နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပြည်သူ့လွှတ်တော်၏ အရေးပါသော ကော်မရှင်တွင် လွှတ်တော်လုပ်ငန်းနှင့် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သည့် သူရဦးရွှေမန်းကို ဦးဆောင်စေကာလွှတ်တော်ကိုယ်စားလှယ်ဟောင်းများအား ထည့်သွင်း ဖွဲ့စည်းလိုက်ခြင်းမှာ လူမှန်နေရာမှန်ဖြင့် ကောင်းစွာ အသုံးချလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းအား ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ယနေ့ခန့်အပ်ခဲ့ပြီး ကိုယ်စားလှယ်ဟောင်း ၁၀ ဦးကိုလည်း အဖွဲ့ဝင်များအဖြစ် ခန့်အပ်လိုက်သည်။ အရေးကြီးလှသည့် အစိုးရ ဘတ်ဂျက် ဥပဒေ၊ စီမံကိန်းဥပဒေများအပါအဝင် ဥပဒေပြုလုပ်ငန်းများ အတွက် အကြံဉာဏ်နှင့် အထောက်အကူများ ပေးရသည့် အဆိုပါ ကော်မရှင်ကို အဖွဲ့ဝင် ၂၃ ဦး ဖြင့် ဖွဲ့စည်းလိုက်ရာ ပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် သူရဦးရွှေမန်း၊ ဦးမောင်တိုး၊ ဦးကြည်သာ၊ ဦးအေးမောက်၊ ဦးသိန်းလွင်၊ ဦးတင်မောင်ဦး၊ ဦးဝင်းသန်း၊ ဦးစောလှထွန်း၊ ဒေါက်တာ စိုးမိုးအောင်၊ ဦးစိုးရယ်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်ဟောင်း ဦးဇော်မြင့်ဖေတို့လည်း ပါဝင်လာသည်။
ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်တိုးက “အခုလို တိုင်းပြည်တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အခုလို ပြည်ခိုင်ဖြိုးပါတီဝင် အမတ်ဟောင်းတွေကို ခန့်အပ်တယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ အခုကော်မရှင်မှာ အရင် ကော်မရှင် အဟောင်းက ဥပဒေပညာရှင်တွေလည်း ပါပါတယ်။ နောက်ထပ် အားဖြည့်ဖို့ ထပ်ခေါ်ဦးမယ် လို့ ထင်ပါတယ်” ဟု Frontier ကို ပြောကြားသည်။
ယခုကဲ့သို့ လွှတ်တော်၏ အရေးပါသော ကော်မရှင်တွင် တာဝန်ထမ်းဆောင်ရန် ပါတီ၏ ခွင့်ပြုချက် တောင်းခံထားခြင်း မရှိသေးသော်လည်း ပါတီက ကန့်ကွက်မည်မထင်ဟု ၎င်းကပြောသည်။
“ပါတီက ဒါကို ကန့်ကွက်လိမ့်မယ်လို့တော့ မထင်ပါဘူး။ တကယ်လို့ ကန့်ကွက်လာရင်လည်း ဒါက ကျွန်တော် လုပ်ချင်တဲ့ အလုပ်ဖြစ်တော့ ပါတီကနေ နုတ်ထွက်ပြီး ဆက်လုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။
အဆိုပါ ကော်မတီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကိုနိုင်က ဒုတိယ ဥက္ကဋ္ဌနှင့် ဦးခင်မောင်ထွန်း၊ ဦးကြင်ဖေ၊ ဦးခင်မောင်တင်၊ ဦးတင်ဝင်း၊ ဦးအောင်မြင့်ထွန်း၊ ဒေါ်သန်းသန်းရီ၊ ဦးကျော်သန်း၊ ဦးအေးဟန်၊ ဦးအောင်မြင်၊ ဦးစံရွှေအောင်၊ ဦးခင်မောင်ဦး စသည့် အငြိမ်းစား ဥပဒေပညာရှင်များလည်း ပါဝင်သည်။
ယနေ့ပြည်သူ့လွှတ်တော့်အစည်းအဝေးတွင် လွှတ်တော်၏ အမြဲတမ်းကော်မတီ (Standing committee) နှစ်ခု ဖြစ်သည့် လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကိုလည်း အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ၎င်း၏ သက်တမ်းအတိုင်း တည်ရှိကြမည့် အမြဲတမ်း ကော်မတီလေးခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
သတင်း- စိုးသန်းလင်း