သြင်္ကန်ပိတ်ရက် နှစ်စဉ် ၁၀ ရက်ရရှိရန် အလုပ်သမား ထောင်ပေါင်းများစွာ ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆

သြင်္ကန်ရုံးပိတ်ရက် နှစ်စဉ် ၁၀ ရက်ရရှိရေးအတွက် အလုပ်သမား ၅,၀၀၀ ခန့်က ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“အဓိကတောင်းဆိုချက် နှစ်ချက်ရှိပါတယ်။ သြင်္ကန်ရုံးပိတ်ရက် နှစ်စဉ် ၁၀ ရက်ထားရှိရေးနှင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးရေးဖိုရမ် (National Tripartite Dialogue Forum) အားဖြင့် ဆွေးနွေးနိုင်ရေးတို့ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ CTUM အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင် က Frontier ကို ပြောကြားသည်။

ထိုဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က ဦးဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် အလုပ်သမားများအဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမားများ သမဂ္ဂများအဖွဲချုပ် (BWFM)၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) နှင့် မြန်မာနိုင်ငံ သတ္တုတွင်းအလုပ်သမားများ အဖွဲ့ချုပ် (MWFM) အပါအဝင် အခြားလုပ်ငန်းကဏ္ဍများမှ အလုပ်သမားအဖွဲ့များ ပါဝင်ခဲ့ကြသည်။

၎င်းတို့ တောင်းဆိုခဲ့ကြသည့်အထဲတွင် နှစ်စဉ် သြင်္ကန်ရုံးပိတ်ရက် ၁၀ ရက်ထားရှိရေး၊ အလုပ်သမားများကိစ္စများတွင် အလုပ်သမားများအဖွဲ့ချုပ်များ ပါဝင်ရေး၊ ပြည်တွင်း ရွှေ့ပြောင်း အလုပ်သမားများ နေရပ်ပြန်နိုင်ရေး အပါအဝင် အလုပ်သမားမူဝါဒများ ချမှတ်ရာတွင် အလုပ်သမားများ ပါဝင်ရေးဆွဲနိုင်ရေးတို့ ပါဝင်သည်။ နံနက်ကိုးနာရီခန့်က စတင်သည့် ဆန္ဒပြပွဲတွင် ဆန္ဒပြသူအလုပ်သမားများက ထိုတောင်းဆိုချက် ကြွေးကြော်သံများနှင့်အတူ အလုပ်သမားသမဂ္ဂသီချင်းကိုလည်း သီဆိုခဲ့ကြသည်။

“အလုပ်သမားသမဂ္ဂအားလုံးက registered treaties တွေ တရားဝင် မှတ်ပုံတင်ထားပြီးသားတွေ ဖြစ်တယ်။ ဆိုတော့ consultation process လုပ်ပေးပါလိုပဲ ပြောချင်ပါတယ်” ဟု ဦးမောင်မောင်က ဆက်လက် ပြောကြားသည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar