သံလွင်ရေအားလျှပ်စစ်စာချုပ်များ ပြန်ညှိနှိုင်းရန် အချိန်တန်ပြီ

မြစ်ဆုံဆည်၏ အနာဂတ်ရေးဆိုင်ရာ သတင်းများက သတင်းခေါင်းစဉ်များတွင် နေရာယူထားသော်လည်း သံလွင်မြစ်ရိုးတလျှောက် တန်းစီ၍ စီမံကိန်းချထားသည့် ဆည်များကိုလည်း ဂရုစိုက်ရန် လိုအပ်ပေသည်။

ဂျူလီယံ ကတ်ချာ နှင့် မက်သူး ဂျေ ဝေါလတန် ရေးသားသည်။

၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ထိုင်းနှင့် မြန်မာအစိုးရခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ပါရှိသော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။  နားလည်မှုစာချွန်လွှာတွင် သံလွင်မြစ်ကြောင်းတလျှောက်ရှိ ရေအားလျှပ်စစ်ဆည် ခုနစ်ခုတည်ဆောက်ရေးကို ဖော်ပြထားသည်။ စီမံကိန်းများမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပမာဏ စုစုပေါင်းမှာ မီဂါဝပ် ၂၂,၀၀၀ ရှိရာ စုစုပေါင်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အလားအလာ၏ ၅၅ ရာခိုင်နှုန်း၊ ယနေ့တပ်ဆင်ထားပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အားပမာဏ၏ ငါးဆနီးပါးရှိသည်။

ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်၏ အနာဂတ်ကို များစွာ အရေးတယူ ရှိကြသော်လည်း သံလွင်မြစ်ရိုးတလျှောက်ရှိ ဆည်များကိစ္စကိုလည်း ထိုမျှလောက်ပင် အရေးတယူရှိရန် လိုပေသည်။ အများစုမှာ ပြည်ပသို့ လျှပ်စစ်စွမ်းအင်ကို ထူးထူးကဲကဲ တင်ပို့နိုင်စွမ်းရှိပြီး ဘက်ထရီအိုးဆည်များ “battery dams” ဟု ခေါ်ဆိုသော ရေအားလျှပ်စစ်ထုတ်ဆည်များဖြစ်သည်။

ထိုင်းနိုင်ငံသို့ တင်ပို့ရန် ဆည်လေးခုနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ဆည်နှစ်ခု ဖြစ်သည်။ (သတ္တမြောက်ဆည်မှ လျှပ်စစ်စွမ်းအား မည်မျှထုတ်လုပ်မည်ကို မသိရသေးပေ။) ဥပမာ ရှမ်းပြည်နယ်ရှိ မိုင်းတုံ Mong Ton ဆည်မှ လျှပ်စစ်ဓာတ်အား ပမာဏ၏ ရာခိုင်နှုန်း ၉၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ရာ အရှေ့တောင်အာရှရှိ အခြားနိုင်ငံများမှ ပြည်ပသို့ တင်ပို့နေကြသော ပမာဏထက်ပင် ပိုမိုသာလွန်ပေသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ ရသောဝင်ငွေမှာ အစိုးရများအတွက် ထူးခြားမှုရှိသော ဝင်ငွေများဖြစ်သည်။ ဥပမာအားဖြင့် ဘူတန်နိုင်ငံအစိုးရ ရရှိသော စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၄၀ မှာ အိန္ဒိယနိုင်ငံသို့ ရေအားလျှပ်စစ်ဓာတ်အား ရောင်းချမှုမှ ရသောဝင်ငွေ ဖြစ်ပြီး လမ်းများ၊ စာသင်ကျောင်းများ၊ သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော ကဏ္ဍများမှတဆင့် နိုင်ငံဖွံ့ဖြိုးရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်သည်။

သို့ရာတွင် ဆည်ဆောက်လုပ်သောနိုင်ငံနှင့် စီမံကိန်းများကြောင့် ထိခိုက်ခံစားရသော အများပြည်သူအတွက် စီမံကိန်းများက အကျိုးပြုနိုင်စေရန် လျှပ်စစ်ဓာတ်အား တင်ပို့မှုအတွက် ပဋိညာဉ်စာချုပ်များ ချုပ်ဆိုရာတွင် အထူးဂရုစိုက်၍ စေ့စပ်ညှိနှိုင်းပေးရန် လိုပေသည်။

သံလွင်ဆည်များဆိုင်ရာ သတင်းအချက်အလက်များအရ ယင်းဆည်များက မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအား ကောင်းစွာ ကိုယ်စားမပြုနိုင်ကြောင်း ပြသလျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာအစိုးရသည် မိုင်းတုံဆည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀၇ သန်း ရမည်ဖြစ်ကြောင်း ဟားဗတ် ကနေဒီ တက္ကသိုလ် Harvard Kennedy School မှ ပညာရှင်တစ်ဦးက ၂၀၁၅ ခုနှစ်၌ ထုတ်ဝေခဲ့သော စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့ရာတွင် ပဋိညာဉ်ဆိုင်ရာ စည်းကမ်းချက်များ ပီပီပြင်ပြင်ရှိမည်ဆိုပါက ရရှိမည့်အကျိုးအမြတ်မှာ နီပေါနှင့် လာအိုနိုင်ငံတို့တွင် ဆောင်ရွက်နေသော စီမံကိန်းများနည်းတူ ရရှိမည်ဆိုပါက ယခုထက် လေးဆလောက်အထိ ပိုမိုရရှိနိုင်သည်။ အချုပ်အားဖြင့် မြန်မာပြည်သူတို့သည် မိုင်းတုံဆည်မှ ထိုက်တန်လောက်သော အကျိုးအမြတ်ကို မရရှိပေ။

typeof=

ပွင့်လင်းမြင်သာမှုအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကတိကဝတ်များ ထားရှိခဲ့သော်လည်း မိုင်းတုံမှတပါး သံလွင်မြစ်တလျှောက်ရှိ ကျန်ဆည်ခြောက်ခုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှု မရှိသလောက်ဖြစ်သည်။ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွင်းရှိ ဆုံးဖြတ်ချက် ပေးနိုင်သူများနှင့် အလွတ်သဘော တွေ့ဆုံမေးမြန်းချက်များအရ ကျန်ရှိသော စီမံကိန်းများ၏ ပဋိညာဉ်ဆိုင်ရာ အကျိုးခံစားခွင့်များမှာ အနည်းငယ်သာရှိကြောင်း သိရသည်။ယင်းပဋိညာဉ်စာချုပ်များကို  ပြန်လည်စေ့စပ် ညှိနှိုင်းရေးမှာ မဖြစ်မနေ လိုအပ်လျက်ရှိသည်။

ယင်းဆွေးနွေးပွဲများကို ဆောင်ရွက်စဉ်ကာလတွင် နေပြည်တော်မှ မူဝါဒရေးဆွဲသူများနှင့် ထိခိုက်ခံစားရသည့် ဒေသခံပြည်သူများ၏ ကိုယ်စားလှယ်များသည် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်း၌ ပါဝင်ဆွေးနွေးလာကြရန် အရေးကြီးပေသည်။ လက်ရှိသဘောတူစာချုပ်တွင် ယင်းအသိုက်အဝန်းများကို အကြီးအကျယ် မျက်ကွယ်ပြုထားသည်။

ဆွေးနွေးပွဲများတွင် ဒေသခံပြည်သူတို့ ပါဝင်ခြင်းသည် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများကို အဓိက အကျိုးခံစားခွင့်ရသူများ ဖြစ်လာစေပြီး ယင်းစီမံကိန်းများ၏ အကျိုးရလဒ်များကို အမျိုးသားအစိုးရထက် ဒေသခံပြည်သူများက ပိုမိုထိရောက်စွာ ခံစားစေနိုင်ရန် အထောက်အကူပေးသည်။ ယင်းစီမံကိန်းများက သူတို့ဒေသနှင့် နေထိုင်မှုဘဝများကို ထိခိုက်စေသည့်အတွက် ထိုသို့ဆောင်ရွက်ပေးမှသာလျှင် တရားမျှတမှု ရှိပေမည်။

မျှဝေရရှိသော အကျိုးကျေးဇူးပိုင်းတွင် ငွေကြေးအကျိုးစီးပွားသာမက လျှပ်စစ်ဓာတ်အားလည်း သိသာထူးခြားသည့် ပမာဏ ဖြစ်ရန်လိုအပ်ပေသည်။ ထို့ပြင် ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့မှုကို မြန်မာနိုင်ငံ၏ ပြည်တွင်းလိုအပ်မှုကို အပြည့်အဝ ဖြည့်ဆည်းပြီးမှသာလျှင် ဆောင်ရွက်ရမည်ဆိုသောအချက်ကို ပြန်လည်ညှိနှိုင်းချုပ်ဆိုသော စာချုပ်တွင် ရှင်းလင်းပြတ်သားစွာ ထည့်သွင်းရမည်။

သံလွင်မြစ်မှ လျှပ်စစ်ဓာတ်အားကို ချက်ချင်းလက်ငင်း၊ (သို့မဟုတ် ယင်းဆည်များ ဆောက်နေသည့် ယခုအချိန်မှ နောင်ခြောက်နှစ်မှ ရှစ်နှစ်အတွင်း) လိုအပ်ဦးမည် မဟုတ်သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် လက်ရှိနှုန်းထားအတိုင်း ဆက်လက်ဖွံ့ဖြိုးလာမည်ဆိုပါက နောင် ၁၅ နှစ်၊ သို့မဟုတ် အနှစ် ၂၀ တွင် အပြောင်းအလဲ ရှိလာနိုင်သည်။

သံလွင်ဆည်များသည် အချိန်မရွေး အန္တရာယ်ပေးနိုင်သော “တွဲလဲဆွဲဓားအောက်မှ စီမံကိန်းများ” Damocles projects ဖြစ်သည်။ ဆည်များနှင့် နီးကပ်သည့်ရွာများရှိ ကျေးရွာသားများ၏ ခေါင်းပေါ်၌ ဓားကို တွဲလဲဆွဲထားသည့်နှယ် အန္တရာယ်ကြီးမားသည့်သဘောဖြစ်သည်။ ကျေးရွာများ ရွှေ့ပြောင်းနေရာချထားမည်ကို ကြောက်ရွံ့နေရမှုဖြစ်သည်။ ယင်းသို့သော “တွဲလဲဆွဲဓားအောက်မှ စီမံကိန်းများ” သည် ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီမှာပင် သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်းအပေါ် ဆိုးကျိုးဂယက်များ လက်တွေ့ကျကျ ဖြစ်ပေါ်စေသည်။

ဥပမာအားဖြင့် ဒေသခံများသည် မကြာမီ ရွှေ့ပြောင်းခံရလိမ့်မည်ဟူသော စိုးရိမ်မှုကြောင့် နေအိမ်၊ စီးပွားရေးလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် အခြားကိစ္စများတွင် ရင်းနှီးမြှုပ်နှံမှုကို လျှော့ချလာကြသည်။ တစ်ချိန်တည်းမှာပင် လုပ်ငန်းများကို ကျီးလန့်စာစား ဆောင်ရွက်နေရသဖြင့် အများပြည်သူတို့မှာ အချိန်ကုန် လူပန်းဖြစ်ကာ စိတ်ဖိစီးမှု မြင့်မားလာသည်ကို တွေ့ရသည်။ ပြန်လည်ညှိနှိုင်းဆောင်ရွက်ချိန်တွင် ဖြစ်ပေါ်သော အဖျက်သဘော ဂယက်ရိုက်ခတ်မှုများအတွက် စီမံကိန်းအဆင့်မှာပင် ကျေးရွာသူ ကျေးရွာသားများအား ငွေကြေးများ ပေးအပ်ရန် စီမံကိန်းရေးဆွဲသူတို့က သဘောတူရမည်ဖြစ်သည်။

မိုင်းတုံဆည် ဆောက်မည့်သူများ စီစဉ်သည့် ရှမ်းပြည်နယ်မှ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆည်ဆောက်လုပ်မှုကို ဆန္ဒပြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျော်ညီစိုး

မိုင်းတုံဆည် ဆောက်မည့်သူများ စီစဉ်သည့် ရှမ်းပြည်နယ်မှ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆည်ဆောက်လုပ်မှုကို ဆန္ဒပြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – ကျော်ညီစိုး

ပြန်လည်စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဂယက်ရိုက်ခတ်မှု အကဲဖြတ်ချက်ကို သံလွင်ဆည် ခုနစ်ခုအနက် တစ်ခုချင်းအလိုက် စေ့စေ့စပ်စပ် ဆောင်ရွက်ရမည်။ ထို့ပြင် စီမံကိန်းများ၏ ဂယက်ရိုက်ခတ်မှုကို ထည့်သွင်းစဉ်းစားသော မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် အကဲဖြတ်ချက်ကို ရေးဆွဲရာတွင် မြစ်ဝှမ်းလွင်ပြင်၏ အနေအထားရှုထောင့်မှပါကြည့်၍ ဆောင်ရွက်ရန် များစွာလိုအပ်သည်။

စီမံကိန်းများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ပြင်းထန်လွန်းပါက ယင်းလေ့လာအကဲဖြတ်ချက်မှ ရရှိသော ရလဒ်များအပေါ်တွင် အခြေခံလျက် ယင်းစီမံကိန်းများအနက် အများအပြားကို စွန့်လွှတ်ရမည်ဖြစ်သည်။ ရေအားလျှပ်စစ် စီမံကိန်းကြီးများက မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို သက်သာစေသည်ထက် ပိုမိုကြီးထွားလာစေလိမ့်မည်ဟူသော စိုးရိမ်ထိတ်လန့်မှုများကို မူဝါဒရေးဆွဲသူများက ထိခိုက်ခံပြည်သူများ၏ အမြင်ရှုထောင့်မှ လေးလေးနက်နက် စဉ်းစားရန်လိုသည်။

ပြန်လည်စေ့စပ် ညှိနှိုင်းယူမှုမှန်သမျှသည် အချိန်ကြာတတ်သည်မှာ သေချာလှသည်။ သို့သော် ယခုတစ်ကြိမ်တွင် ရင်းနှီးမြှုပ်နှံသည့်အခါ ယခုစီမံကိန်းများထံမှ မြန်မာပြည်သူလူထုက တရားမျှတသော အကျိုးအမြတ် အသေအချာ ရရှိအောင်ဆောင်ရွက်ရန်လိုသည်။ သံလွင်မြစ်ရှိ စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းများကို ကျေနပ်စေရုံသာမက ပထမဦးဆုံးအားဖြင့် ယင်းစီမံကိန်းများထံမှ မြန်မာပြည်သူလူထုက အကျိုးခံစားခွင့် ရှိစေရန်လည်းလိုသည်။

အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပဋိညာဉ်စာချုပ်များကို ပြန်လည်ညှိနှိုင်းရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း ထူးထူးကဲကဲ ပြောင်းလဲသော အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ ဖွံ့ဖြိုးလာသော မြန်မာနိုင်ငံ၏ မြားမြောင်လှသော ရေအားလျှပ်စစ် အရင်းအမြစ်များသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့သည်။

သို့သော်လည်း သံလွင်ဆည်များနှင့်သက်ဆိုင်သော အခွင့်အလမ်းများကို ထိရောက်စွာ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းစီမံကိန်းများကို ပြန်လည်စေ့စပ် ညှိနှိုင်းရေးကိစ္စမှာ သတ်မှတ်ရက်ထက် ကျော်လွန်နေပြီဖြစ်ရာ ယင်းတို့ကို အနှစ်နှစ်ဆယ်မြောက် အခမ်းအနားအဖြစ် ပြန်လည် စေ့စပ်ညှိနှိုင်းရေးမှာ တကယ့်အခွင့်အလမ်း တစ်ခုဖြစ်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar