ရသောပါတီဖြစ်သည်။

LNDP သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိကြောင်း လေးမေသာက အတည်ပြုခဲ့သည်။ “တရားဝင်မဟာမိတ်တော့ မဖွဲ့ရသေးပါဘူး။ ဒါပေမဲ့ USDP နဲ့ ကျွန်တော်တို့မှာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးတော့ရှိပါတယ်” ဟု လေးမေသာက Frontier ကိုပြောသည်။

“USDP က တချို့လုပ်ငန်းတွေမှာ ကျွန်တော်တို့နဲ့ ပူးတွဲဆောင်ရွက်နိုင်တဲ့ပါတီ တစ်ခုဖြစ်ပါတယ်” ဟုလည်း၎င်းကပြောသည်။

ယင်းကဲ့သို့ ဆက်ဆံရေးမျိုးရှိကြောင်းကို ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ဆော့လော်မြို့နယ်မှ အရွေးခံရသော LNDP မှ ဦးလာမာလေးကလည်း Frontier ကိုပြောပြသည်။ ၎င်းသည် ၂၀၁၃ ခုနှစ်က ပါတီတည်ထောင်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၎င်း၏အမြင်ရှုထောင့်များမှာ ပါတီထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် ကွဲလွဲသဖြင့် အထွေထွေအတွင်းရေးမှူးရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံရသည်ဟု ၎င်းက Frontier ကိုပြောကြားသည်။ ၂၀၁၃ မတိုင်မီ USDP ပြည်နယ်ရုံး အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးလာမာလေးသည် ၎င်းနုတ်ထွက်ချိန်တွင် ပါတီတည်ထောင်သူ ၁၇ ဦးအနက် နောက်ဆုံးတစ်ဦးဖြစ်သည်။

၂၀၁၆ ခုနှစ်ကစ၍ LNDP နှင့် USDP ကြား ရင်းနှီးသည့်ဆက်ဆံရေးမှာ မြင့်မားလာသည်ဟု ၎င်းကပြောသည်။ ထိုစဉ်ကတည်းက USDP ၏ ကျေညာချက်တိုင်းလိုလိုတွင် ဦးရွှေမင်း၊ သို့မဟုတ် ပါတီဒု-ဥက္ကဋ္ဌ၏လက်မှတ် ပါသည်ဟု ဦးလာမာလေးက ပြောသည်။

ဇွန်လ ၃ ရက်က မြစ်ကြီးနားဆန္ဒပြပွဲ၌ လီဆူးအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖိုးရှိန်း

ဇွန်လ ၃ ရက်က မြစ်ကြီးနားဆန္ဒပြပွဲ၌ လီဆူးအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – ဖိုးရှိန်း

အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်လို့မရ

လီဆူဆန္ဒပြပွဲ၊ သို့မဟုတ် ထို့ထက်အရင်ဖြစ်နိုင်သည့် သွေးကွဲမှုဖြစ်စဉ်ကို အခြေခံဖြစ်ပေါ်လာသည့် ကျယ်ပြန့်သော လူမှုရေးတင်းမာမှုများနှင့်ပတ်သက်ကာ မီဒီယာသို့ သုံးသပ်ပြောကြားလိုသူ တစ်ဦးကိုမျှ Frontier က မတွေ့ရှိခဲ့ပေ။ ယင်းကိစ္စမှာ အကဲဆတ်လွန်းသဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်မဖြစ်နိုင်ဟု အချို့က Frontier ကို ပြောသည်။ ဒန်ဆိုင်းလောန်က “လောလောဆယ် ဒီပြဿနာကို ဖြေရှင်းတာ မှန်ကန်တဲ့နည်းလမ်းလို့တော့ ကျွန်တော်မထင်ဘူး” ဟု ပြောသည်။

“ကျွန်တော်တို့ လီဆူတွေကို ကေအိုင်အေက သတ်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော်သိပါတယ်” ဟု လေးမေသာက ပြောသည်။ လီဆူးနှင့် ဂျိန်းဖောတို့ကြား ဆက်ဆံရေးသမိုင်းကြောင်းနှင့်ပတ်သက်၍ သိပ်မသိသော်လည်း တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နှင့် ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်ပြီး သွေးကွဲမည်ကို အမှန်တကယ် စိုးရိမ်ကြောင်း ဒင်နီယဲလ်ကပြောသည်။

ကေအိုင်အေ၊ ကေအိုင်အိုကို အမြစ်ဖြတ်နှိမ်နင်းရန် တပ်မတော်ကို တောင်းဆိုသည့် ကြွေးကြော်သံပါသည့် ဇွန်လ ၃ ရက်ဆန္ဒပြပွဲ၏ နောက်ကွယ်တွင် LNDP ရှိသည်ဆိုခြင်းကို လေးမေသာက ငြင်းဆိုသည်။ သို့သော်လည်း ယင်းကြွေးကြော်မှုကို ထောက်ခံသည်လည်းမဟုတ်၊ ရှုတ်ချသည်လည်းမဟုတ်ဟု ၎င်းကဆိုသည်။

“ဒီနဖူးစီးစာတန်းကို ဘယ်သူထုတ်သလဲဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ကျွန်တော်သဘောပေါက်ထားတာက ဒါဟာ ပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်တာ၊ ဒါမှမဟုတ် ညွှန်ပြတာပါ” ဟု၎င်းကပြောသည်။ ဆန္ဒပြပွဲတွင် နဖူးစီးစာများ၌ မြေမြုပ်မိုင်းကြောင့် ခြေပြတ်လက်ပြတ်ဖြစ်နေသူများ၏ ရုပ်ပုံများကိုလည်း သရုပ်ဖော်ခဲ့ပြီး ကေအိုင်အေတို့၏လက်ထဲတွင် သတ်ဖြတ်ခံရခြင်းဟု စွပ်စွဲခဲ့သည်။

ယင်းမှာ ဆန္ဒပြမှုမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းများကြား ဆွပေးသည့်သတ်ဖြတ်မှုသာဖြစ်သည်ဟု ဦးရွှေမင်းက ဆန္ဒပြပွဲတွင် မီဒီယာများသို့ သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ လူမျိုးရေးအရ ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ အဓိက အာရုံစိုက်တာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်ပါ” ဟု၎င်းကပြောသည်။ “ကျွန်တော်တို့ရဲ့ ကြီးမားတဲ့စိုးရိမ်မှုက ကေအိုင်အေရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကနေ လူမျိုးရေးတင်းမာမှုကြောင့် တိုင်းရင်းသားတွေကြား စည်းလုံးမှုပြိုကွဲမှာကိုပါ။ ကျွန်တော်တို့ရဲ့ပစ်မှတ်က ကေအိုင်အေပါ။ ကချင်လူမျိုးစုအုပ်စုတွေ မဟုတ်ပါဘူး” ဟု၎င်းကပြောသည်။

LNDP ၏လှုပ်ရှားမှုကြောင့် ပြဿနာတစ်ခုဖြစ်လာပါက ပါတီက ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု လေးမေးသာက ဆိုသည်။ သို့သော်လည်း လီဆူပြည်သူတွေ ခံစားနေရသည့် ဒုက္ခတွေကို ပြည်သူတွေနားလည်လာလိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။

“ကျွန်တော်တို့ အမှန်တရားကိုတော့ ပြောရမှာပဲ။ ဒီအမှန်တရားကြောင့် ပြဿနာတစ်ခုပေါ်လာရင် ဒီပြဿနာကို ကြောက်ဖို့မလိုဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်လို့မရလို့ပဲ” ဟု၎င်းကပြောသည်။

ဆန္ဒပြပွဲနှင့် ယင်း၏နောက်ကွယ်က နိုင်ငံရေးအင်အားစုများကြောင့် လူ့အသိုင်းအဝိုင်းများကြား သွေးကွဲသွားမည်ကိုမူ ဒန်ဆိုင်းလောန်က စိုးရိမ်နေသည်။ ဒူးလေးပါတီနှင့် လီဆူပြည်သူတွေကို ယေဘုယျအားဖြင့် ရှုပ်ထွေးအောင် မလုပ်သင့်ပါဘူးဟု ၎င်းကပြောသည်။ ထို့အပြင်

“လူတွေရဲ့ ထောက်ခံမှုရဖို့ သွေးထိုးရတာ မခက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ပညာရေးက နိမ့်လို့ပါ။ ခင်ဗျားက တစုံတခုအကြောင်း အမြဲပြောနေမယ်ဆိုရင် ဒါက ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမှာ အသားကျလာမှာပဲ” ဟု၎င်းကပြောသည်။

LNDP က ကေအိုင်အိုသို့ပေးသည့် သတင်းစကားကို  ဂျိန်းဖောတို့အတွက် လီဆူပြည်သူတို့၏ သဘောထားဖော်ပြချက်အဖြစ် မှားယွင်းရှုပ်ထွေးမည်ကို ဦးလာမာလေးက စိုးရိမ်နေသည်။

“ကျွန်တော် လူတွေကို၊ အထူးသဖြင့် လူငယ်တွေကို အမှန်တကယ်နားလည်စေလိုတာက ဒူးလေးပါတီဟာ လီဆူပြည်သူအားလုံးကို ကိုယ်စားမပြုပါဘူး။ ကေအိုင်အိုဟာ ဂျိန်းဖောအားလုံးကို ကိုယ်စားမပြုသလိုပါပဲ။ ပညာမတတ်တဲ့သူတွေရဲ့စိတ်ကို ယိမ်းယိုင်အောင်လုပ်ရတာ သိပ်ကိုလွယ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြစ်ကြီးနား ဇွန် ၃ ရက်ဆန္ဒပြပွဲ၌ ပြသထားသည့် သေဆုံးသူလီဆူးတို့၏ဓာတ်ပုံများကို ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ - အမ်မီလီဖစ်ရှ်ဘိန်း

မြစ်ကြီးနား ဇွန် ၃ ရက်ဆန္ဒပြပွဲ၌ ပြသထားသည့် သေဆုံးသူလီဆူးတို့၏ဓာတ်ပုံများကို ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ – အမ်မီလီဖစ်ရှ်ဘိန်း

ဒီလိုစကားလုံးမျိုးတွေက ငြိမ်းချမ်းရေးကို ပျက်စီးစေနိုင်တယ်

ကေအိုင်အိုသည် အပစ်ရပ်စာချုပ် မထိုးရသေးသည့် အဖွဲ့ထဲတွင်ပါဝင်သည်။ တပ်မတော်သည် ဇန်နဝါရီလကစ၍ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် လေးလကြာ တဘက်သတ်အပစ်အခတ်ရပ်စဲမှုကို ကြေညာထားသည်။ ယင်းနောက် နှစ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နောက်ဆုံးအကြိမ်မှာ သြဂုတ်လကုန်ထိဖြစ်သည်။

ဦးရွှေမင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲတွေ့ဆုံဆွေးနွေးရေးကော်မတီ UPJDC ကဖွဲ့စည်းပေးသည့် လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီတစ်ခု၌ အဖွဲ့ဝင်အဖြစ်မှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော UPJDC ၌ လုပ်ငန်းကော်မတီအသီးသီးမှ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များရှိသည်။ ယင်းကော်မတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် အဓိကအကြောင်း ငါးချက်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ကြီးကြပ်သည်။

၎င်း၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တာဝန်ဝတ္တရားများနှင့် လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် တာဝန်တစ်ခုကို LNDP ၏ဥက္ကဋ္ဌအဖြစ်ဖြင့် ချိန်ညှိနေရပြီး နှစ်ခုစလုံးအတွက် ကြိုးပမ်းနေရကြောင်း ဦးရွှေမင်းက ဇွန် ၃ ရက်ပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

သို့သော်လည်း ကေအိုင်အေကို အမြစ်ဖြတ်ချေမှုန်းရန် တပ်မတော်ကို တောင်းဆိုသည့် ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးအလားအလာများကို ထိခိုက်မည်ကို ဦးလာမာလေးက စိုးရိမ်နေသည်။ လမိုင်းဂွမ်မာသည် အလားတူစာသားများကို ရည်ညွှန်းပြီး ဒီလိုစကားလုံးမျိုးတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျိုးပေါက်နိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

ဆန္ဒပြပွဲအပြီး လူ့အသိုင်းအဝိုင်းနှစ်ခု အထူးသဖြင့်လူငယ်များကြား ဖေ့စ်ဘွတ်တွင် နှစ်ခြမ်းကွဲခြင်းကို ဦးလာမာလေးက ထောက်ပြခဲ့သည်။ “ဂျိန်းဖောနဲ့ လီဆူးတွေ အငြင်းပွားကြတာ လူမှုမီဒီယာပေါ်မှာ အများကြီးတက်နေပါတယ်။ လူငယ်တွေက လက်ရှိနိုင်ငံရေးအကြောင်း သိပ်မသိကြပါဘူး။ ဒါပေမဲ့ သူတို့ကို တဘက်ဘက်က သွေးဆောင်စည်းရုံးရင် ဘုံရပ်တည်ချက်ကိုတွေ့ဖို့ ခက်ခဲပါလိမ့်မယ်” ဟု၎င်းကပြောသည်။

တင်းမာမှုကို ပိုမိုဆိုးဝါးစေသည့် အလားတူဖြစ်ရပ်များ မြန်မာနိုင်ငံ၏ အခြားနေရာများတွင်လည်း ရှိခဲ့ကြောင်း ဒန်ဆိုင်းလောန်က ပြောသည်။

“ဒီက ကချင်ပြည်နယ်မှာ ဖြစ်နေတာက နောက်ထပ်ပုံစံတစ်ခုပါ။ ဒါက စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နောက်ဆုံးမှာ ဘယ်သူတွေက အကျိုးရှိသွားမလဲ။ ဒါက လူတိုင်းသိတဲ့လျှို့ဝှက်ချက်ပါ” ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ပေါ်မှ တိုက်ခိုက်မှုများကို ခွဲခြားသိမြင်ကြစေရန် ဦးရွှေမင်းက ကြိုးစားခဲ့ကြောင်း ဇွန် ၃ က မီဒီယာသို့ ၎င်း၏သုံးသပ်ချက်များတွင် ထည့်သွင်းပြောကြားခဲ့သည်။ “ဖေ့စ်ဘွတ်လို လူမှုမီဒီယာကနေ ကျွန်တော်တို့ကို သွေးခွဲဖို့ ကြိုးစားနေသူတွေရှိပါတယ်” ဟု၎င်းကဆိုသည်။

“ဒီကနေ့ ကျွန်တော်တို့လုပ်နေတာက ကျွန်တော်တို့ကြား သွေးကွဲအောင်လုပ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကေအိုင်အေက လီဆူတွေအပေါ် ကျူးလွန်နေတဲ့ မှားယွင်းလုပ်ဆောင်မှုတွေ၊ ချုပ်နှောင်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ကျွန်တော်တို့မကျေနပ်တာကို ပြသဖို့ပဲဖြစ်ပါတယ်” ဟု၎င်းကဆက်ပြောသည်။

ကေအိုင်အေသည် မြန်မာနိုင်ငံ ကချင်ပြည်သူတွေအတွက် ရည်ရွယ်ချက်ကောင်းတစုံတရာမရှိဘဲ အဖျက်အင်အားစုဖြစ်ကြောင်း ဆန္ဒပြပွဲကို ထောက်ခံသောအားဖြင့် Lisu Association Australia (သြစတြေးလျလီဆူအဖွဲ့)က ဇွန် ၁၅ ရက်က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကို LNDP ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာက မျှဝေခဲ့သည်။

ဖြစ်ရပ်ရဲ့နောက်ကွယ်

တပ်မတော်၏သြဇာလွှမ်းမိုးမှု၊ သို့မဟုတ် ဖိအားကြောင့် လီဆူများက ဆန္ဒပြပွဲကို စီစဉ်ခဲ့သည်ဆိုသည့် ကောလာဟလများကိုမူ လေးမေသာက ငြင်းပယ်ခဲ့သည်။ “ကချင်ပြည်နယ်တဝန်း လီဆူပြည်သူတွေအပေါ် သတ်ဖြတ်တာတွေရပ်ဖို့ ကေအိုင်အေကို တောင်းဆိုဖို့အတွက် ဆန္ဒအလျောက် ဆန္ဒပြပွဲကို လုပ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။

ဆန္ဒပြပွဲနောက်ကွယ်နှင့် တင်းမာမှုဖန်တီးရန် ကြိုးပမ်းသောအားဖြင့် နောက်ဆက်တွဲ လူမှုမီဒီယာတုံ့ပြန်မှု နောက်ကွယ်တွင် ပြင်ပအင်အားစုတစ်ခုရှိနိုင်သည်ဟု ဦးလာမာလေးက ဆိုသည်။

“ဖြစ်ရပ်တွေနောက်ကွယ်မှာ တစုံတယောက်က ပြည်သူတွေကို သွေးခွဲဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအတွင်း ဒီလိုပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိဖန်တီးနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကချင်ပြည်သူတွေ စည်းလုံးတာကို မကြည့်ချင်ကြဘူး။ တကယ်လို့ ဒီလူ့အသိုင်းအဝိုင်းအတွင်း ပဋိပက္ခရှိတယ်ဆိုရင် ရှေ့ဆက်ဖို့ တိုးတက်ဖို့လမ်းမရှိပါဘူး” ဟု၎င်းကပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စွက်ဖက်ဖို့၊ ပဋိပက္ခပြန်ဖြစ်လာရင် အကျိုးအမြတ်ရဖို့၊ ရွေးကောက်ပွဲအနိုင်ရဖို့၊ သွေးကွဲအောင်ဖန်တီးဖို့အတွက် ဖြစ်နိုင်ဖွယ်တွန်းအားပေးမှုတွေ အများကြီးရှိကြောင်းလည်း ဦးလာမာလေးက ပြောသည်။ ၎င်းအတွက် အန္တရာယ်ကင်းရေးအတွက်ဆိုကာ ပြင်ပအင်အားစုက ဘာဖြစ်သည်ကိုမူ ပြောကြားရန် ငြင်းဆိုခဲ့သည်။ နိုင်ငံရေးလက်နက်ကိရိယာတစ်ခုအဖြစ် လူတစ်စုက အခွင့်အရေးယူနေသည်ကို စဉ်းစားသင့်ကြောင်းလည်း ၎င်းကထပ်မံပြောကြားသည်။

“တစုံတယောက်က လူတွေရဲ့ စိတ်ခံစားချက်တွေကို ကစားနေပါတယ်။ စိတ်ဝမ်းကွဲရာကနေ ပြဿနာကြီး တစ်ခုဖြစ်လာအောင်ပါ”ဟု ဒန်ဆိုင်းလောန်ကလည်း အလားတူ သုံးသပ်သည်။ “ဒါက ဂျိန်းဖောနဲ့ လီဆူတွေကြား တကယ့်အားပြိုင်မှုလား၊ ဒါမှမဟုတ် အုပ်စုတွေကြား စိတ်ဝမ်းကွဲမှုကို အားပေးနေတဲ့ တယောက်ယောက်၊ ဒါမှမဟုတ် အုပ်စုတစ်စုလား” ဟု၎င်းကဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေးဖြေရှင်းမှုမှတဆင့် အမျိုးသားရင်ကြားစေ့မှုရရှိခြင်းသည်သာ ပြည်တွင်းပဋိပက္ခနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုကို အဆုံးသတ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း လမိုင်းဂွမ်ဂျာက ပြောသည်။ “မြန်မာနိုင်ငံမှာ အကောင်းဆုံးနဲ့ တခုတည်းသောနည်းလမ်းက ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးရပြီဆိုရင် နောက်ထပ်ကန့်သတ်ဧရိယာတွေ စစ်မြေပြင်တွေ ရှိလာမှာမဟုတ်တော့ဘူး။ လူတိုင်းက ဘယ်နေရာမဆို လွတ်လွတ်လပ်လပ်သွားလာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အမ်မီလီဖစ်ရှ်ဘိန်း

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar