အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်မည့် သုံးနိုင်ငံဖြတ် အဝေးပြေးလမ်းမကြီး၏ အရေးပါမှုကို မီးမောင်းထိုးပြရန်အတွက် မော်တော်ယာဉ် အစီး ၂၀ ပါဝင်သည့် ယာဉ်တန်းသည် ရန်ကုန်မြို့ကို ဖြတ်ကျော်ကာ ဘန်ကောက်မြို့အထိ သွားရောက်ရန် နယူးဒေလီမှ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ထွက်ခွာလာပြီဖြစ်သည်။
အိန္ဒိယနှင့် ထိုင်းမြို့တော်များအကြား ချစ်ကြည်ရေးအဖြစ် ကျင်းပသည့် အဆိုပါ ကားမောင်းပွဲသည် ၅,၇၂၂ ရှည်လျားမည်ဖြစ်ကာ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၂ ရက်နေ့၌ ပြီးဆုံးရန် စီစဉ်ထားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံထုတ် မော်တော်ယာဉ်များသာပါဝင်သည့် ယာဉ်တန်းတွင် နိုင်ငံသုံးနိုင်ငံမှ ပါဝင်ဆင်နွှဲသူ ၈၀ ခန့် ပါဝင်လာပြီး မြန်မာနိုင်ငံတွင်းသို့ တမူးမြို့မှ ဝင်ရောက်မည်ဖြစ်ကာ ပုဂံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်သည်။
နယူးဒေလီမှ မြန်မာနိုင်ငံ နယ်စပ်အထိ မောင်းနှင်လာမည့် လမ်းကြောင်းတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာကိုလည်း ဖြတ်ကျော်လာမည် ဖြစ်သည်။
အဆိုပါ မော်တော်ယာဉ်တန်းကို အိန္ဒိယနိုင်ငံ ပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများ ဝန်ကြီး Mr Mansukh L. Mandaviya က စတင်တာလွှတ်ပေးခဲ့သည်။ ၎င်းက သုံးနိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးမှု၊ ပို့ဆောင်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်နွယ်မှုများ၏ အရေးပါမှုကို ပြောကြားခဲ့သည်။
မော်တော်ယာဉ်မောင်းနှင်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ နယူးဒေလီမှ ဘန်ကောက်မြို့သို့ ဆက်သွယ်ထားသော ရာသီမရွေး သွားလာနိုင်သည့် လမ်းမကြီးတစ်ခု မကြာမီ ပေါ်ထွန်းလာတော့မည်ကို နားလည်သဘောပေါက်စေရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ ANI သတင်းဌာနက ရေးသားထားသည်။
အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မဏိပူရပြည်နယ်မြို့တော် အင်ဖာမှ တမူး၊ မန္တလေးနှင့် ပုဂံမြို့များကို ဖြတ်ကျော်ကာ နေပြည်တော်အကြားလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် အိန္ဒိယက စတင် စမ်းသပ်ပြေးဆွဲခဲ့သည်။
ပြီးခဲ့သည့် မေနှင့် ဇွန်လများကလည်း မြန်မာနိုင်ငံကို ဖြတ်ကျော်ကာ အိန္ဒိယမှ ထိုင်းနိုင်ငံအထိ မော်တော်ယာဉ်တန်းများ မောင်းနှင်ခဲ့ပြီး မော်တော်ယာဉ် ၁၂ စီးစီ ပါဝင်ခဲ့သည်။