သေဆုံးနေတဲ့ နိုင်ငံခြားသားတစ်ဦးကို ရန်ကုန်မြို့လယ်က တိုက်ခန်းတစ်ခုမှာ တွေ့ရှိပြီးနောက် သူနဲ့အတူ အရက်အတူတူ သောက်ခဲ့ကြတယ်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် ဗြိတိန်ကျောင်းဆရာတစ်ဦးကို လိုက်လံရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက နိုဝင်ဘာ ၆ ရက်နေ့က အေအက်ဖ်ပီကို ပြောကြားပါတယ်။
အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူဟာ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ခေါင်းနဲ့ ရင်ဘတ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
သေဆုံးသူရဲ့ ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားချက်အရ သေဆုံးသူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့နှစ်ဦးဟာ သောကြာနေ့ညက အတူတူ သောက်စားခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့ နံနက်မှာတော့ သူ့ခင်ပွန်းဖြစ်သူနဲ့ အဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ အလောင်းကို အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ ရန်ကုန်မြို့လယ်က တိုက်ခန်းမှာ တွေ့ရှိခဲ့တယ်ဆိုပြီး ဇနီးဖြစ်သူက အာဏာပိုင်တွေထံကို တနင်္ဂနွေနေ့မှာ အကြောင်းကြားခဲ့ပါတယ်။
“သေဆုံးသူနဲ့ နောက်တစ်ယောက်နဲ့က Horizon International School က ကျောင်းဆရာတွေဖြစ်ကြပြီးတော့ သူတို့နှစ်ယောက်က သူငယ်ချင်းတွေလဲ ဖြစ်ကြပါတယ်” လို့ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားပါတယ်။
လွတ်မြောက်နေတဲ့ အသက် ၂၅ နှစ်ရှိ ဗြိတိန်နိုင်ငံသားကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေတယ်လို့လည်း အေအက်ဖ်ပီက ရေးသားထားပါတယ်။
ပြည်တွင်းသတင်းအချို့ရဲ့ အဆိုအရတော့ အလောင်းကိုတွေ့ရှိခဲ့တဲ့ ရန်ကုန်မြို့၊ ၃၉ လမ်းအလယ်ဘလောက်က တိုက်ခန်းမှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသားဟာ ပြည်ပကို စနေနေ့ ညနေပိုင်းက ထွက်ခွာသွားတယ်ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဦးလုံးဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြတယ်လို့ ပြောကြားပြီး ဖြစ်စဉ်နဲ့ ပတ်သက်ကာ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းစုံစမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။