ရန်ကုန်၊ မတ် ၁၃
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနှင့်ပတ်သတ်ပြီး သေဒဏ်ပေးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို လွှတ်ပေးရန်အတွက် ယနေ့မွန်းလွဲပိုင်းက သံဃာနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။
သေဒဏ်ကျ မြန်မာနှစ်ဦး လွှတ်မြောက်ရေးအတွက် အစဉ်တစိုက် တောင်းဆိုနေကြသည့် မြန်မာ အမျိုးသားရေး လှုပ်ရှားသူများဟု မီဒီယာတစ်ချို့နှင့် ၎င်းတို့ကိုယ်၎င်း ခေါ်ဝေါ်ကြသူအချို့က ထိုင်းသံရုံးရှေ့တွင် ဖိအားပေးတောင်းဆိုမှု အရှိန်မြှင့်မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ကြိုတင်ကြေညာထားသည့်အတိုင်း ဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
သံဃာနှင့် လူပုဂ္ဂိုလ် ၃၀ ခန့်က ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းရှိ ထိုင်းသံရုံးရှေ့ဝင်ပေါက်တွင် ထိုင်ခုံများ ချခင်းခဲ့ပြီး မြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဗုဒ္ဒဘာသာ ထုံးတန်းအစဉ်အလာအတိုင်း မေတ္တာပို့ ဆုတောင်း ပရိတ်ရွတ်ခြင်းကို ပြုလုပ်ခဲ့ကြသည်။
မွန်းလွဲ ၁ နာရီခွဲခန့်က စတင်ပြီး တစ်နာရီခန့်ကြာသည့် ပိတ်ဆို့ ဆန္ဒပြခဲ့ပွဲကြောင့် သံရုံးရှေ့နှင့် အဝင်အထွက် လမ်းများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ခဲ့ပြီး ဗီဇာလာရောက် လျှောက်ထားမှုကိုလည်း နာရီအနည်းငယ်ကြာ ကန့်သတ်ခဲ့သည်။
ဆန္ဒပြသူများက ထိုင်းဘုရင်ထံ ဦးတည်တောင်းဆိုမှု ပြုလုပ်ခဲ့ကြပြီး သေဒဏ်ကျ မြန်မာလုပ်သားနှစ်ဦးသည် အပြစ်ကင်းစင်သူများဖြစ်ကြောင်းလည်း အော်ဟစ်ခဲ့ကြသည်။
လူသတ်မှုနှင့် အဓမ္မပြုကျင့်မှုများအပါအဝင် အခြားအမှုများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက စတင်ကာ ထိန်းသိမ်းခံထားရသည့် မြန်မာလုပ်သားနှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ချမှတ်ထားသည့် သေဒဏ်အမိန့်ကို အောက်တရားရုံးက ယခုလအစောပိုင်းတွင် ပယ်ချခဲ့ပြီးနောက် အဆင့်မြင့်တရားရုံးတွင် အယူခံဝင်ရန် ၎င်းတို့၏ ရှေ့နေများက ပြင်ဆင်လျှက်ရှိသည်။
အယူခံကို အဆင့်မြင့်တရားရုံးက ထပ်မံပယ်ချခဲ့ပါက ထိုင်းနိုင်ငံဘုရင်ထံ အသနားခံစာ တင်ပြရန်သာ ကျန်ရှိတော့သည်။
သတင်း-ထွန်းခိုင်
ထိုင်းသံရုံးရှေ့တွင် ပိတ်ဆို့ဆန္ဒပြရန် ပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
ထိုင်းသံရုံးရှေ့တွင် ရဲတပ်ဖွဲ့က လုံခြုံရေးစောင့်ကြပ်နေစဉ်။ ဓာတ်ပုံ-တေဇလှိုင်