ရန်ကုန်၊ မတ် ၉
နှစ်စဉ် ဧပြီလအတွင်း ကျရောက်သည့် နှစ်သစ်ကူး သြင်္ကန်ရုံးပိတ်ရက် ၁၀ ရက်ကို ငါးရက်အထိ လျှော့ချပြီး ကျန်ငါးရက်ကို အခြားပွဲတော်အားလပ်ရက်များအဖြစ် အစားထိုးပေးရန် အစိုးရက စီစဉ်လျှက်ရှိခြင်းအပေါ် အမြင်အမျိုးမျိုး ပေါ်ထွက်လာသည်ကို တွေ့ရသည်။
သြင်္ကန်တွင်း ကာလရှည် ရုံးပိတ်ရက်ကြောင့် ဘဏ်များလည်း ရက်ရှည်ပိတ်ရသည့်အတွက် နိုင်ငံတကာနှင့် ဆက်သွယ်ရသည့် ဘဏ်နှင့် ရုံးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်ကာ ကုန်စည်စီးဆင်းမှု နှောင့်နှေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်ရက်အရေအတွက် လျှော့ချရန် အစိုးရက စီစဉ်နေခြင်း ဖြစ်သည်။
ယခုနှစ် ဧပြီလတွင် ရက် ၃၀ ရှိသည့်အနက် အြင်္ကန်နှစ်သစ်ကူးပိတ်ရက် ၁၀ ရက်အပါအဝင် ပိတ်ရက် ၁၈ ရက်အထိရှိမည်ဖြစ်ရာ တစ်နည်းအားဖြင့် အစိုးရရုံးဖွင့်ရက် ၁၂ ရက်သာ ရှိမည်ဖြစ်သည်။
တစ်ရက်လျှင် ရှစ်နာရီ အလုပ်ချိန်ရှိမည့် ရုံးများအတွက် ဧပြီတစ်လလုံးတွင် ၉၆ နာရီသာ အလုပ်လုပ်ချိန်ရှိမည်ဖြစ်ရာ မတ်လနှင့် မေလများတွင်ရှိမည့် ရုံးဖွင့်ရက် ၂၁ ရက်၊ တစ်နည်းအားဖြင့် အလုပ်ချိန် ၁၆၈ နာရီ နှင့် နှိုင်းယှဉ်ပါက များစွာကွာဟလျှက်ရှိသည်ကို တွေ့ရသည်။
လူမှုကွန်ယက်တွင် ယမန်နေ့က စတင်ပျံ့နှံ့နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အစိုးရဝန်ကြီးဌာနများထံ ယခုလ ၈ ရက်နေ့၊ နေ့စွဲဖြင့် ပေးပို့သော အကြောင်းကြားစာတွင် ရုံးပိတ်ရက် ပြင်ဆင်မည့်စီမံချက်နှင့် ပတ်သက်ပြီး ဝန်ထမ်းများထံမှ သဘောထားမှတ်ချက်များ တောင်းခံထားသည်ကို တွေ့ရသည်။
ထိုသို့ နှစ်သစ်ကူးရုံးပိတ်ရက် အရေအတွက် ပြင်ဆင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ထောက်ခံသူနှင့် ကန့်ကွက်သူများအကြား အမြင်အမျိုးမျိုးလည်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။
မူဆယ်မြို့ရှိ ကွန်ပျူတာပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် ကိုမျိုးမင်းဇော်က ဧပြီလ ကာလရှည် ရုံးပိတ်ရက်တွင်မှ သူ၏မွေးရပ်ဖြစ်သည့် ဧရာဝတီတိုင်းသို့ ပြန်ခွင့်ရခြင်းကြောင့် ရုံးပိတ်ရက် လျှော့ချမည့်အစီအစဉ်ကို မလိုလားကြောင်း ပြောကြားသည်။
“ကျွန်တော်က တစ်နှစ်မှ တစ်ခါပဲ ပြန်ရတာ”ဟု ကိုမျိုးမင်းဇော်က ပြောသည်။
သို့သော်လည်း အခြားတစ်ဘက်တွင်မူ ပိတ်ရက်ရှည်ကြောင့် အစိုးရဌာနများ အလုပ်မလုပ်ခြင်းနှင့် ဝန်ထမ်းငှားရမ်းရန် ခက်ခဲခြင်း စသည်တို့ကြောင့် ဧပြီလသည် ရင်းနှီးမြုပ်နှံသူများ လက်ရှောင်ကြသည့် လတစ်လ ဖြစ်သည်။
“နိုင်ငံခြားသားတွေကတော့ ဧပြီတစ်လလုံး အလုပ်လုပ်ရတာ အဆင်မပြေတဲ့အတွက် ရင်းနှီးမြုပ်နှံတဲ့သူတွေကတော့ ဧပြီတစ်လလုံး အလုပ်မလုပ်တာ သေချာတယ်”ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာနေဇော်အောင်က ပြောသည်
အခြားလများနှင့် နှိုင်းယှဉ်ပါက အစိုးရရုံးများ၏ အလုပ်လုပ်ချိန် များစွာ နည်းပါးလွန်းသည့်အတွက် သြင်္ကန်ပိတ်ရက်နှင့် ပတ်သက်ပြီး ပြင်ဆင်ပေးရန် လွှတ်တော်အမတ်များက ဦးသိန်းစိန်အစိုးရလက်ထက်တွင် တောင်းဆိုခဲ့သော်လည်း အစိုးရက ပယ်ချခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်၌ လသာမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးကြည်မြင့်က သြင်္ကန်ရုံးပိတ်ရက်ရှည်ကို အကြောင်းပြုပြီး ဧပြီတစ်လလုံးနီးပါး လုပ်ငန်းများရွှေ့ဆိုင်း နှောင့်နှေးနေမှုများကို ရှောင်ရှားရန်အတွက် ပိတ်ရက်တိုအဖြစ်သာ သတ်မှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် နိုင်ငံ့ဝန်ထမ်းများ တစ်နှစ်တာ အနားယူအပန်းဖြေနိုင်ရန်အတွက် နှစ်သစ်ကူးရက်ရှည် ရုံးပိတ်ရက် သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါအစဉ်အလာအတိုင်း ဆက်လက် ကျင့်သုံးမည်ဟု သမ္မတရုံးဝန်ကြီးဌာန(၂)၊ ဝန်ကြီးဦးစိုးမောင်က ပြည်သူ့လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့ဖူးသည်။
နှစ်စဉ် သြင်္ကန်အကြိုနေ့မတိုင်မီ တစ်ရက်မှ စတင်ကာ ၁၀ ရက်တိတိအား မြန်မာနိုင်ငံ၏ နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် ထိုစဉ်က နိုင်ငံကို အုပ်ချုပ်နေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကြေညာချက်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
သတင်း-ထွန်းခိုင်