ရန်ကုန်၊ ဧပြီ ၂၂
သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသက် ၂၇ နှစ်အရွယ် ဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဟုဆိုသူ အမျိုးသားတစ်ဦးကို ယနေ့ထပ်မံဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေသည့် ဝေယံဟိန်း၏ ရုပ်အလောင်းကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဈေးလမ်းတွင် ဖွင့်လှစ်ထားသည့် သံမဏိနှင်းဆီဂျာနယ်တိုက်ရုံးခန်းတွင် ဧပြီ ၁၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
၎င်းအသတ်ခံရမှုမှာ ဂျာနယ်တွင် ဖော်ပြခဲ့သော ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းများနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများကြောင့် ဖြစ်နိုင်ကြောင်း ပြင်ပတွင် မှန်းဆပြောဆိုမှုများ ပေါ်ထွက်ခဲ့သလို ပြည်ပမှ သတင်း မီဒီယာဆိုင်ရာ အဖွဲ့အစည်းများကလည်း တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရန် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြသည်။
သို့သော် ၎င်းအသတ်ခံရမှုမှာ လူမှုရေးကိစ္စကြောင့်သာဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသူ ဝေယံဟိန်းမှာ ၎င်း၏ဇနီးဖြစ်သူနှင့် လူမှုရေးဆက်နွယ်မှုရှိသည်ဟု သိရှိခဲ့ရပြီးနောက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သင်္ဘောသားတစ်ဦးဖြစ်သူ အောင်ကိုကိုက ဝန်ခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျာနယ်တိုက်ရုံးခန်းသို့ ဧပြီ ၁၄ ရက်နေ့က သွားရောက်ခဲ့ချိန်တွင် ဝေယံဟိန်းနှင့် စကားများကာ စားပွဲပေါ်တွင်ရှိသည့် ဓားဦးချွန်ဖြင့် ၁၄၊ ၁၅ ချက်ခန့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဧပြီ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် အောင်ကိုကိုက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
လူသတ်မှုဖြစ်ပွားပြီးနောက် ပြင်ဦးလွင်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် အောင်ကိုကိုနှင့် ဇနီးဖြစ်သူအား ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အောင်ကိုကိုအား ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်စဉ်က ၎င်း၏ သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင်(ခေါ်) ဘုရားပွဲ(ခေါ်) ဖြိုးသော်လည်း အတူပါဝင်ခဲ့ကြောင်း ထပ်မံထွက်ဆိုခဲ့သဖြင့် ပြည့်သူနိုင်(ခေါ်) ဘုရားပွဲ(ခေါ်) ဖြိုးသော်အား ဧပြီ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရဲလုပ်ငန်းများကို ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။